Tuesday, May 22, 2012

အောင်ဆန်းနော် ဗိုလ်ချုပ်နော် တေဇနော် (ဗိုလ်ချုပ်အောင်ဆန်း)




အောင်ဆန်းနော် ဗိုလ်ချုပ်နော် တေဇနော် (ဗိုလ်ချုပ်အောင်ဆန်း)



မြန်မာနိုင်ငံသမိုင်းတွင် မည်သည့်အခါတွင်မှ နာမည်ကွယ်ပျောက်နိုင်မည် မဟုတ်သော ပုဂ္ဂိုလ်တစ်ဦး၏ ဂုဏ်ပုဒ်တို့ကို ဖော်ထုတ် ချီးကျုးခြင်းသည် ယင်းပုဂ္ဂိုလ် အဖို့များစွာထူးခြားလှမည်မဟုတ်ပါချေ။ သို့သော် သူ့စွမ်းဆောင်ချက် ၊ သူ့ အရည်အသွေးတို့ကို မိမိမြင်ရာရှုထောင့်မှ သုံးသပ်ဆင်ခြင်သည့်အခါတွင်ကား မိမိ၏ဇာတိမြေကို ပိုမိုနားလည်လာသော အကျိုးကျေးဇူးကို ရရှိလေသည်။

ဤဇာတိမြေမှ မွေးဖွားပေးလိုက်သော အာဇာနည်သားကောင်းတို့၏ ထူးကဲသောစွမ်းရည်ကိုလည်း သိမြင်လာ၏။ သည်အခါ မိမိကိုယ်တိုင်ပင် တစ်မဟုတ်ချင်း ခွန်အား၊ ဉာဏ်အား တိုးပွားလာသည်ဟုပင်ထင်မှတ်မိတော့သည်။ ဤသို့ဖြင့် ဗိုလ်ချုပ်အောင်ဆန်းကဲ့သို့ သော မျိုးချစ်ပုဂ္ဂိုလ်တို့သည် ကွယ်လွန်ပြီးသည်၏ နောက်ပိုင်းမှာပင် နိုင်ငံနှင့် လူမျိုး၏အကျိုးကို ဖြည့်စွမ်းလျှက်ရှိနေတော့၏။

(အောင်ဆန်း = ချာချီ + ဝယ်လင်တန် ... ဗမိုး)


အောင်ဆန်းနော်
ဗိုလ်ချုပ်နော်
တေဇနော်
ဗိုလ်ချုပ်အောင်ဆန်း ရုပ်ပုံလွှာကောက်ကြောင်း
ဆောင်းပါးစာစုများ
တိုးမြစ်စာအုပ်တိုက်
Burmese revolutionary and stateman
General Aung San (1915- 1947)

ကျွန်တော်သိသော သခင်အောင်ဆန်း . . .
ဗိုလ်ခွန်ဖြူ

အချိန်မှာ အင်္ဂလိပ်ခေတ်မပျက်မီ ၁၉၄၀ ခုနှစ် ၊ဖေဖော်ဝါရီလ အတွင်းဖြစ်သည်။ ရန်ကုန်မြို့ရှိ ရပ်ကွက်အချို့တွင် ကျောက်ရောဂါ ဖြစ်ပွားနေသဖြင့် ကျန်းမာရေးဋ္ဌာနမှ ကျောက်ကြီးရောဂါ ကာကွယ်ဆေး ကို ကျောင်းအသီးသီးရှိ ကျောင်းသူကျောင်းသား များအား အလျှင်အမြန် ထိုးပေးနေရသော အခါလည်း ဖြစ်သည်။

ကျွန်တော်သည် ထိုအချိန်၌ ရန်ကုန်မြို့ ဆရာအဖြစ်သင်ကောလိပ် ပြည်လမ်းတွင် ဆ၇ာလောင်း အဖြစ် သင်ကြားနေဆဲ ဖြစ်သည့်အလျောက် ဆရာ ဆရာမ လောင်းအားလုံး ကျောက်ဆေးထိုးပြီးကြလင့် ကစား ကျွန်တော်တစ်ယောက်မှာမူ ကံမကောင်း အကြောင်းမလှ သဖြင့် ကျောက်ဆေးထိုးသည့်ကြားမှ Chicken pox ခေါ် ရေကျောက်ရောဂါ ရုတ်တရက် ကပ်ရောက်လာပါတော့သည်။

ကျွန်တော့် တကိုယ်လုံးမှာလည်း ရောဂါအရှိန်ဖြင့် ဖျားသကဲ့သို့ ပူနွေးလျှက်ရှိနေသည် ဖြစ်၇ာ ကျောင်းမှ အာဏာပိုင်များက ရောဂါပြန့်ပွားကူးစက်မည် စိုးသောကြောင့် ယခု အောင်ဆန်းကွင်း အရှေ့ မြောက်ဘက် ကပ်လျှက်ရှိ C.D.H ခေါ် ကူးစက်တတ်သော ရောဂါကုဆေးရုံသို့ သူနာတင်ကား နှင့် ချက်ချင်း ပို့လေတော့သည်။

ထိုအခါက ထိုဆေးရုံရှိ အခန်းအမှတ် ၂ -မှာ ကျောက်ရောဂါသည်များ သက်သက်ထားသော အခန်းဖြစ် သည့်အားလျော်စွာ ကျွန်တော့်ကို ဆိုင်ရာမှ ထိုအခန်းရှိ လစ်လပ်နေသော ခုတင်တစ်လုံးပေါ် သို့ ပို့လိုက်ပါသည်။ ကျွန်တော်လည်း အပူရှိန်ရှိနေသေးသဖြင့် ကိုယ်လက် မအီမသာဖြစ်ကာ စောင်ကို ခေါင်းမြီးခြုံကာ မှိန်းနေရပါသည်။

ထိုအချိန်၌ပင် ကျွန်တော်၏ ဘယ်ဘက်ဘေး ကုတင်တစ်လုံးပေါ်မှ လူတစ်ယောက်သည် `` ဝေဝေစီစီ ရွှေငွေအလီလီ သာကီ ဇာနည် မင်းလုပ်ခဲ့ တဲ့နေပြည် ``အစရှိသော အေဝမ်းရုပ်ရှင် ကုမ္ပဏီမှ ရွှေညာမောင် စပ်ဆိုထားသည့် ``ခေတ်စမ်းချိန်``သီချင်းကို ဂီတမဆန် ကာရံမညီ ဆောင့်ကြီး အောင့်ကြီး နှင့် အားပါးတရ ဟစ်အော်သီဆိုနေရာ ကျွန်တော့မှာ အလန့်တကြားဖြင့် ခြုံထားသောစောင် ကို ရုတ်တရက် ပင့်ကာ ကြည့်လိုက်မိပါသည်။ မြင်ရပုံကား အသက် အစိတ်ခန့်ရှိ လူတစ်ယောက်သည် ခုတင်ပေါ်တွင် ဘယ်ဘက်ဒူးကို ထောင်ထားလျှက် ညာဘက်ခြေထောက်က ထောင်ထားသော ဒူးပေါ်တွင် ပြန်ချိတ်ကာ အဆိုပါ နိုင်ငံရေးနှင့် စပ်ဆိုင်သော သီချင်းကို လွတ်လပ်စွာ အော်ဆိုနေခြင်းပင် ဖြစ်သတည်း။ ထို့ကြောင့်လည်း ဘေးက လူနာ အားလုံးမှာ သူ့အား အထူးအဆန်း အရူးအနှမ်းသဖွယ် စိုက်၍ကြည့်နေကြ သည်။ သို့သော် မည်သူ့ကိုမျှ ဂရုစိုက်ပုံမရ။

ကျွန်တော့မှာလည်း သူ့အား အကဲခတ်ကြည့်ရင်းမှပင် ဤပုဂ္ဂိုလ်သည် စိတ်မနှံ့သူတစ်ယောက် ဖြစ်နေမည်လောဟု သံသယဖြစ်နေသည်။ ထိုအတောအတွင်း သူသည် သီချင်း၏ နောက်ဆုံးအပိုဒ်ဖြစ်သော ``အမျိုးသားတွေ နိုးကြားလာကြသည်-- ကြိုးစားလာကြသည်--ကူညီညာဝိုင်း -တို့တိုင်းတို့ပြည်--တို့တိုင်း တို့ပြည် သာယာပေတော့မည်--``စသည် တို့ကို ``လှေကားအဆင်း လင်ကွင်းလွတ်ကျသော အသံ``မျိုး ဖြင့် သူတစ်ဦးတည်း အရသာခံကာ မြိန်ရည်ယှက်ရည် သီဆို၍ ရပ်ဆိုင်းလေတော့သည်။ ကျွန်တော် မှတ်မိ သလောက်မှာ ၎င်းသီချင်းသည် နိုင်ငံရေး သီချင်းဖြစ်၍ အင်္ဂလိပ်အစိုးရက ပိတ်ပင်ထားသော သီချင်းများ အနက် တစ်ပုဒ်အပါအဝင်ဖြစ်ပေသည်။

သို့နှင့် ကျွန်တော်လည်း သူ့အား စိတ်မနှံ့သူဟု ယူဆထားသည့်အလျှောက် ဂရုမစိုက်တော့ဘဲ မျက်စိကို ဇွတ်မှိတ်၍ တရေးတမော အိပ်လိုက်ပါသည်။ တရေးနိုးပြီးချိန် ညနေ ၅-နာရီခန့်တွင် အဖျားမရှိသူများကို ဆေးရုံမှ ထမင်းကျွေးပြီး အပူရှိန်ရှိသူ ကျွန်တော့ကိုမူ ကာဖီနှင့် ပေါင်မုန့်တစ်ချပ် လာပေးပါသည်။ ထိုသို့ စားသောက်ပြီးသောအခါ ဘန်ဂါလီ ကုလားတစ်ယောက်သည် အပြင်မှရောက်လာ ကာ စိတ်မနှံ့သူဟု ထင်ရသော စောစောက ပုဂ္ဂိုလ်နှင့် အင်္ဂလိပ်လို နိုင်ငံရေးဆွေးနွေးနေသံကို ကြားရလျှင် ကျွန်တော်လည်း ထိုပုဂ္ဂိုလ်အား စိတ်မနှံ့သူဟု ယူဆထားရာမှ သံသယဖြစ်လာ၏။ သူတို့နှစ်ဦး တစ်နာရီခန့် ဆွေးနွေးပြီးနောက် ဘန်ဂါလီကုလားလည်း ဆေးရုံမှ ပြန်ထွက်သွားလေသည်။

ထိုအခါ စိတ်မနှံ့သူဟုထင်၇သော ပုဂ္ဂိုလ်မှာ စာအုပ်တစ်အုပ်ကို ကောက်ကိုင်လျှက် ဆေးပြင်းလိပ် သောက်ရင်း စာဖတ်နေသည်။ သူ့ကြည့်ရပုံမှာ သပ်သပ်ရပ်ရပ် နေတတ်ဟန်မရှိ။ မညှပ်ရသေးသော ဆံပင် ရှည်များကို လည်းဖြီးလိမ်းမထား ။ စားပွဲပေါ်၌တင်ထားသော ပစ္စည်းများမှာ ဖရိုဖရဲဖြင့် ပြန့်ကျဲလျှက်ရှိနေ သည်။ စာအုပ်များမှာ အချို့မှောက်လျှက် အချို့လှန်လျှက် အချို့မှာ စားပွဲပေါ်တွင် စုပုံလျှက်ရှိသည်။ ချွတ်ထားသော ခုံဖိနပ်မှာ ခြေရင်းတွင် တစ်ဖက် တွေ့ရပြီး အခြားတစ်ဖက်မှာ စားပွဲအနီးတွင်မြင်ရသည်။ ဆေးရုံမှ ပေးထားသော အင်္ကျီကျားနှင့် ဘောင်းဘီကျားတို့သည် ဖားရားဖားရား ဖြစ်နေသည့်အပြင် ဝတ်ထားပုံမှာလည်း ကပိုကရိုရှိလှသည်။

ည ၈-နာရီအချိန်လောက်ကစပြီး ကျွန်တော်အိပ်လိုက်သည်။ တရေးနိုးချိန် ၁၁-နာရီခန့်တွင် ဆေးရုံမှ မြန်မာအမျိုးသား လက်ထောက် ဆရာဝန်တစ်ဦးနှင့် အဆိုပါ ပုဂ္ဂိုလ်တို့ နိုင်ငံရေး ဆွေးနွေးနေသံများကို ကြားရပြန်သည်။ ထို့နောက် ဆရာဝန်လည်း ဘယ်အချိန်က ထွက်သွားသည်မသိ ။ကျွန်တော်လည်း ထပ်မံ အိပ်လိုက်ပြန်လေသည်။



နောက်တစ်ရက် နေ့လည်အချိန်လောက်တွင် အသက် ၁၄-နှစ် ခန့်ရှိ ပန်ချာပီ ကုလားလေးတစ် ယောက် ရေကျောက်ရောဂါဖြင့် ကျွန်တော်တို့နေသော အခန်းသို့ရောက်လာသည်။ ၎င်းကုလားလေး မှတစ်ပါး တခန်းလုံးရှိ အားလုံးသော လူနာများမှာ လူကြီးများသာဖြစ်သည်။



ထိုကပိုကရို ပုဂ္ဂိုလ်သည် တခန်းလုံးရှိ လူကြီးများကို မည်သူ့အားမျှ စကားမပြောဘဲနေခဲ့ရာက အဆိုပါ ကုလားကလေးကို မှ စတင်၍ ``မင်းကျောင်းနေသလား`` ဟုမေးသံကို ကြားရသည်။ကုလားလေး ကနေကြောင်း ၈-တန်းရောက်နေပြီဖြစ်ကြောင်းပြန်ပြောသောအခါ--



ကပိုကရို ပုဂ္ဂိုလ်က --



``မင်း ၁၀-တန်းအောင်ရင် ဘာလုပ်မလဲ``



``ကျွန်တော် ၁၀-တန်းအောင်ပြီးရင် အစိုးရလခစား လုပ်မယ်``



``မင်း အဖေ ဘာလုပ်သလဲ``



``ကျနော့အဖေ ဈေးဆိုင်ဖွင့်ထားပါတယ်``



``မင်းအဖေ လို ဈေးရောင်းပါလားကွ လခစားအလုပ်ကို ဘာလို့ လုပ်ချင်တာလဲ``





``လခစား အလုပ်က စတိုင်ကျတယ် လူအများက ဂရုစိုက်တယ်ခင်ဗျ``



ထိုအခါ ကပိုကရိုပုဂ္ဂိုလ်သည် ကျွန်တော်တို့ဘက်သို့ လှည့်ကာ ``ကြည့်ပါဦးဗျာ အင်္ဂလိပ် အစိုးရ ပညာရေးဟာ လူတိုင်းကို Slavish Mentality ကျွန်စိတ်သွင်းထားတယ်ဗျ````ဒြါေ

ကာင့်လည်း လူတွေဟာ ယေဘူယျ အားဖြင့် ကျောင်းသားအရွယ်ကအစ ကိုယ်ပိုင်အလုပ် မလုပ်ချင်ကြတော့ဘူး ``ဟု ညည်းငြူပြောဆို လေသည်။



ထိုအခါ ကျွန်တော်လည်း မနေသာတော့ဘဲ ထိုကပိုကရိုပုဂ္ဂိုလ်အား ``နေပါဦး ခင်ဗျားက ဘာအလုပ်လုပ်ပါသလဲ`` ဟု မေးလိုက်မိသည်။



ထိုအခါ ထိုကပိုကရို ပုဂ္ဂိုလ်က ``ကျွန်တော်လား နိုင်ငံရေးသမားပါ နာမည်က သခင်အောင်ဆန်း ခေါ်တယ် ရေကျော်ရပ်ကွက် ဒို့ဗမာ အစည်းအရုံးမှာ အတွင်းရေးမှုး လုပ်နေတယ် ခင်ဗျားကော ဘာလုပ်သလဲ`` ဟု ကျွန်တော့ အမေးကိုဖြေကာကျွန်တော့ကိုလည်း တုန့်ပြန်မေးခွန်းထုတ်ပါတော့သည်။ ထိုအခါကျမှ ကျွန်တော်လည်း သူ့အား တချိန်က နာမည်သာ ကြားဖူးသည့် တက္ကသိုလ် သပိတ်မှောက် ခေါင်းဆောင်ဟောင်း ကိုအောင်ဆန်းဖြစ်သည်ကို သိလိုက်ရသောအခါ နဂိုက ကြည်ညိုရင်းစွဲရှိသည့် အလျောက် ရင်းနှီးပြီးသား ဖြစ်သွားပါသည်။ ထို့ကြောင့်လည်း ကျွန်တော်က ဝမ်းသာအယ်လဲပင် --



``ကျွန်တော်က ဆရာဖြစ်သင် ကောလိပ်ကျောင်းသားပါ ``



``ခင်ဗျားက ကရင်လူမျိုးလား ``



`` မဟုတ်ပါဘူး ရှမ်းလူမျိုးပါ ``



``ကျွန်တော်က ခင်ဗျားကို ကရင်လို့ထင်မိတယ်။ ရှမ်းဆိုတော့ တောင်ကြီးက ကိုဘစံတစ်ယောက် သိမှာပေါ့ ၊ သူဘာလုပ်နေသလဲ ``



``ကိုဘစံ (တောခို-ကျဆုံး) ဟာ PHI ကျမ်းမာရေး အင်စပိတ်တော် သင်တန်းတတ်ပြီး အခု ဘာလုပ်နေ တယ်ဆိုတာ ကျွန်တော် မသိဘူး။ ၁၉၃၆ -ခုနှစ် ကိုအောင်ဆန်းတို့ တက္ကသိုလ်က သပိတ်မှောက် တော့ ကိုဘစံကို ကျွန်တော်တို့ ခေါင်းဆောင်တင်ပြီး တောင်ကြီးမြို့အေ-ဘီ-အမ် ကျောင်းက သပိတ် မှောက်ကြ ပါတယ်။ သူ့ကို ကျွန်တော်တို့ ကိုယ်စားလှယ်အနေနဲ့ ရန်ကုန်တက္ကသိုလ်ကို လွှတ်ခဲ့သေးတာပဲ``





သခင်အောင်ဆန်းသည် တနေရာသို့ ငေးနေပြီး ဆက်လက်ပြောပြန်သည်။



``ဟုတ်ကဲ့ အဲဒီတုန်း ကစပြီး သူ့ကိုသိပါတယ်။ ရှမ်းပြည်က ကိုတင်အေးကိုရော သိလား``



``သိပါတယ် သူက ညောင်ရွှေကပဲ ကျွန်တော်နဲ့ တစ်မြို့တည်းသား ဖြစ်ပါတယ်``





`` ခင်ဗျားတို့ ရှမ်းပြည်မှာဗျာ အင်္ဂလိပ်တွေဟာ ပုဒ်မ ၁၀ ကို အမြဲတန်းထုတ်ထားပြီး ကျွန်တော်တို့ နိုင်ငံရေးသမား တွေကို ၂၄ နာရီအတွင်း မောင်းထုတ်လေ့ရှိတယ်။ ဒါကြောင့်လဲ ကျွန်တော်တို့ ရှမ်းပြည်ကို သွားလို့မရဖြစ်နေတယ်။ အင်္ဂလိပ်အစိုးရဟာ ခင်ဗျားတို့ကို သက်သက် မျက်စေ့မပွင့်အောင် လုပ်ထားတာဗျ---``



ဤနေရာ၌ ကျွန်တော်သည် သခင်အောင်ဆန်းနှင့် တသဘောတည်းဖြစ်နေသည်။ ထို့ကြောင့်---



``ဟုတ်ကဲ့ မှန်ပါတယ် ။ ကျွန်တော်တို့ ခုထက်ထိ နိုင်ငံရေးဆိုတာ ဘာမှန်းတောင် မသိရသေးဘူး။ ခင်ဗျားတော့ နိုင်ငံရေးသမားဆိုတော့ အတော်နားလည်မှာဘဲ။ ခင်ဗျား နိုင်ငံရေးလုပ်လာတာ ဘယ်လောက်ကြာ ပြီလဲ ``



``ကျွန်တော် နိုင်ငံရေးကိုစပြီး လေ့လာလိုက်စားတာဟာ ၁၆ နှစ်သားကတည်းကပဲ။ ကျွန်တော် အသက် ၂၅ နှစ်ရှိပြီ။ ဘီအေ အောင်ပြီး ဘီအယ်လ် ဆက်တတ်ခဲ့တယ်။ ၁၉၃၉ ခုနှစ် ဘီအယ်လ် ဒုတိယနှစ် မှာ ကျောင်းက သပိတ်ကိစ္စနဲ့ စာမေးပွဲ မဖြေနိုင်ဘဲ ထွက်ခဲ့ရတယ်။ ကျောင်းထွက်ပြီးကတည်းက ဒို့ဗမာ အစည်းအရုံးမှာ သခင်နုတို့နှင့်အတူ နိုင်ငံရေးပဲ ဆက်လုပ်နေတယ်။``



ထိုအခါ ကျွန်တော်က တိုင်ဆိုင်လာသော အခွင့်အလမ်းကို လက်ကမ်းယူသည့် အနေဖြင့်--



``ကျွန်တော်တော့ နိုင်ငံရေး သဘောတရား ကောင်းကောင်း နားမလည်ဘူး။ ကျွန်တော့ကို နိုင်ငံရေး တရားဟောပါဗျာ--``ဟုတောင်းပန် ရတော့သည်။



သို့နှင့် သခင်အောင်ဆန်းသည် ထိုနေ့ညနေ ထမင်းစားပြီးအချိန် ၅ နာရီခွဲလောက်က စပြီး ကမ္ဘာ့သမိုင်း နှင့် စပ်လျဉ်း၍ နိုင်ငံရေးသိပ္ပံကို ဟောလေတော့သည်။ ည၁၁- နာရီရောက်သော်လည်း တရားဟော၍ မပြီးသေးချေ။ ၅-နာရီခန့်ကြာ ဆက်တိုက် မရပ်မနား ပြောနိုင်သည်ကို ကျွန်တော့မှာ မအံ့သြဘဲ မနေနိုင်ပါ။ ကျွန်တော် အတော်အိပ်ချင်ကြောင်းကို သူသိသဖြင့် သူက ``ခင်ဗျား အိပ်ချင်ပြီ အိပ်ဦး မနက်မှ ဆက်ဟော အုံးမည် ``ဟုပြောပြီး နှစ်ယောက်သား အိပ်လိုက်ကြသည်။



နောက်တစ်နေ့ မနက်ပိုင်း လဘက်ရည်သောက်ပြီး ဆက်ဟောပြန်တော့သည်။ နေ့လည်အချိန် ကျတော့မှ ယခု သူဟောသမျှမှာ အခြေခံသာဖြစ်ကြောင်းပြောပြသည်။ နားထောင်ရသူ ကျွန်တော့်မှာကား မသက်သာလှပါ။

ထိုသို့ တ၇ားနာပြီးနောက် သူ့ကို ပို၍ ကြည်ညိုလေးစားလာသော စိတ်သည် ကျွန်တော်၏ နှလုံးသား တွင် တစ်ဖွားဖွား ဖြစ်ပေါ်နေပါတော့သည်။



ထို့ကြောင့်လည်း မည်သည့် ပုဂ္ဂိုလ်ကိုမဆို သာမန်လူနှင့် မတူလျှင် ထိုပုဂ္ဂိုလ်သည် ထူးလျှင်လည်း ထူးရမည်။ ရူးလျှင်လည်း ရူးရမည် ဟုဆိုရိုးရှိသည့်အလျောက် ပထမသော် တွေ့တွေ့ချင်း သာမန်လူနဲ့မတူ တမူ ထူးခြားသောကြောင့် ရူးသည်ဟု ကျွန်တော်ထင်မိသော ပုဂ္ဂိုလ်မှာ အရူးမဟုတ် တကယ်ထူးသော ပုဂ္ဂိုလ် ဖြစ်ကြောင်းကို ထင်ရှားစွာတွေ့ရပါတော့သည်။



နောက်တစ်နေ့ နေ့လည်အချိန်တွင် ဆေးရုံကြီးမှ Matron ခေါ် သူနာပြုဆရာမကြီး တစ်ယောက် သည် ဦးခေါင်းတွင် အဝတ်ဖြူပေါင်းလျှက် ကျွန်တော်တို့ အခန်းထဲဝင်လာပါသည်။



သူသည် လူနာများကို တစ်ယောက်စီ တစ်ယောက်စီ လိုက်လံစစ်ဆေးရာမှ သခင်အောင်ဆန်း ကုတင်နား သို့ ရောက်သောအခါ စားပွဲပေါ်ရှိ သောက်ရေခွက်ထဲ၌ ထည့်ထားသော ပိုက်ဆံ အကြွေများ ကိုတွေ့လျှင် အင်္ဂလိပ်ဘာသာဖြင့် ``ဘာကြောင့် ပိုက်ဆံကို ရေခွက်ထဲမှာ ထည့်ထားသလဲ ၊ လူနာများ ပိုက်ဆံ မကိုင်ရဘူးဆိုတာ မသိဘူးလား ``



``ခင်ဗျား ဥပဒေ ထုတ်ထားတာ ကျုပ်မတွေ့ရသေးဘူး ၊ ဖတ်လည်းမဖတ်ဖူးသေးဘူး ၊ ဒီဥပဒေ ဘယ်သူ ထုတ်ထားသလဲ--``



``ဒို့ ထုတ်ထားတယ်``



``ဥပဒေ ကိုခင်ဗျားထုတ်တယ်-- ခင်ဗျားလည်း လူပဲ၊ ကျုပ်လဲ လူပဲ၊ လူလုပ်တဲ့ ဥပဒေကို လူဖျက်တယ်၊ ကျုပ်ဖျက်တယ်၊ ကျုပ်မှ မဖတ်ရပဲ၊ ဘာတတ်နိုင် မလဲ `` ဟု ဘုမှုတ်ရာ ဆရာမကြီးမှာ ဒေါသ အမျက် ချောင်းချောင်း ထွက်ကာ ရှုးရှုးရှဲရှဲ မြည်တွန်တောက်တီးပြီး မျက်နှာတစ်ခုလုံး နီမြန်းလျှက် ဆောင့် အောင့်ထွက်သွားတော့ ၏။ နောက်တစ်နေ့တွင်မူ ဆေးရုံမှ ဆရာ ဆရာမ များသည်သန့်ရှင်းရေးကို အားကြိုး မာန်တတ် လုပ်ကိုင်နေကြသည်ကို ထူးခြားစွာ တွေ့မြင်ရသောကြောင့် စုံစမ်းကြည့်ရာ မြို့တော်ဝန် လာရောက် စစ်ဆေးမည်ဟု သိရပေသည်။





သို့နှင့် မကြာမီ မြို့တော်ဝန်သည် ကူးစက်တတ်သော ရောဂါဆေးရုံသို့ စစ်ဆေးရန် ရောက်လာတော့သည်။



မြို့တော်ဝန်သည် ရှိသမျှ လူနာခန်းများကို အကုန်လုံးလိုက်လံ စစ်ဆေးပြီးနောက် ကျွန်တော်တို့ အခန်းကိုမူ နောက်ဆုံးမှ လာရောက်စစ်ဆေး ကြည့်ရှုပါသည်။



မြို့တော်ဝန်မှာ အင်္ဂလိပ်ကပြားဖြစ်သည်။ အခန်းထဲသို့ရောက်ပြီး လူနာများကို တစ်ယောက်ခြင်းလိုက် လံကြည့်ရှုသည်။ သခင်အောင်ဆန်းကို တွေ့တွေ့ခြင်း ``ဟလို--- သခင်အောင်ဆန်း ဂွတ်ဒ် မောနင်း ``ဟု နှုတ်ဆက်လေသည်။



သခင်အောင်ဆန်းမှာ အိပ်ယာမှ မထ၊ ဒူးတစ်ဖက်ကိုထောင်လျှက် အခြားတစ်ဖက်မှာ ထောင်ထားသော ဒူးပေါ်တွင် တင်ပြင်ချိတ်တင်ကာ မလှုပ်မယှက် နှင့် ``ဂွတ်ဒ် မောနင်း``ဟု ပြန်၍ နှုတ်ဆက်သည်။



ထိုအခါ မြို့တော်ဝန်က အင်္ဂလိပ်ဘာသာဖြင့်---



``ခင်ဗျား ဆေးရုံမှာနေတာ အစားအသောက် ဆင်းရဲသလား--``



သခင်အောင်ဆန်းက အင်္ဂလိပ်လိုပြန်ပြောသည်။



``ခံသာ ပါတယ်``



``အစား အသောက်နဲ့ ပတ်သတ်ပြီး ထမင်း ဟင်းတို့ မကောင်းရင် ဆရာဝန်ကိုပြောပါ ။ သူကောင်းအောင် စီစဉ်ပေးဘို့ ကျနော်ပြောခဲ့မယ်--``



``ကိစ္စမရှိဘူး စားနိုင်ပါတယ်``



``ကောင်းပါပြီ ဒါဖြင့် သွားလိုက်ပါဦးမယ်--``



ထိုသို့ နှုတ်ဆက်ပြီး အခန်းအပြင်သို့ အထွက်တွင် သခင်အောင်ဆန်းက ကျွန်တော်တို့ဘက် လှည့်ကာ ``မြို့တော်ဝန် လာစစ်ဆေးတာ တခြားအကြောင်းကြောင့် မဟုတ်ဘူး။ မနေ့က ဆရာမကြီးကို ကျွန်တော် ဘုဘောက် ပြောလိုက်တာနဲ့ သူတို့ တိုင်တန်းလို့ အကြောင်းရှာပြီး လာတာပါဟု မှတ်ချက် ချလိုက်သည်။ သူထင်သည့်အတိုင်းလည်း မှန်ပေသည်။ အဘယ့်ကြောင့်ဟူမူ ညအချိန် ဆွေးနွေးနေကျ လက်ထောက်ဆရာဝန်ထံမှ ထိုအတိုင်းဟုတ်မှန်ကြောင်း ကြားရခြင်းကြောင့်ဖြစ်သည်။



သခင်အောင်ဆန်း၏ စရိုက်မှာ အစဉ်လိုလို စာဖတ်လျှက်နေသည်။ တခါတလေ စာရေးနေတတ်သည်။ သူဖတ်သော စာအုပ်များမှာ များသောအားဖြင့် ဒေါက်တာ ဘမော်ထံမှ ငှားထားသော စာအုပ်များဖြစ်သည်။ တခါတရံလည်း ဝါးခမောက်ဆောင်းထားသော သခင်များ သူ့ထံသို့လာပြီး နိုင်ငံရေး ဆွေးနွေးကြသည်။ လွှတ်တော်မှ အမတ်များ မည်သို့ မည်ပုံဆွေးနွေးကြကြောင်း ပြောကြသည်။ အထူးသဖြင့် ဂဠုန်ဦးစောကို ပြင်းပြင်းထန်ထန် ဝေဖန်သံ ကြားရ၏။



ထိုအခါက နန်းရင်းဝန်မှာ ဂဠုန်ဦးစောဖြစ်သည်။ ဝါးခမောက်ဆောင်းထားသော သခင်များပြန် သွားကြပြီးနောက် သခင်အောင်ဆန်းသည် ကျွန်တော့်ဘက်သို့ လှည့်ကာ ``ဦးစောဟာ ဆင်ကြည့် ကြည့်လေ့ ရှိတယ် ဒီလူဟာ ဆင်ကြံကြံတတ်တယ်`` ဟု လှမ်းပြောလေသည်။



ထိုမှတ်ချက် မည်မျှတိကျမှန်ကန် သနည်းဟူမူ ၁၉၄၉ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့တွင် ဦးစော၏ ဆင်ကြံကြံမှုကြောင့် ကြိုတင်၍ မှတ်ချက်ချထားခဲ့ဘူးသူ ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင် ရေတိမ်တွင် နစ်ခဲ့ရရှာ ပေသည်။



သခင်အောင်ဆန်းသည် ပြောသလိုလုပ်၍ လုပ်သလိုပြောသူတည်း။ ထိုစဉ်က သူသည် ဆေးပြင်းလိပ် သောက်၏။ တစ်နေ့တွင် ဆေးပြင်းလိပ် ကုန်သွားရာ သူ၏ ကုတင်ဘေးက လူနာတစ်ယောက်ဖြစ်သော ကိုကိုလေးဆိုသူ ပုလိပ်တစ်ယောက်က စီးကရက်တစ်လိပ်ထုတ်ပေးသည်။ သခင်အောင်ဆန်းက လက်မခံဘဲ ``ဟာ--- သခင်နဲ့ စီးကရက် ဘယ်အပ်စပ်မလည်းဗျာ--မသောက်တော့ပါဘူး ``ဟု ဆိုကာ တစ်နေ့လုံး အငတ်ခံ၍ နေသည်။ ညနေပိုင်း သူ့ နိုင်ငံရေးမိတ်ဆွေများ ရောက်လာတော့မှ ဆေးပြင်းလိပ်ဝယ်ခိုင်းပြီး အားပါးတရ ရှုရှိုက်နေသည်ကို တွေ့ရ၏။



ထို့ပြင်လည်း သူ၏ အကြောင်းကို အမှတ်တရ ရေးလိုက်ရပေဦးမည်။ ထိုအခါက ကျွန်တော်တို့ အခန်းတွင် တာဝန်ကျသော အမျိုးသမီးဆရာဝန် တစ်ယောက်ရှိသည်။ သူမ၏ အသက်မှာ ၂၅ နှစ်ခန့် ရှိပြီ ဖြစ်၍ ကိုယ်လုံးကိုယ်ပေါက် တောင့်တင်းပြီး သူမ၏ မျက်နှာမှာ လက်ခါရလောက်အောင်ပင် ချောမောလှပသူ ဖြစ်၏။ နေ့စဉ် ဘန်ကောက်ထဘီ တစ်ထည်ကျကို ပြောင်း၍ ပြောင်း၍ ဝတ်လာတတ်သေး၏။



တစ်နေ့သောအခါ ကျွန်တော်နှင့် သခင်အောင်ဆန်းထိုင်၍ စကားပြောနေစဉ် အဆိုပါ ဆရာဝန်မ သည် အခန်းထဲသို့ လာရောက်စစ်ဆေးပြီး နောက် ပြန်ထွက်သွား၏။ ကျွန်တော်နှင့် သခင်အောင်ဆန်းမှာ ဆရာဝန်မကလေးကို အမှတ်မထင်ကြည့်မိရာမှ သခင်အောင်ဆန်းက ``အင်း-- ကျုပ်တို့လည်း နောင်တစ်နေ့ မိန်းမယူရင် ဆရာမယူမှ ကောင်းမယ်ထင်တယ် သူတို့မှ လင်သားကို ပြုစုယုယ တတ်တယ်`` ဟုရယ်မောသလိုနှင့် မှတ်ချက်ချလိုက်လေသည်။



ထိုသို့ပြောလိုက်သည့် သခင်အောင်ဆန်း၏ စကားသံကို ကြားယောင်နေသော ကျွန်တော်သည် ဂျပန်ခေတ်တွင် ဗိုလ်ချုပ်အောင်ဆန်းက သူနာပြုဆရာမ ဒေါ်ခင်ကြည်ကို လပ်ထပ်လိုက်ကြောင်း ကြားသိရသောအခါ မည်သို့မျှ မအံ့သြမိတော့ချေ။



ထို့ပြင် မိုးကုတ်မြို့မှ သူဋ္ဌေးများက သီဟိုဠ်မှ ဘုရားတစ်ဆူအတွက် လှုဒါန်းသော စိန်ဖူးနှင့် ငှက်မြတ်နား မှာ ရွှေတိဂုံကုန်းတော်ပေါ်၌ သီဟိုဠ်သို့ မပို့မီ ဗုဒ္ဓဘာသာဝင်များ အတွက် စံပယ်လျှက် ရှိနေ၏။



၎င်းစိန်ဖူးကို ရန်ကုန်မြို့တွင်းသို့လည်း ဒေသစာရီလှည့်လည်ရန် စီစဉ်ထား၏။ အကြောင်းအားလျှော် စွာ တိုက်ဆိုင်နေသည်မှာ ရေကျော်မှ ဒို့ဗမာအစည်းအရုံးကလည်း ထိုနေ့၌ပင် အင်အားပြ လမ်းလျှောက်ရန် စီစဉ်ထားခြင်းပေတည်း။





အင်အားမပြမီ တစ်ရက်၏ ညနေပိုင်းတွင် အစည်းအရုံး ဥက္ကဋ္ဌဖြစ်သူ သခင်နုသည် ကန်တော်ကလေး ကူးစက်တတ်သော ဆေးရုံ အခန်းအမှတ် ၂ ရှိ သခင်အောင်ဆန်းထံသို့ ရောက်လာသည်။ ထိုစဉ်က သခင်နု၏ ကိုယ်လုံးကိုယ်ပေါက်မှာ မပိန်ပါ။ ဆံပင်မှာ မတိုမရှည် ညှပ်ထားသည်။ လမ်းလျှောက်လျှင် ခေါင်းအနည်းငယ်ငုံ့၍ လျှောက်တတ်သည်။ မြို့တော်ဝန် လာစဉ်က ဂရုမစိုက်ဘဲ အေးစက်စက်နေခဲ့သော သခင်အောင်ဆန်းသည် သခင်နု လာသောအခါ ကုတင်ပေါ်က ဖြတ်လတ်စွာဆင်းလျှက် သခင်နုကိုဆီးကြို လေသည်။



သခင်နုက ``သခင်အောင်ဆန်း မနက်ဖြန် ကျွန်တော်တို့ အစည်းအရုံးက အင်အားပြ လမ်းလျှောက် မလို့။ ဒါကြောင့် ခင်ဗျား ဆေးရုံက ဆင်းနိုင်ရင်လည်း ဆင်းဘို့ လာစုံစမ်းတာပါ``



``ကျနော့ ဆင်းရက်တော့ သဘက်ခါပဲ။ မနက်ဖြန်ခါ ကျွန်တော်မပါရင် မပြီးဘူးလား``



``ရတော့ ရတာဘဲ ဒါပေမယ့် ကျွန်တော်တို့ လူမစုံတော့ အား ရော့တာပေါ့``





``ဆင်းရက်က သဘက်ခါဆိုတော့ တစ်ရက်ကြိုဆင်းရရင် ဆေးရုံအနေနဲ့ သိပ်အရေးမကြီး ဘူးလို့ ကျနော်ထင်ပါတယ်။ သခင်နု အနေနဲ့ ဆရာဝန်ကြီးဆီ အခွင့်တောင်းကြည့်ပါ။ ကျနော် စောင့်နေမယ်``



ထိုအခါ သခင်နုက ဟိုတုန်းက လျောက်နေကြအတိုင်း ခေါင်းအနည်းငယ်ငုံ့လျှက် ဆရာဝန်ကြီး ထံ သွားလေသည်။ ဆရာဝန်ကြီးမှာ ကုလားလူမျိုးဖြစ်လေသည်။ မကြာသေးမီက မေထရွန်တစ်ဦးကို ဘုဘောက် လုပ်ခဲ့သော သခင်အောင်ဆန်းအား စိတ်မကျသေးဟန်ဖြင့် ချက်ကောင်းယူကာ ဆင်းခွင့်မပြုချေ။ သူ့အကြောင်းပြချက်ကို သခင်နုမှတစ်ဆင့်သခင်အောင်ဆန်း သိရသည်မှာ --



လူနာများကို ဆေးရုံမှ ရက်မစေ့ပဲ လွှတ်လိုက်ခြင်းကြောင့် ရောဂါပျံ့ပွား ကူးစက်သွားလျှင် ဆရာဝန်ကြီး၏ တာဝန်ဖြစ်လိမ့်မည်။ ထို့ကြောင့်သူက ခွင့်မပြုနိုင်ကြောင်းပင်ဖြစ်သည်။



ထိုအခါ သခင်အောင်ဆန်းက ချက်ချင်းပင် သခင်နုကို ``ကျနော် လိုက်ဘို့ ဆုံးဖြတ်ပြီးပြီ ဘာဘဲဖြစ်ဖြစ် ကျနော်လိုက်မယ်`` ဟု ဇွတ်တရွတ် ကတိပေးလိုက်သည်။



သို့သော် ထိုအချိန်တွင် လူနာများကို ၃ နာရီတစ်ကြိမ်ခန့် လဲလှယ်စောင့်ရှောက်၍ တာဝန်ကျနေ သော ဆိုခဲ့ပြီးသည့် အမျိုးသမီး ဆရာဝန်မက ထိုအကြောင်းကြားသဖြင့် ``သခင်အောင်ဆန်း အခုဆင်းသွား ရင် ကျမ အချိန်တွင် ဖြစ်နေပါတယ်။ ကျမ မှာတာဝန်ရှိပါတယ်။ ဒါကြောင့် ကျမအချိန်က ညနေ ၆ နာရီအထိ ဖြစ်ပါတယ်။ ထွက်သွားချင်ရင် ၆ နာရီထိုးပြီးမှ ထွက်ဖို့ ကျမ တောင်းပန်ပါတယ်`` ဟုမေတ္တာရပ်ခံလေရာ သခင်အောင်ဆန်းမှာ မှုံကုပ်စွာ ခေတ္တမျှ စဉ်းစားနေပြီး----



``ကောင်းပြီလေ ဗမာ အမျိုးသမီးတစ်ယောက် ထိခိုက်နစ်နာမယ်ဆိုရင် ခင်ဗျားပြောတဲ့အတိုင်း ၆ နာရီအထိ စောင့်မယ်။ ဒါပေမယ့် ၆ နာရီထိုးပြီးရင်တော့ ထွက်ရလိမ့်မယ်`` ဟုပြောလိုက်လေသည်။

ထို့နောက် သခင်အောင်ဆန်းသည် အခန်းစောင့် ကုလားလေးတစ်ယောက်ကို ဆေးရုံက သိမ်းဆည်း ထားသော သူ့အင်္ကျီနှင့် လုံခြည်များ ယူခိုင်းရာ ကုလားလေးမှာ အထက်လူကြီးများသိပြီး သူ့ကို အလုပ်ဖြုတ်မည် စိုးသည့်အတွက် မယူပေးဝန့်ကြောင်း တောင်းပန်ခယ ပြောတော့သည်။



သခင်အောင်ဆန်းလည်း ကုလားလေး၏ အခက်ခဲကို သနားသွားသဖြင့် ``ဒါဖြင့်လည်း နေပေ့စီ --ရော့ မင်းအတွက် ဘောက်ဆူး`` ဟုဆိုကာ သောက်ရေခွက်ထဲရှိ ပိုက်ဆံအကြွေအားလုံးကို သွန်၍ပေး လိုက်၏။

ဆေးရုံရောက်ကတည်းက လူနာများ ဝတ်လာကြသော အရပ်ဝတ်အရပ်စားများကို ဆေးရုံမှ သိမ်းဆည်းထားပြီး လူနာအမှတ်အသား မျင်းကြားအင်္ကျီ ဘောင်းဘီကိုသာ ပေးဝတ်ထား၇ာ သခင်အောင်ဆန်းမှာ ဒေါင်-- ဒေါင် စသဖြင့် ၆ နာရီထိုးသည်နှင့်တပြိုင်နက် ဆေးရုံမှ အဝတ်အစား များကို ဝတ်မြဲဝတ်လျှက်ပင် ကျန်လူနာ အားလုံးကို စတင်နှုတ်ဆက်တော့သည်။



ကျွန်တော်၏ လိပ်စာကိုလည်း တောင်းသည်။ ကျွန်တော်ကလည်း ပေးလိုက်၏။ သူ့လိပ်စာကို တောင်းသောအခါ၌မူ သူက လိပ်စာ အတည်တကျ မရှ ``သခင်အောင်ဆန်း မြန်မာပြည်`` ဟုရေးမှ ရမည်။ သူ ဘယ်အချုပ်ထောင်မှာ ကျရောက်ပြီးနေမည်ကိုတောင် မသိသေးဟု ပြောလေသည်။





ထို့နောက် စာအုပ်များကို ပိုက်လျှက် သခင်နုနှင့်အတူ ဂိတ်ပေါက် တူရူသို့ ရောက်သွားကြသည်။ ဂိတ်ပေါက်စောင့် ကုလားမှာ မြင်းကျားအင်္ကျီနှင့် ဘောင်းဘီကို ဝတ်လာသော သခင်အောင်ဆန်းအား မြင်သည်နှင့်တပြိုင်နက် လူနာဖြစ်ကြောင်း တပ်အပ်သိသည့်အလျောက် အတင်းတားကာ ဂိတ်ပေါက်ကို ပိတ်ထားလေသည်။





သခင်အောင်ဆန်းမှာလည်း သွားရန် သံန္နိဋ္ဌာန် ချထားသည့်အတိုင်း သူ့အားအတင်းအကျပ် ဟန့်တားထားသော ဂိတ်ပေါက်စောင့် ကုလားကို လက်သီးဖြင့် တအားကြုံးထိုးလိုက်ကာ ခပ်တည်တည် ထွက်သွားလေတော့သည်။ ဂိတ်စောင့်ကုလားမှာ ``အပါးပါး``ဟု မချိမဆန့်အော်လျှက်သာ ကျန်ရစ်နေခဲ့ ၏။



နောက် နှစ်ရက်ကြာသောအခါ သခင်အောင်ဆန်းနှင့် နိုင်ငံရေး ဆွေးနွေးနေကျ ဖြစ်သော ဆရာဝန်သည် ကျွန်တော်တို့ အခန်းထဲသို့ သတင်းစာတစ်စောင်ကို ကိုင်လျှက် ပြုံးပြုံးကြီး ဝင်လာလေသည်။ ထို့နောက် ကျွန်တော်တို့အား``ဖတ်ကြည့်ပါဦး တနေ့ညက ဂိတ်ပေါက်မှာ ဆူဆူညံညံ လုပ်သွားတဲ့ သခင်အောင်ဆန်းရဲ့ သတင်းကို ``ဟု ပြောလိုက်သဖြင့် ကျွန်တော်တို့ လူနာတစ်စု သတင်းစာကို အလုအယက် ဖတ်ကြရာ လူထုအင်အားကြီးမားလှသော ဒို့ဗမာ အစည်းအရုံး၏ အင်အားပြပွဲ ဓါတ်ပုံနှင့် တကွ ဗိုလ်တစ်ထောင် ဘုရားပွဲ၌ သခင်အောင်ဆန်း တတ်ရောက်ဟောပြောသော သတင်းကို ဝမ်းသာ အားရ ဖတ်ရှုကြရ ပေသတည်း။ ။

ဗိုလ်ခွန်ဖြူ

Share via . .
ဗိုလ်ချုပ်အောင်ဆန်းအကြောင်း (၁၀)
By Ernesto Kee Ling