Monday, April 11, 2016

မစ်ဆုံတရားခံအားခြေရာခံခြင်း၃

#မြစ်ဆုံတရားခံအားခြေရာခံခြင်း၃
ဧရာဝတီကို အနီးကပ်လုပ်ကြံခဲ့သူ သိန်းစိန် နှင့် သူ၏အပေါင်းအပါတရုတ်များ။
@@@@@@@@@@@@@@@@@@@@@@@@@@@@@

ဘိန်းဘုရင်လော်စစ်ဟန်၏သား ထွန်းမြင့်နိုင် (ခ) စတီဗင်လော(ဒါရိုက်တာ - အေးရှားဝေါလ်ဒ် ကုမ္ပဏီ)
*****************************************************************************************


တရုတ်နဲ့ အာဆီယံအရေး လေ့လာသုတေသနပြုနေတဲ့ အမေရိကန်နိုင်ငံ UC Berkeley တက္ကသိုလ်က ဦးမင်းဇင်ကို ဗွီအိုအေမှ ဆက်သွယ်မေးမြန်းထားတာပါ။ စိတ်ဝင်စားဖို့ကောင်းတဲ့ မြစ်ဆုံဆည်ရဲ့ ကောင်းကျိုး ဆိုးကျိုးများ အကြောင်းကို ဆွေးနွေးထားပါတယ်။
************ဦးသန်းလွင်ထွန်း ။ ။ ကချင်ပြည်နယ် မြစ်ဆုံမှာ တည်ဆောက်နေတဲ့ ရေအားလျှပ်စစ်ထုတ်လုပ်ရေး ရေကာတာကြီးဟာ အလွန်အန္တရာယ်ကြီးမားတဲ့အတွက် လုပ်ငန်းဆက်လက်မလုပ်ဆောင်သင့်ကြောင်း လေ့လာချက်အစီရင်ခံစာတခုက ၂၀၀၉ ခုနှစ်ကတည်းက အဆိုပြုထားပေမယ့် ဒီလုပ်ငန်းမှာ ရင်းနှီးမြုပ်နှံထားတဲ့ တရုတ်အစိုးရနဲ့ မြန်မာအစိုးရဘက်ကပါ လစ်လျူရှုခဲ့ပါတယ်။ တရုတ်နဲ့ မြန်မာပညာရှင်တွေ ကွင်းဆင်းလေ့လာပြီး တင်ပြခဲ့တဲ့ ဒီအစီရင်ခံစာကို လူသိရှင်ကြား ထုတ်ပြန်ကြေညာခဲ့ခြင်း မရှိပါဘူး။ ဒီ အစီရင်ခံစာကို မကြာခင်ကမှ ရရှိဖတ်ရှုခဲ့ရတယ့် တရုတ်နဲ့ အာဆီယံအရေး လေ့လာသုတေသန ပြုနေတဲ့ အမေရိကန်နိုင်ငံ UC Berkeley တက္ကသိုလ်က ဦးမင်းဇင်း က ဗွီအိုအေ ကို အောက်ပါအတိုင်း ပြောဆိုပါတယ်။
**********ဦးမင်းဇင် ။ ။ ပထမဆုံး တွေ့တာကတော့ စာမျက်နှာ (၉၀၀) ကျော်လောက်ဆိုတော့ ချက်ချင်း မဖတ်ဖြစ်ဘူး။ နောက်တော့ ဖတ်ကြည့်လိုက်တဲ့အခါမှာ အစောပိုင်းကလည်း သိပ်ပြီးတော့ တရုတ်ပညာရှင်တွေက အဓိကရေးတယ်ဆိုတော့ စိတ်ထဲမှာလည်း တရုတ်ပြည်ဆိုတော့ သာသာထိုးထိုး ရေးမှာပဲဆိုပြီး ကျနော်က ယူဆထားတာ။ အဲဒီ ယူဆချက်နဲ့ ဖတ်တာ ဖတ်ရင်းနဲ့ တခါမှ မကြားဘူးတဲ့ အချက်အလက်တွေ သိခဲ့ရတယ်။ ဥပမာ ဒီ မြစ်ဆုံရေကာတာ (၇) ခု ဆောက်တဲ့အထဲမှာ ရေကာတာ တခုတည်းကိုက စင်္ကာပူထက် ပိုပြီးကြီးတယ်။ နယူးရော့ခ်မြို့ ကြီးတမြို့ စာလောက်ရှိတယ်။ ကမ္ဘာပေါ်မှာ (၁၅) ခုမြောက် အကြီးဆုံး ရေအားလျှပ်စစ် ရေကာတာကြီးဖြစ်မယ်။ ဒါမျိုးတွေ ကြားရတယ်။ အဲဒါမျိုးကြားရတဲ့အပြင် အဆိုးဆုံး ကြားရတာက အခုနပြောသလို ဒီကရမယ့် ရေအားလျှပ်စစ်ကို တစ်ရာ ရာခိုင်နှုန်းလုံး တရုတ်ပြည်ကပဲ အကျိုးကျေးဇူးရမယ်။ ဒီဖက်နောက်ပိုင်း သတင်းကြားရတာက ၉၉% တရုတ်ပြည်ဖက်ကို ရောင်းပြီး မြန်မာပြည်ကိုတော့ ၁% ပြန်ရောင်းမယ်လို့ သတင်းကြားရတယ်။ အဲဒီလိုမျိုးဟာတွေ ကြားရတယ်။ ပိုဆိုးတာက ဒီ ရေကာတာကြီးဟာ စစ်ကိုင်းပြတ်ရွေ့ ကြော လို့ခေါ်တဲ့ ငလျင်ကြောကြီးနားမှာ ရှိတယ်။ ဒီဟာကလည်း အာရှတိုက်မှာ ငလျင်တွေ မကြာခဏ လှုပ်တဲ့အတွက်မို့ ဒီဟာက အန္တရာယ်များတယ်လို့ ပညာရှင်တွေက သုံးသပ်ကြတယ်။ ဒီ ငလျင်ကြောကြီးက ပျက်ရွေ့ ကြောကြီးက တခုခုများ ဖြစ်ခဲ့ရင် ရေကာတာကြီး ပြိုသွားနိုင်တယ်။ အဲဒီလို မဟုတ်ဘဲနဲ့ ရေကာတာ ရေလှောင်ကန်ကြီးက အခုနပြောသလို စင်္ကာပူနိုင်ငံထက်ကြီးတဲ့အခါကြတော့ အဲဒီလောက်ကြီးတဲ့ဟာကြီးကနေ ရေပမာဏကြောင့်လည်း ပြတ်ရွေ့ ကြောကိုသွားပြီး လှုံဆော်သလို ဖြစ်နိုင်တယ်။ ဒီလိုဖြစ်ပြီး ရေကြီးလို့ရှိရင် မြစ်ကြီးနားမြို့ ကြီးက စက္ကန့် (၂၀) အတွင်း ရေမြုပ်နိုင်တယ်လို့ ပညာရှင်တွေပြောတာကို ကြားရတော့ အင်မတန်မှပဲ တုန်လှုပ်ပါတယ်။
************** ဦးသန်းလွင်ထွန်း ။ ။ ဒီ လေ့လာမှုအစီရင်ခံစာရဲ့  နံမည်ကိုက တည်ဆောက်မယ့် ရေကာတာတွေရဲ့  သဘာဝပတ်ဝန်းကျင်အပေါ်ကို ဘယ်လောက်အထိ သက်ရောက်မှု ရှိနိုင်မလဲကို ကြိုတင်ခန့်မှန်းချက်။ ဒီလို သဘာဝပတ်ဝန်းကျင်ပေါ် သက်ရောက်မှုကြိုတင်ခန့်မှန်းချက်တွေကို တကယ်တမ်းကြတော့ အကုန်အကျခံပြီးတော့ အစီရင်ခံစာရေးခိုင်းတာလည်း China Power Investment Cooperation ခေါ် CPI ကော်ပရေးရှင်းကပဲ လုပ်တာဆိုတော့ ဒီ ကော်ပရေးရှင်းအနေနဲ့ မူလ ရည်မှန်းချက်ဖြစ်တဲ့ ဒီလို လေ့လာမှုတွေလုပ်ခိုင်းပြီးတော့ ဒီ လေ့လာမှုအစီရင်ခံစာကနေ ကြိုတင်ခန့်မှန်းပြီး တင်ပြတဲ့အချက်တွေကို လိုက်နာရမယ့် တာဝန် သူတို့မှာ မရှိဘူးလား။
************ဦးမင်းဇင် ။ ။ ကျနော်သိသလောက်တော့ တရုတ်အစိုးရနဲ့ မြန်မာအစိုးရတို့မှာ ဒီလိုမျိုးဟာတွေကို လိုက်နာဖို့အတွက် တာဝန်ခံထားတာ မရှိဘူးလို့ သိရပါတယ်။ ဒါပေမဲ့ ဒီ အစီရင်ခံစာကလည်း ယေဘုယျ လိုက်နာရမယ့် စမ်းစစ်တဲ့အချက် (၁၀) ချက် ရှိပါတယ်။ အဲဒီ အချက် (၁၀) ချက်ထဲမှာမှ အချက် တစ်ခုကိုပဲ စမ်းစစ်ရသေးတာဖြစ်ပါတယ်။ အဲဒီ ရေကာတာဆောက်မယ့် ဧရီယာ ပတ်ဝန်းကျင်ကိုပဲ စမ်းစစ်ရသေးတာ ဖြစ်ပါတယ်။ ကျန်တဲ့ မြစ်အကြေပိုင်း ဧရာဝတီမြစ်အကြေပိုင်းတို့၊ ဧရာဝတီမြစ်ဝကျွန်းပေါ်ပိုင်းတို့ ကျန်တဲ့အကြောင်းအချက်တွေ အများကြီးရှိတယ်။ အဓိကအချက် (၉) ချက်။ အဲဒါတွေကို မလေ့လာရသေးဘူး။ ပထမ တချက်တည်းနဲ့ပင် တရုတ်အစိုးရက အခုနပြောတဲ့ CPI ကလည်း တရုတ်အစိုးရပိုင်း ကုမ္မဏီဖြစ်ပါတယ်။ တရုတ်အစိုးရနဲ့ မြန်မာအစိုးရတို့က တခါတည်း ဒါကတော့ အခြေအနေ မဟန်တော့ဘူးလို့ထင်ပြီး ကျန်တဲ့လေ့လာမှုတွေကို ဆက်မလုပ်ခိုင်းဘဲ ရပ်လိုက်တာလို့ ကြားသိရပါတယ်။
************ ဦးသန်းလွင်ထွန်း ။ ။ ဒီ အစီရင်ခံစာ စပြီးထွက်တဲ့ ပြုစုပြီးတဲ့အချိန်က ၂၀၀၉ ခုနှစ်။ အဲဒီ ၂၀၀၉ ခုနှစ်နောက်ပိုင်းမှာ မြစ်ဆုံရေကာတာလုပ်ငန်းတွေကလည်း စတင်နေပြီ။ တခြား ရေကာတာလုပ်ငန်းတွေကလည်း စတင်နေပြီဆိုတော့ ဒီ အစီရင်ခံစာကို လုံးဝလစ်လျူရှုပြီးတော့ အလုပ်တွေကို ဒီအတိုင်းပဲ မျက်စိမှတ်ပြီတော့ လုပ်နေတဲ့သဘောကို ဆိုလိုချင်တာလား။
*************ဦးမင်းဇင် ။ ။ တချို့ အပိုင်းတွေမှာ လိုက်နာမှုရှိကောင်းရှိလိမ့်မယ်။ ဥပမာ ကျနော်ကြားတာက တရုတ်ပညာရှင်တွေနဲ့ တရုတ်အာဏာပိုင်တချို့ နဲ့ စကားပြောတဲ့အခါမှာ သူတို့ပြောတာက ဥပမာဆိုရင် မြန်မာရွှေ့ ပြောင်းခံရတဲ့ လယ်သမားတွေ၊ ကချင်ဒေသခံ တိုင်းရင်းသားတွေကို လျှော်ကြေးပေးတယ်။ အစီရင်ခံစာကတော့ ၁၀% လောက်တော့ ရင်းနှီးမြုပ်နှံမှုရဲ့  ၁၀% လောက်ကို လျော်ကြေးပေးခိုင်းပါတယ်။ ဒါပေမဲ့ တရုတ်အစိုးရကတော့ ဒါကို ၅% ပေးတယ်လို့ သိရပါတယ်။ ဒါပေမဲ့လည်း တကယ့်တကယ် ပေးတဲ့ငွေတွေကို ဘယ်လိုဖြန့်ဝေသလဲဆိုတဲ့အခါကြတော့ မြန်မာနိုင်ငံမှာ စစ်အစိုးရနဲ့ သူ့ရဲ့  အာရှ Aisa World ကုမ္မဏီကနေ ဖြန့်ဖြူးတာဖြစ်တဲ့အတွက် လက်တွေ့မှာတော့ ဒေသခံလူထုတွေ ထင်သလောက်မရဘူး။ မရဘဲနဲ့ အခွင့်အရေးချိုးဖောက်မှုတွေ ပိုများတယ်ဆိုတာကို သတင်းစာဆရာတွေနဲ့ အန်ဂျီအိုသမားတွေက အထောက်အထားနဲ့ တင်ပြတာတွေ ရှိပါတယ်။
************ဦးသန်းလွင်ထွန်း ။ ။ အဲဒါ လူတွေရွှေ့ ပြောင်းခံရတဲ့ကိစ္စအပေါ်မှာပဲ အရေးယူမှု ထည့်တွက်မှု တစိတ်တပိုင်းရှိပြီတော့ အစောက ကိုမင်းဇင်း ပြောတဲ့ အစီရင်ခံစာထဲမှာ ကြိုတင်ပြီး သတိပေးထားတဲ့ ငလျင်ပြတ်ရွေ့ ကြောကြီးပေါ်မှာ ရှိနေတဲ့အတွက် အန္တရာယ်ကြီးမားတဲ့အခြေအနေ။ ဒါမှမဟုတ်လို့ ရေကာတာကြီးဆောက်မယ့် ဧရီယာပမာဏက သိပ်ကြီးမားတော့ ရေကာတာကြီးမှာ စုဆောင်းလာမယ့် ရေကြောင့် ငလျင်ကြောကြီးကို သွားပြီးတော့ လှုံဆော်သလို ဖြစ်သွားနိုင်မယ့် အခြေအနေ။ တကယ်လို့များ ကျိုးပေါက်သွားရင် အကြေ မြစ်ခြေဘက်မှာ ရေလွှမ်းခံရမယ့်အခြေအနေ။ ဒါတွေအကုန်လုံးကိုက ပြည်သူလူထုကိုရော လူသိရှင်ကြား အသိပေးမှုတွေ၊ ဒါမှမဟုတ် ကြိုတင်တိုင်ပင်မှုတွေ မရှိဘူးလား။
************ ဦးမင်းဇင် ။ ။ ဒီ အစီရင်ခံစာရဲ့  သူတို့ပြောတဲ့ အရေးကြီးဆုံး အကြံပြုချက်က ဘာလဲဆိုတော့ ရေကာတာ (၇) ခု ဆောက်မယ့် စီမံကိန်းကို လုံးဝဖျက်သိမ်းပါလို့ အကြံပြုပါတယ်။ အကယ်၍ မဖျက်သိမ်းနိုင်လို့ ဆက်ဆောက်ချင်တယ်ဆိုရင်(၇) ခု ဆောက်စရာမလိုဘူး။ အထူးသဖြင့် မြစ်ဆုံမှာ ဆောက်စရာမလိုဘဲနဲ့ မေခ-မလိခ နေရာမှာ အငယ်စား ရေကာတာလေး နှစ်ခု ဆောက်လို့ရပါတယ်။ အဲဒီ အငယ်စား ရေကာတာလေး နှစ်ခု ဆောက်ရင်လည်း။ ဒါက ရေကာတာ (၇) ခု ဆောက်ရင်ရမယ့် လျှပ်စစ်စွမ်းအင် ပမာဏကို မလျော့ဘဲ ရစေနိုင်တယ်လို့ ပညာရှင်တွေက သုတေသနပြု တင်ပြကြပါတယ်။ သဘောကတော့ ဒါကို ဖျက်ပါ။ မဖျက်နိုင်ရင် အငယ်စား နှစ်ခုဆောက်ပါပေါ့။ အဲဒါကို အဓိကအကြံပြုချက်ကို မြန်မာစစ်အစိုးရနဲ့ တရုတ်အာဏာပိုင်းတွေက လုံးဝလစ်လျူရှုတာကို တွေ့ရပါတယ်။
*************ဦးသန်းလွင်ထွန်း ။ ။ ဒီနေရာမှာ နှစ်ပိုင်း - တပိုင်းက ဘာလဲဆိုတော့ တရုတ်အစိုးရနဲ့ တရုတ် CPI - ရေကာတာ ဆောက်ပြီးရင်ရရှိမယ့် လျှပ်စစ်စွမ်းအားနဲ့ အကျိုးအမြတ်နဲ့ သူတို့ရဲ့  ရင်းနှီးမြုပ်နှံမှုတွေက တရုတ်ပြည်အတွက် အဓိကဖြစ်နေတော့ သဘာဝဘေးအန္တရာယ်ခံရမယ့် အခြေအနေတွေက ဗမာပြည်အတွင်းမှာ ဖြစ်နေတော့ သူတို့အနေနဲ့ ဂရုမစိုက်ဘူးထားလိုက်ပါ။ ဒါပေမဲ့လည်း တဖတ်မှာပါဝင်နေတဲ့ မြန်မာအစိုးရပိုင်း။ အခု မြစ်ဆုံရေကာတာ စီမံကိန်းမှာ မြန်မာအစိုးရပိုင်းနဲ့ တခြား ပုဂ္ဂလိကပိုင်းတွေ မြန်မာပိုင်းက ရင်းနှီးမြုပ်နှံနေတဲ့ ဦးဆောင်ပြီးလုပ်နေတဲ့လူတွေအနေနဲ့ကော ဗမာနိုင်ငံပိုင်းမှာ၊ ကိုယ့်နိုင်ငံအတွင်းမှာ ဖြစ်မယ့် ရေရှည်ထိခိုက်မှုတွေကို သူတို့အနေနဲ့ ထည့်တွက်မှုမရှိဘူးလား။
***********ဦးမင်းဇင် ။ ။ တကယ်တော့ ဝမ်းနည်းစရာကောင်းတာက တရုတ်ပညာရှင်တွေရဲ့  အချက်အလက်အရပဲ ရမယ့်အကျိုးအမြတ် ၇၀% ကို တရုတ်နိုင်ငံက ယူမှာဖြစ်ပြီးတော့ သူတို့က ၃.၆ ဘီလီယံ ရင်းနှီးမြုပ်နှံထားတော့ ရမယ့်အကျိုးအမြတ်ရဲ့  ၇၀% ကို တရုတ်နိုင်ငံကယူမယ်။ မြန်မာနိုင်ငံကတော့ ၂၀% ရမယ်။ ၂၀% ဆိုတာ ဒေါ်လာနဲ့တွက်ရင် တနှစ်ကို သန်း ၅၀၀ လောက်ပဲ ရှိပါတယ်။ ကြားပွဲစားတွေက ၁၀% လောက် ရမယ်။ ကျနော်မြင်တာကတော့ ကြားပွဲစားတွေက သူတို့အတွက် အကျိုးစီးပွားသိပ်များတဲ့အခါကြတော့ ၁၀% ဆိုတဲ့ ပမာဏက သိပ်မနည်းပါဘူး။ သာမန် ပုဂ္ဂလိက အကြံပေးပညာရှင်တွေ၊ စီးပွားရေးလုပ်ငန်းရှင်တို့ ရမယ့်ပမာဏက များပါတယ်။ အဲဒီအခါကြတော့ သူတို့တွေက ဒါကို မဖြစ်ဖြစ်အောင်။ ပညာရှင်တွေက မဆောက်နဲ့ ပြောပေမယ့် dam ဆောက်တာကိုက သူတို့အတွက် ပိုက်ဆံရပေါက်ရလမ်းဆိုတော့ သူတို့က မဖြစ်ဖြစ်အောင်လုပ်တဲ့ သဘောပါ။ မြန်မာစစ်အစိုးရဘက်ကတော့ တာဝန်မဲ့တဲ့အပိုင်းတွေ အများကြီးတွေ့ပါတယ်။ ဥပမာဆိုရင် မြစ်ကြီးနားကို စက္ကန့် ၂၀ အတွင်း ရေလွှမ်းမယ်။ မြစ်ကြီးနားတမြို့ လုံး ပျောက်သွားမယ်ဆိုတာကို ပညာရှင်တွေက ပြောတဲ့အခါမှာ*****( မြန်မာစစ်တပ်က ဘာလုပ်သလဲဆိုတော့ မပခ လို့ခေါ်တဲ့ မြောက်ပိုင်းတိုင်းကို မြစ်ကြီးနားကနေ ပူတာအိုကို ရွှေ့ ဖို့ အမိန့်ပေးပါတယ်။)****** ဒါကိုကြည့်မယ်ဆိုရင် မြန်မာ စစ်အစိုးရအနေနဲ့က ပြည်သူလူထုထက်စာရင် သူတို့ရဲ့  လုံခြုံရေး၊ သူတို့ရဲ့  စစ်တပ်မဟာဗျူဟာကိစ္စတွေကို စဉ်းစားနေတာ ဝမ်းနည်းစရာကောင်းတယ်လို့ ထင်ပါတယ်။
************* ဦးသန်းလွင်ထွန်း ။ ။ ဒါ စစ်အစိုးရရဲ့  ရင်းနှီးမြုပ်နှံမှုလား။ တခြား ဘယ်ကုမ္မဏီတွေ မြန်မာဘက်က ပါဝင်ပတ်သက်နေသလဲ။
**************ဦးမင်းဇင် ။ ။ ရင်းနှီးမြုပ်နှံမှု အပြည့်အဝကတော့ တရုတ်ပြည်က များပါတယ်။ မြန်မာပြည်ဘက်ကတော့ ပါဝင်ဆောင်ရွက်ပေးတာကတော့ Asia World ကုမ္မဏီက အဓိကလုပ်တာပါ။ Asia World ကုမ္မဏီဆိုတာကလည်း စတီဗင်လော လို့ခေါ်တဲ့ ဦးထွန်းမြင့်နိုင် က လုပ်တာပါ။ ဦးထွန်းမြင့်နိုင် ကလည်း အနောက်နိုင်ငံတွေရဲ့  စီးပွားရေးအရ ပစ်မှတ်ထား အရေးယူမှုတွေမှာ သူက ဘိန်းလုပ်ငန်းနဲ့ ပတ်သက်တယ်ဆိုပြီး အရေးယူခံထားရတာ ဖြစ်ပါတယ်။ ဒါကလည်း အနောက်နိုင်ငံတွေမှ မဟုတ်ပါဘူး။ တရုတ်အစိုးရကိုယ်တိုင်လည်း သိပါတယ်။ *************၂၀၀၉ ခုနှစ်လောက်က ဦးထွန်းမြင့်နိုင် တို့ ရန်ကုန်မှာ ဆောက်ထားတဲ့ သေဘာၤဆိပ္ကေန ထြက္သြားတဲ့ သေဘာၤေတြမွာ ဘိန်းတွေပါတယ်ဆိုပြီး တရုတ်အစိုးရက သတင်းပေးလို့ မြန်မာစစ်တပ်က ဖမ်းခဲ့တယ်ဆိုတာ သတင်းထဲမှာ ဟိုလေတကြော်ပါနေတာပါ။ ကျနော်ပြောချင်တာက Asia World ကုမ္မဏီက အဓိကပတ်သက်တယ်။ မြန်မာစစ်တပ်ထဲက စစ်ခေါင်းဆောင်တွေ ကြားရတဲ့သတင်းအရဆိုရင် ဦးတင်အောင်မြင့်ဦးတို့ အဓိက ပတ်သက်တယ်လို့ သိရပါတယ်။********* အဲဒီ ပုဂ္ဂိုလ်တွေက အဓိကပတ်သက်တာမို့လို့ ဒီကိစ္စကို ပြန်လည်သုံးသပ်ဖို့ ပညာရှင်တွေရဲ့  အကြံပြုချက်ဟာ ထင်သလောက်မပေါက်ဘူး ဖြစ်နေပါတယ်။
*********ဦးသန်းလွင်ထွန်း ။ ။ အဲဒီတော့ ဒေသခံလူထုအနေနဲ့ ကျနော်တို့ကြားသိရတာကတော့ ဒေသခံ ကချင်လူထု၊ ဒေသခံ အန်ဂျီအိုတွေကနေ ရေကာတာစီမံကိန်းနဲ့ ပတ်သက်ပြီး ကန့်ကွက်ဆန္ဒပြမှုတွေ၊ ကန့်ကွက်တဲ့စာတွေ လေ့လာချက်တွေ ထုတ်ထားတာကို တွေ့ရပါတယ်။ အလားတူပဲ ကေအိုင်အို ကချင်အဖွဲ့ကလည်း တရုတ်ပြည်ကိုတောင် စာရေးထားတယ်ဆိုတဲ့ အချက်တွေလည်း ကြားရပါတယ်။ အဲဒါတွေနဲ့ ပတ်သက်လို့ ဒေသတွင်း အခြေအနေတွေက ဘယ်လိုလဲ။
************ ဦးမင်းဇင် ။ ။ လုပ်ကြပါတယ်။ ဒေသခံ ကချင် ရပ်မိရပ်ဖတွေကော၊ ကချင်က အန်ဂျီအိုတွေ အားလုံးဝိုင်းပြီးတော့ ဒီကိစ္စကို မလုပ်ဖို့ တရုတ်အစိုးရနဲ့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ တို့ကို အကြိမ်ကြိမ် မေတ္တာရပ်ခံခဲ့တာတွေ ရှိပါတယ်။ အခုနပြောတဲ့ ကချင်လွတ်မြောက်ရေး တပ်မတော် ကေအိုင်အေ ကလည်း တရုတ်ပြည်ကို စာမျက်နှာ တစ်ရာကျော်လောက်ရှိတဲ့ အထောက်အထားတွေ ပူးတွဲပါဝင်တဲ့ စာတမ်းတွေ ပေးပို့တာရှိပါတယ်။ အဲဒီ စာတမ်းတွေမှာ တချို့ အချက်အလက်တွေကို သေသေချာချာ အထောက်အထားနဲ့ တင်ပြထားတာပါ။ ဥပမာဆိုရင် အဲဒီဒေသမှာ ၁၉၅၀ ကနေ ၂၀၁၀ အထိ ရေကြီးမှု အကြီးအကျယ် (၇) ကြိမ် ဖြစ်ခဲ့တယ်။ ဒါတွေကို အထောက်အထားနဲ့ တင်ပြထားတာကို တွေ့ရပါတယ်။ နောက်တခါ ပြတ်ရွေ့ ကြောကြောင့် မဟုတ်ဘဲ မြစ်က ရေစီးသန်တော့ ရေကြီးတဲ့အခါမှာလည်း ရေကာတာတွေရဲ့  အရည်အသွေးက သိပ်မကောင်းဘူး။ တရုတ်ရေကာတာရဲ့  အရည်အသွေးက သိပ်မကောင်းလို့ ရေကြီးတာကြောင့်လည်း ပြိုနိုင်ပါတယ်။ အဲဒါလည်း အထောက်အထားရှိပါတယ်။ ၂၀၀၆ ခုနှစ်က ချင်းခရိုင် ရေကာတာ မြစ်ကြီးနား နားမှာ ပြိုခဲ့ဘူးပါတယ်။ အဲဒါ ရေကြီးလိုပါ။ လူ (၅) ယောက်လောက် သေခဲ့ပါတယ်။ အဲဒီလိုမျိုးပဲ ဝါရှောင်ဆည်ဆိုလည်း လုံးဝပျက်သွားတာ ရှိပါတယ်။ ဒါတွေက အထောက်အထားနဲ့တကွ အထက်ကို တင်ပြတာပါ။ အခုအချိန်အထိတော့ ပြည်သူလူထုရဲ့  ပြည်သူလူထုကို ကိုယ်စားပြုတဲ့ ပုဂ္ဂိုလ်တွေရဲ့  တင်ပြချက်တွေကို အရေးတယူ စဉ်းစားတာ မတွေ့ရသေးပါဘူး။
**********ဦးသန်းလွင်ထွန်း ။ ။ အခုနောက်ပိုင်း လေ့လာချက်စာတမ်း အပြင်ကို ပေါက်ကြားပြီးနောက်ပိုင်းမှာ ကိုမင်းဇင်တို့အနေနဲ့လည်း တရုတ်ပြည်ဘက်ကို ရောက်ခဲ့တယ်။ အလားတူပဲ မကြာသေးခင်က တရုတ်ပညာရှင်တချို့ ၊ မြန်မာပညာရှင်တချို့ နဲ့ တွေ့ခဲ့တယ်ဆိုတာကိုလည်း ကျနော်ကြားရပါတယ်။ သူတို့ရဲ့  သဘောထားတွေက ဘယ်လိုရှိပါသလဲ။
***********ဦးမင်းဇင် ။ ။ တရုတ်ဘက်ကတော့ များသောအားဖြင့် ဒါကို သူတို့က နှစ်နိုင်ငံအကျိုးစီးပွား။ ဒါက အားလုံးကောင်းဖို့အတွက်ဆိုပြီး ဗြောင်းငြင်းခုခံတာကို တွေ့ရပါတယ်။ မြန်မာပညာရှင်တွေ၊ မြန်မာအန်ဂျီအိုတွေနဲ့ မြန်မာပြည်သားတွေကတော့ ဒီကိစ္စနဲ့ ပတ်သက်ပြီး တော်တော်ကို မခံမရပ်နိုင် ဖြစ်ကြပါတယ်။ ဒါကတော့ သူတို့အတွက် ဒါကို မြစ်ဆုံပြဿနာလို့ ကြည့်လို့မရပါဘူး။ ဘာဖြစ်လို့လည်းဆိုတော့ ဒီလေ့လာချက်ဟာ အချက်တချက်ကိုပဲ လေ့လာရသေးတာပါ။ ဥပမာဆိုရင် ဒီမြစ်ကြီးကို အဆင့် (၇) ဆင့် ပိုင်းလိုက်လို့ နှုန်မြေစီးဆင်းမှုတွေ မရှိတော့ဘဲနဲ့ မြစ်ဝကျွန်းပေါ်မှာ စပါးအထွက်တွေ နည်းသွားမယ်။ မြစ်ကြီးနှေးသွားတဲ့အတွက်ကြောင့်ပင်လယ်ရေတွေ ဝင်လာပြီး ပင်လယ်ရေတွေကြောင့် မြစ်ဝကျွန်းပေါ် ပျက်နိုင်တယ်။ အဲဒီလိုမျိုး မြစ်ကောသွားနိုင်တယ်။ အများကြီးရှိပါတယ်။ ဖြစ်နိုင်ချေတွေ။ ဒါတွေကို စံနစ်တကျ သုတေသနပြုပြီး ဒါတွေကို ပညာရှင်တွေက အစီရင်ခံစာတွေ ထပ်တင်သွင်းသင့်ပါတယ်။ အဲဒီလိုမျိုး မလုပ်ဘဲ ဒါကို အမှောင်ချထားတဲ့အတွက်ကြောင့် ဗမာလူမျိုးတွေ၊ ဗမာနိုင်ငံသားတွေအားလုံးကတော့ ဒါကို မခံမရပ်နိုင်ဖြစ်ပါတယ်။ ဒါတွေကို ခြုံကြည့်မယ်ဆိုရင် တရုတ်ကတော့ ကိုသန်းလွင်ထွန်း ပြောသလိုမျိုး သူ့ရဲ့  နိုင်ငံရေးဘောဂဗေဒ စီးပွားရေးအကျိုးစီးပွားအတွက် လုပ်မှာပါပဲ။ ကျနော်တို့ မြန်မာနိုင်ငံသားတွေက ဒီကိစ္စကို ကိုယ်လည်းရမှာပါ ဘာမှမရှိဘူး။ ပေးလိုက်ရမှာက မြန်မာပြည်ပြောင်းသွားမယ့် ကိစ္စဖြစ်ပါတယ်။ ဒါကြောင့်မို့ ကျနော်တို့တွေကိုယ်တိုင် ဒီကိစ္စကို ထထကြွကြွနဲ့ ပညာရှင်တွေရဲ့  အကြံဥာဏ်ကိုယူ၊ ဖြစ်နိုင်မယ်ဆိုရင် ဒီ dam ကို ချက်ချင်းရပ်ဆိုင်းဖို့ အားလုံးဝိုင်းကြိုးစားကြ။ ဒီကိစ္စမှာ တပ်မတော်၊ လက်ရှိအစိုးရ နဲ့ အတိုက်အခံ တွေအားလုံး ပါနိုင်မယ်ဆိုရင်တော့ တိုင်းပြည်အတွက် ပိုကောင်းပါတယ်။
*************ဦးသန်းလွင်ထွန်း ။ ။ တရုတ်နဲ့ အာဆီယံအရေး လေ့လာသုတေသနပြုနေတဲ့ အမေရိကန်နိုင်ငံ UC Berkeley တက္ကသိုလ်က ဦးမင်းဇင် ကို ဆက်သွယ်မေးမြန်းထားတာပါ။
Credit: VOA (Voice of America)
Golden Triangle
graphical counter

Sunday, November 15, 2015

"ဗိုလ်နေ၀င်း ဖော်စပ်သော နိုင်ငံတော်မွဲဆေး"

graphical counter"ဗိုလ်နေ၀င်း ဖော်စပ်သော နိုင်ငံတော်မွဲဆေး"
--------------------------------------------------
(ကြေးမုံဦးသောင်း)

ဒီမိုကရေစီအစိုးရခေတ်က ဗိုလ်ချုပ်ကြီးနေ၀င်း
အဖြစ် စစ်တပ်ကို ကွပ်ကဲစဉ်က လာဘ်လာဘကို
ရှောင်ကြဉ်သူတဦး ဖြစ်ခဲ့ပါသည်။ မြင်းပွဲများသို့
အမြဲသွားသူ ဖြစ်စေကာမူ အစိုးရပိုင်သော ငွေ၊
တပ်၏ငွေများကို ထိသူမဟုတ်ပါ။ သန့်ရှင်းသူ
ဖြစ်ပါသည်။
တခါတွင်ဇနီးဖြစ်သူ ဒေါ်ခင်မေသန်းက
အော်တိုကား ကုမ္မဏီနှင့် ဆက်သွယ်ကာ
Hillman မော်တော်ကားများကို တပ်မတော်မှ
အရာရှိများကို လဆိုင်းစနစ်နှင့်ရောင်းချရန်
စီစဉ်ပါသည်။ ဒေါ်ခင်မေသန်းက ကော်မရှင်ပွဲခ
ရယူမည့် အစီအစဉ်ကို သိသည်နှင့် တပြိုင်နက်
ဒေါ်ခင်မေသန်းကို ရိုက်နှက်ဆုံးမကာ စီမံကိန်း
ကို ဖျက်လိုက်ပါသည်။ ဖြောင့်မတ်သူ ဖြစ်ပါ
သည်။
၁၉၅၈ ခုနှစ် အာဏာသိမ်းစဉ်ကလည်း ငွေကြေး
ကိစ္စတွင် သူကိုယ်တိုင် သန့်ရှင်းစွာ ကျင့်သုံးပြီး
လက်အောက် ဗိုလ်မှူးကြီးများကို သန့်ရှင်းကြရန်
တင်းကျပ်စွာ အမိန့်ပေးခဲ့ပါသည်။
၁၉၆၁ ခုနှစ်က ထိပ်သီးစစ်ဗိုလ်ကြီး (၁၃) ဦး
ဖယ်ရှားစဉ် စစ်ဆင်ရေးရန်ပုံငွေ ဖြတ်တောက်
လာဘ်စားမှုမှ စတင်ကာ ငွေကြေးမသမာမှုများ
ကို အရေးယူသည် ဖြစ်ပါသည်။
သို့သော် ၁၉၅၇ ခုနှစ်တွင် အေဒီလမ်း အင်းလျား
ကန်ထိပ်တွင် စစ်ဦးစီးချုပ်နေထိုင်ရန် အိမ်ဆောက်
စဉ်ကမူ ဇနီးဒေါ်ခင်မေသန်း ဟောင်ကောင်သို့သွား
ကာ အိမ်ဆောက်ပစ္စည်များ၊ ဟိုင်ဖိုင်ဓာတ်ပြား၊
တိတ်ပြား၊ ဓာတ်စက်များ ၀ယ်ယူစေခြင်းတို့ ပြုလုပ်
သောအခါ နိုင်ငံရေးရပ်ကွက်က မျက်လုံးပြူးကာ
ကြည့်ကြပါသည်။
“မင်း နေ၀င်းဆောက်တဲ့ အိမ်ကို မြင်ပြီးပြီလား၊
အိမ်မဟုတ်ဘူး၊ နန်းတော်ကွ နန်းတော်” ဟု
ဒေါက်တာ ဘမော်က စာရေးသူအား ပြောပြပါ
သည်။
“ငါလည်း အာဏာရတုန်းက အနားယူတဲ့အချိန်မှာ
နေဖို့ ကိုယ်ပိုင်အိမ်ဆောက်ခဲ့တယ်။ ကျော်ငြိမ်းတို့၊
ချစ်မောင်တို့လည်း ကိုယ်ပိုင်အိမ်ဆောက်ကြတာပဲ။
အတွင်းဝန်တွေ၊ ၀န်ထောက်မြို့အုပ်တွေလည်း
ကိုယ်ပိုင်အိမ်ဆောက်ကြတယ်ဆိုတာ တနေ့ရာထူး
ပြုတ်တဲ့အခါ အနားယူတဲ့အခါ အတွက် အိမ်ဆောက်
ကြတာဟာ မဆန်းဘူး။
နေဝင်းက သူကိုယ်ပိုင်ဆောက်တာမဟုတ်ဘူး၊
တပ်မတော်ဦးစီးချုပ် နေဖို့ အိမ်ကို ဒီလိုအပင်ပန်း
ခံပြီး ဆောက်တာဟာ ဒီကောင် တသက်လုံး ရာထူး
က မဆင်းတော့ဘူးကွ” ဟု သူက ကောက်ချက်ချခဲ့
ပါသည်။
သူတသက်လုံး နေထိုင်ရန်အိမ်ကို အခွန်တော်ငွေနှင့်
ဆောက်ပြီး နောက်ပိုင်းတွင် ၁၉၆၂ ခုနှစ် အာဏာသိမ်း
ပြီးချိန်မှစတင်ကာနိုင်ငံ၏ ဓနစွမ်းအားမှန်သမျှ၊ နိုင်ငံပိုင်
ပစ္စည်းပစ္စယမှန်သမျှ သူ၏ မိသားစုပိုင်၊ ဘိုးဘွားပိုင်
ပစ္စည်းများအဖြစ် ထင်သလို စားသုံးပါတော့သည်။
ရန်ကုန်မြို့ အင်းလျားကန်ဟိုတယ်ကြီး၏ အ၀င်ဝတွင်
ကော်ဖီဆိုင်ကလေးတခု ဖွင့်ထားပါသည်။ များသော
အားဖြင့် ထိုဆိုင်တွင် လာရောက်စားသောက်သူမရှိပါ။
ဟိုတယ်သို့ တကူးတက လာရောက်သောက်နိုင်သူ
ရှားပါးသည်။ တင်မောင်နှင့် သတင်းစဉ်အယ်ဒီတာ
သန်းစိန်ထွန်း၊ မောင်မောင်ညိုတို့သည် နိုင်ငံခြားဧည့်
သည်များကိစ္စ၊ပြန်ကြားရေးဝန်ကြီးဌာန၏ ဧည့်ခံပွဲများ
ပြုလုပ်ရေး ကိစ္စများအတွက် အင်းလျားကန်ဟိုတယ်
သို့ မကြာခဏ သွားရလေ့ရှိပါသည်။ သွားလေတိုင်း
ဟိုတယ်ပေါက်ဝတွင် ဖွင့်ထားသော အထူးကော်ဖီဆိုင်
Expreeso ကော်ဖီခါးသောက်ကြလေ့ရှိပါ၏။ ရံဖန်ရံခါ
တွင် သန်းစိန်ထွန်းက မုန့်ပဲသရေစာ ဒါယကာခံရှာပါ
သည်။ ဈေးကလည်း ကြီးလှသဖြင့် အမြဲကော်ဖီ
မသောက်နိုင်ဘဲ ထိုင်ရုံသာ ထိုင်ခဲ့သည်လည်း ရှိပါ
သည်။
ဖြူဖြူချောချော ထောင်ထောင်မောင်းမောင်း
ကျောင်းသူ တဦးနှင့် ကျောင်းသူအဖွဲ့ကိုမကြာခဏ
တွေ့ရပါသည်။ ကျောင်းသူတို့ အုပ်စုက ဈေးမမေး
ဘဲ တန်းဖိုးကြီးသော မုန့်များကို အ၀အပြဲစားနိုင်ကြ
သည်ကို သတိပြုမိသဖြင့်ငွေရှင်းလျှင်မည်သူက ပေး
သနည်းဟု စောင့်ကြည့်မိပါသည်။ဘယ်လောက်ကျ
သနည်းဟုမမေးပါ၊ ငွေစာရင်းတောင်းခံလွှာမတောင်း
ပါ။ စားသောက်ပြီးတပျော်တပါးထွက်သွားကြပါသည်။
စားပွဲထိုးကလေးကို မေးကြည့်မိပါသည်။
“ဗိုလ်ချုပ်ကြီးရဲ့သမီး ဆေးကျောင်းသူ စန္ဒာဝင်းနှင့်
သူရဲ့သူငယ်ချင်းတွေလေ။ တော်တော်ကြာ တခြား
သမီးတွေ လာကြဦးမယ်။ ဒီဆိုင်က သူတို့တတွေ
နေ့လည်စာစားဖို့ ဖွင့်ပေးရတာပါ။ သူတို့က ဘယ်
တော့မှ ပိုက်ဆံမပေးဘူး” ဟု ဖြေပါ၏။
ဗိုလ်နေ၀င်းက နိုင်ငံပိုင် ပစ္စည်းမှန်သမျှ သူ၏
မိသားစုပိုင်အဖြစ် စားသုံးစေသူ ဖြစ်သည်။
သူ၏ သားသမီးများသာမက အပေါင်းဖော်များပါ
ထင်သလို စားသုံးကြစေပါသည်။ သားသမီးများမှာ
ငယ်စဉ်ကပင် ဒါတို့ပြေ၊ ဒါတို့မြေ၊ ဒါငါတို့မြေဟု
နိုင်ငံတခုလုံးကို အပိုင်စားစေဟု စိတ်ဓာတ်သွင်း
ထားပါသည်။
၁၉၆၂ ခုနှစ်၊ မတ်လ (၂) ရက်နေ့တွင် အာဏာသိမ်း
ပြီးနောက် (၃) လခန့်အကြာ ဇူလိုင်လ (၇) ရက် လူ
သတ်ပွဲ အပြီးတွင် “ခေါင်းရှုပ်တယ်” ဟု ဆိုကာ လန်
ဒန်သို့ ထွက်သွားပါသည်။ ထိုကာလမှ စတင်ကာ
တနှစ်လျှင် (၄) ခေါက်မျှ၊ (၄)လမျှ နိုင်ငံခြားသို့ သွား
ရောက် အပန်းဖြေလေ့ရှိပါသည်။ သူပိုင်စစ်စုံထောက်
တပ်က ၀န်ကြီးစစ်ဗိုလ် မှန်သမျှကို အမြဲမှန်ဘီလူးနှင့်
ကြည့်နေစေပြီး (၇) ရက်တကြိမ် ဆက်သားတဦး လန်
ဒန်သို့ စေလွှတ်ကာ သတင်းများကို အစီရင်ခံရသဖြင့်
စစ်ဗိုလ်ဝန်ကြီးများသည် သူရှိနေသော အချိန်များထက်
အနေအထိုင် အပြောအဆို ဆင်ခြင်ကြလေ့ရှိပါသည်။
“သူလုပ်နေတာတွေကို ခင်ဗျားမကြိုက်ပါဘူး။
သူမရှိတုန်း သိမ်းလိုက်ပါလား” ဟု အိမ်ရှေ့မင်းတပိုင်း
စစ်ဗိုလ်ကြီးကို ပြောမိပါသည်။ စကားလုံးနှင့် အဖြေပင်
မပေးရဲပါ။ အဓိပ္ပာယ်ရှိရှိ အပြုံးနှင့်သာ ဖြေ၀ံ့ရှာပါ၏။
ခေါင်းဆောင်ကြီး၏ နိုင်ငံခြားခရီးစားရိတ်မှာလည်း
ကြီးမြင့်လှပါသည်။အခိုင်းအစေလက်တိုလက်တောင်း
များ၊ ဆရာဝန်များ၊ စစ်စုံထောက်များ၊ သားသမီးများ၊
သားသမီးတို့၏ သူငယ်ချင်းများပါ ခေါ်လေ့ရှိပါ၏။
ပြန်လာပါက အစိုးရငွေနှင့် ၀ယ်လာသော နိုင်ငံခြား
ပစ္စည်းများကို ဒေါ်ခင်မေသန်းက မှောင်ခိုဈေးသို့ ပို့
ရောင်းပါသည်။
“တိပ်ရကော်ဒါ အသစ်အဆန်းကလေးဝယ်မလား၊
ဒေါ်ခင်မေသန်း ပါလာတာလေ” ဟု ရောင်းသူပွဲစား
များကို တွေ့ဖူးပါသည်။
ခရီးစားရိတ် ဖြုန်းတီးပုံနှင့် ပတ်သက်၍ ဂျာမဏီပြည်၊
ဘွန်းမြို့ မြန်မာသံရုံးမှ သံမှူးတဦးက ပြောပြပါသည်။
“ဗိုလ်ချုပ်ကြီးနဲ့အဖွဲ့အတွက် အငှားကားမဟုတ်တဲ့
အထူးတက္ကစီလေးစီးကို ဟိုတယ်ရှေ့မှာ (၂၄) နာရီ
ရပ်စောင့်ရမယ်ဆိုပြီး ငှားထားတယ်။ သူက ရက်(၂၀)
နေတော့ အငှာကားစားရိတ်က ကားသစ်ဝယ်လျှင်
သုံးစီး ၀ယ်နိုင်တယ်။ ကျနော်တို့ သံရုံးမှာ ကားစုတ်
ကားပျက်တစင်းပဲ ရှိတယ်။ ကားသစ်ဝယ်သုံးပြီးသံရုံး
ထားခဲ့လျှင်ဘယ်လောက်ကောင်းမလဲ၊ မပြောဝံ့ပါဘူး
လေ” ဟု ညည်းရှာပါ၏။
ဗိုလ်ချုပ်ကြီးသည် နိုင်ငံခြားဟိုတယ်များတွင်
တစ်ပေးကောင်းသူ၊ ဘောက်ဆူးပေးကောင်းသူ
ဟုကျော်ကြားပါသည်။ ဆေးရုံတက်ကာ ဆေးစစ်ရင်း
အနားယူရာတွင် ဆေးရုံကဆင်းသောနေ့တွင် ဆရာ
ဝန်များ၊ သူနာပြုများမှအမှိုက်လှဲသူများအထိ ၀န်ထမ်း
အားလုံးကိုဖက်ကာ လက်ဆောင်ပေးပါသည်။
ငွေဖလားကြီးတခု ထဲတွင် မြန်မာနိုင်ငံမှ သယ်လာ
သော ကျောက်လက်စွပ်၊ နားကပ်စသော လက်ဝတ်
ရတနာအမျိုးမျိုးကို သူက မကြည့်ဘဲ လက်နှင့်နှိုက်
ကာ ဆွဲယူ၍ လက်ဆောင်ပေးပါသည်။ အမေရိကန်
ဒေါ်လာ တထောင်တန် ရသူများ ရှိကြသည်။
နိုင်ငံပိုင်ငွေ မလေမလွင့်ရန် ချွေတာရှာပါသည်။
လန်ဒန်တွင် လနှင့်ချီကာ အနားယူရာတွင် ဟို
တယ်စားရိတ်က ကြီးမားသည်။ လိုသမျှကို
ရန်ကုန်ဘဏ္ဍာရေးဝန်ကြီးထံ တောင်းရသည်။
တချီတွင် မြန်မာအစိုးရတွင် လက်ကျန် နိုင်ငံခြား
သုံးငွေမရှိသဖြင့် ဗြိတိသျှလေကြောင်းကုမ္ပဏီမှ
ငွေချေးရဖူးသည်။
ထိုကြောင့် နိုင်ငံတော်အဖို့ စားရိတ်သက်သာစေရန်
လန်ဒန်တွင် အိမ်ကောင်းအိမ်သန့်တလုံးဝယ်ကာ
နေထိုင်ပါသည်။ ဒီမိုကရေစီအစိုးရ ခေတ်က သံရုံး
မြေနှင့် အဆောက်အအုံကို အစိုးရအနေနှင့် ၀ယ်ခဲ့
သကဲ့သို့ မ၀ယ်ဘဲ သူ၏မိတ်ဆွေ ဘီအိုစီ မန်နေဂျာ
ဟောင်း အင်္ဂလိပ်တဦး၏ အမည်နှင့် ၀ယ်ခဲ့ပါသည်။
ကံမကောင်း အကြောင်းမလှသဖြင့် သူ၏မိတ်ဆွေ
ခမျာ သေဆုံးရှာလေရာ ဇနီးဖြစ်သူက ခင်ပွန်းသည်
ပိုင်ဆိုင်ပစ္စည်း အဖြစ် သိမ်းယူသောအခါ ဗိုလ်ချုပ်ကြီး
မှာ ဘုံပျောက်သွားရှာပါသည်။ မြန်မာနိုင်ငံတွင်းတွင်
မည်သည့်အမှုကိုမဆို အနိုင်ယူနိုင်သော်လည်း
အင်္ဂလန်တွင် အင်္ဂလိပ်ဥပဒေဖြစ်နေသည်။ အိမ်ကို
မူလက မိမိနာမည်နှင့် မ၀ယ်ဘဲ ခိုးကြောင်ခိုးဝှက်
ဝယ်ခဲ့သဖြင့် ဥပဒေအရ ပိုင်ဆိုင်သူ၏ ဇနီးမယား
သာ ဆက်ခံပိုင်ဆိုင်ခွင့် ရှိလေရာ ဗိုလ်ချုပ်ကြီးမှာ
မည်သို့မှ မတတ်နိုင်ဘဲ သူခိုးလက်မှ သူဝှက်က
လုသည်ကို မခံချိမခံသာ ခံရရှာပါသည်။
စိတ်မကျေနိုင်သဖြင့် နောက်ထပ်အိမ်တလုံး
ဝယ်ပြန်ပါသေးသည်။ တခါသေဖူး ပျဉ်ဖိုးနား
လည်ပြီဖြစ်သဖြင့်နောက်ဝယ်သောအိမ်မှာ
လက်ထဲတွင် မြဲခဲ့ပါသည်။
ဤတချီတွင် မည်သူ့ကိုမှ အညံ့မခံပါ။
တပ်မတော်သား (၆) ဦးကို မြန်မာနိုင်ငံက
ခေါ်ယူကာ အိမ်စောင့်တာဝန်ချထားပါသည်။
နှစ်စဉ် တနှစ်တကြိမ် တပ်မတော်သား (၆) ဦး
ကို လန်ဒန်သို့လူလဲနှင့် စေလွှတ်ကာအိမ်တော်
စောင့်ရန် ပို့ပေးရပါသည်။
ဒုတိယအစီအစဉ်အရ ဗိုလ်ချုပ်ကြီး၏ ဘိလပ်
အိမ်တော်စောင့်ရှောက်ရေးအတွက် တပ်မတော်
သားများကို ဘိလပ်သို့ အလှည့်ကျပို့ရပြန်သဖြင့်
ဆင်ဖိုးထက် ချွန်းဖိုးက ကြီးရပြန်ပါသည်။
ဗိုလ်ချုပ်ကြီးနေ၀င်း၏ နန်းသက် (၂၄) နှစ် မပြည့်မီ
နိုင်ငံတော်လူမွဲနိုင်ငံဖြစ်ရလေသည်မှာမဆန်းပါပေ။
Andrew Soe
၈ ဇန်နဝါရီ ၂၀၁၅။

Tuesday, October 27, 2015

မိမိကိုယ် မိမိ ရင်းနှီးမြှုပ်နှံခြင်း


နည်းနည်းသုံး၊ များများလုပ်၊ များများစုတဲ့ ဘဝနေထိုင်မှု ပုံစံဟာ လူငယ်တွေရဲ့ ဘဝကို တကယ်ပဲ တိုးတက် အောင်မြင်စေမလား ဆိုတာ စဉ်းစားစရာ အချက် တစ်ခု ဖြစ်ပါတယ်။ တကယ်တန်း ဖြစ်ရမှာက သင့်လျော် လျောက်ပတ်သလိုသုံး၊ များများလုပ်၊ စုသင့်သလောက် စုဖြစ်ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ အသုံးစရိတ်ကို ခြိုးခြံ ချွေတာခြင်းက ယနေ့ခေတ်နဲ့ မသင့်လျော် ပါဘူး။
လူငယ်ဆိုတာ ရင်းနှီးရမယ့် နေရာတွေ အင်မတန်များပါတယ်။ အထူးသဖြင့် ပညာရေး ဖြစ်ပါတယ်။ ဒါ့အပြင် အခြားသော ရင်းနှီးမြှုပ်နှံစရာတွေ အများကြီးမှ အများကြီး ပါပဲ။ ဒါတွေကို မေ့ပြီးတော့ မရှိစလောက် ပိုက်ဆံကို စုနေကြတယ်။ အချို့ကျတော့ ဘာဆို ဘာမှ မစုပဲ သုံးဖြန်းနေကြ ပါတယ်။ ယင်း နှစ်ချက်စလုံးဟာ မှားယွင်းတာကြောင့် မိမိကိုယ်ကို ဘယ်လို ရင်းနှီးမြှုပ်နှံရမယ်ဆိုတာလေးကို ရေးသား မျှဝေပေးလိုက်ရ ပါတယ်။
ပညာတွင် ရင်းနှီးမြှုပ်နှံခြင်း
အားလုံး သိကြတဲ့ အတိုင်း ပညာရေး အတွက် ရင်းနှီးတော့မယ် ဆိုရင် နည်းနည်းသုံးလို့ မရတော့ ပါဘူး။ နည်းနည်းသုံးရင် ဈေးသက်သာတဲ့ ပညာရေး တစ်ခုသာ ရတော့မှာ ဖြစ်တာကြောင့် ဈေးသက်သာတဲ့ အလုပ်အကိုင် အခွင့်အလမ်းတွေပဲ ရရှိပါတော့မယ်။ စီမံခန့်ခွဲမှု သင်တန်း အောင်လက်မှတ်၊ စီမံခန့်ခွဲမှု ဒီပလိုမာနဲ့ စီမံခန့်ခွဲမှု ဘွဲ့ တို့ရဲ့ အာနိသင်တောင်မှ တစ်ခုနဲ့ တစ်ခု မတူတာတောင် သိလိမ့်မယ်။
ဒီလို ပြောလို့ သင်တန်းတက်မှ ပညာတတ်မယ်လို့လည်း မဆိုလိုပါ။ ဒါပေမယ့် ရှောင်လွဲလို့ မရတဲ့ logic တစ်ခုက အများ အသိအမှတ်ပြု သင်တန်း သို့မဟုတ် ကျောင်း တစ်ခုခုစီကနေ ရတဲ့ စာရွက်စာတမ်းများက မိမိရဲ့ အလုပ်အကိုင် အခွင့်အလမ်းများ အတွက် အထောက်အကူ ပြုနေခြင်း ဖြစ်ပါတယ်။
သင့် တစ်လ ဝင်ငွေ ၃ သိန်း ရတယ် ဆိုပါစို့။ တစ်ရက်ကို ဘတ်စ်ကားခ သို့မဟုတ် ခရီးစရိတ် ၁,၀၀၀ နဲ့ ရက် ၃၀ စာ တွက်ရင် ၃ သောင်း ရှိပါတယ်။ ထမင်းစရိတ်က မနက်၊ နေ့လည်၊ ညစာ သုံးခုပေါင်း ၃၀,၀၀၀ ဆိုပါစို့။ ဒါတောင် နှစ်ပြန်ဆီ၊ စားအုန်းဆီနဲ့ အချို့မုန့် ရောတဲ့ ဈေးသက်သာ ဟင်း၊ ထမင်းပါ။ တစ်လကို စားစရိတ်က ၁ သိန်း ရှိပါပြီ။ အဆောင် စရိတ် သို့မဟုတ် နေစရိတ်က တစ်လကို ၃ သောင်း။ ဒါတောင် သင် ရည်းစားထားရင် ကုန်မယ့် ငါးသောင်း မတွက်သေးဘူးနော်။ တစ်လ တစ်လကို ခြစ်ခြစ်ကုတ် သုံးရင် ပိုမယ့်ငွေက ၃ သောင်း ဝန်းကျင်ပဲ ရှိပါလိမ့်မယ်။ ဒါတောင် လစာ ၃ သိန်းနဲ့ တွက်တာပါ။ လစာ တစ်လ ၁သိန်းခွဲ သမားကနေ စတွက်ရင် တွက်ဝံ့စရာတောင် မရှိတော့ ပါဘူး။
ဒီအချိန်မှာ ငါ ငွေစုရမယ် ဆိုတဲ့ အတွေး ဝင်ရင် မှားတယ်လို့ မပြောချင်ပေမယ့် မှန်တယ်လို့လည်း မသက်ရောက် ပါဘူး။ ဘာလို့လဲဆို လူတွေဟာ မိမိကိုယ် မိမိ Self development (မိမိကိုယ်ကိုယ် တိုးတက်ရေး) လုပ်ရမယ် ဆိုတာကို မေ့ထားလို့ မရလို့ပဲ ဖြစ်ပါတယ်။ Self development လုပ်တဲ့ အခါ အလုပ်ကနေပဲ လုပ်သွားမှာလား တစ်ဖက်တစ်လှမ်း အားလပ် ချိန်မှာ လုပ်သွားမှာလား ဆိုတာကလည်း စဉ်းစားစရာ ဖြစ်ပါတယ်။ အလုပ်က သင်ပေးတဲ့ ပညာ ရှိတယ်။ မသင်ပေးတဲ့ ပညာရှိတယ်။ မိမိက အရောင်း ဝန်ထမ်း တစ်ယောက်ဆိုရင် စီမံခန့်ခွဲမှု ပညာကို သင်ထားသူက မိမိကိုယ် ခိုင်းပါလိမ့်မယ်။ မိမိက သူ့လို နေရာ ရောက်ချင်ရင် သူ့လို တတ်အောင်တော့ တတ်ဖို့ လိုအပ်မှာပဲ။ ဒီတော့ သင်တန်းဆိုတာ မဖြစ်မနေ ပြန်တက်ရ ပြန်ပါတယ်။ အဲ့ဒီမှာ ကုန်ကျစရိတ်က ပြန်ရှိ ပါတယ်။
တစ်ချိန်တုန်းက ဒုတိယ ကမ္ဘာစစ်ဖြစ်တော့ မြန်မာပြည်မှာ ပြည်သူတွေ ခြိုးခြံချွေတာဖို့ အတွက် ခေါင်းဆောင်တွေ မှာကြားပါတယ်။ မိမိရဲ့ အိမ်ဝိုင်းထဲမှာပဲ သီးပင် စိုက်ပျိုးဖို့ အတွက် ငရုတ်သီးတွေ၊ ငရုတ်ကောင်းတွေ အိန္ဒိယကနေ မှာမစားရစေဖို့ အတွက် တိုက်တွန်းပါတယ်။ ယင်းအချိန်တုန်းက မြန်မာပြည်တင်မက တစ်ကမ္ဘာလုံးက Sustainability (ရေရှည် တည်တံရေ ) ကို ဦးစားပေးခဲ့ကြရ ပါတယ်။ အကြောင်းကတော့ စစ်ဖြစ်နေတာကိုး။
ဒီခေတ်မှာတော့ ပြောင်းလဲလာပါပြီ။ ဒီခေတ်မှာက profibility (အကျိုးအမြတ် ရရှိရေး) ကို ကြည့်ရမှာ ဖြစ်ပါတယ်။ လက်ရှိ မြန်မာပြည်ရဲ့ သယံဇာတတွေဟာ ကုန်ဆုံးနေပြီပေါ့။ သစ်တောတွေ၊ အဖိုးတန် ရတနာတွေပေါ့။ အစရှိသဖြင့် ပြောဆိုနေမှုတွေ ရှိပါတယ်။ ဒါဟာလည်း မမှားပါဘူး။ သယံဇာတဆိုတာ သူ့ပမာဏ ကန့်သတ်ချက် မိုင်ကုန် တစ်ခု ရောက်ရင် ကုန်သွားမှာပါပဲ။ အဲ့ဒီလို အချိန်ခါကျရင် ဘယ်လို လုပ်ကြမလဲပေါ့။ မြန်မာပြည်ကြီး ဆင်းရဲသွားပါမလားပေါ့။ စာရေးသူ အမြင်အနေနဲ့ ဆိုရင် ဒါတွေဟာ စိုးရိမ်စရာ မဟုတ်ပါဘူး။ ဘာလို့လဲဆို Capital တွေထဲမှာ Human Capital က အရေးကြီး အချက်ကျဆုံး ဖြစ်ပါတယ်။ Resource တွေထဲမှာ Human Resource က အရေးကြီး အချက်အကျဆုံး ဖြစ်ပါတယ်။ Human ကနေပဲ material တွေကို စီမံ ခန့်ခွဲ အသုံးပြုခြင်း ဖြစ်တာကြောင့် human တစ်ခုသာ ကောင်းရင် development တစ်ခု ရရန် လုပ်ဖို့ လွယ်ကူပါတယ်။
အနီးစပ်ဆုံးအားဖြင့် စင်္ကာပူတို့လို နိုင်ငံကို ယှဉ်ပြီးတော့ လေ့လာနိုင်ပါတယ်။ ဘာ သယံဇာတမှ မရှိတဲ့ တိုင်းပြည်ကို ကမ္ဘာ့ မြို့ကြီး ဖြစ်အောင် လုပ်သွားတာ Human capital ကောင်းလို့ပါ။ ခေါင်းဆောင် လီကွန်ယု က ဦးဆောင်ပြီးတောင် တိုင်းပြည် နိုင်ငံသား အားလုံးရဲ့ လူနေမှု အဆင့်အတန်းတွေ၊ အကျင့် စရိုက်တွေ၊ ပညာတွေကို ပြုပြင် ထိန်းကျောင်း ပေးခဲ့ရာ ယနေ့ ကမ္ဘာမှာ စင်္ကာပူမှာ ရင်ကော့ ခေါင်းမော့နေရတဲ့ အဆင့်ကို ရောက်ခဲ့ ပါတယ်။ ဂျပန်နိုင်ငံကို ကြည့်ကြည့်ပါ။ ဆူနာမီငလျင် လုပ်လို့ ပြီးပြီးချင်း ပျက်ဆီးတဲ့ နေရာဒေသတွေမှာ သူအရင်ဆုံး စလုပ်တဲ့ တည်ထောင်ရေး လုပ်ငန်းစဉ်က ပညာရေးပဲ ဖြစ်ပါတယ်။ တဲတွေထိုးပြီး စာသင်ပေးပါတယ်။ Human capital/ Human resource ဟာ တိုင်းပြည်ရဲ့ ရတနာ ဖြစ်တယ်ဆိုတာကို သိထားလို့ ဖြစ်ပါတယ်။
ဒါတွေဟာ ခေါင်းဆောင်တွေ လုပ်ပေးမှ တိုင်းပြည် နိုင်ငံသားတွေ လုပ်ရမယ်လို့ မဆိုလိုပါ။ ဘယ်သူမပြု မိမိမု ဆိုသလိုသာပဲ မိမိကိုယ် မိမိ ကောင်းအောင်လုပ်မှ ရမယ့် အနေအထား တစ်ခုမှာ မိမိကိုယ်ကို ကောင်းအောင် ကြိုးပမ်း ဆောင်ရွက်ထားဖို့ လိုအပ် ပါတယ်။ မိမိကိုယ် မိမိ ရင်းနှီးမြှုပ်နှံခြင်းဆိုတာ များသောအားဖြင့် ပညာရေးမှာ အသုံးချခြင်း ပိုမို သဘော သက်ရောက် ပါတယ်။ ပညာ ဆိုတဲ့အခါ အလုပ် လုပ်ရင်းနဲ့ ရလာတဲ့ အလုပ် အတွေ့အကြုံဟာလည်း ပညာပဲ ဖြစ်သလို ကျောင်းပညာ တတ်မြောက်မှ ရတာကလည်း ပညာ ဖြစ်ပါတယ်။ Vocational knowledge (သက်မွေးမှု ဆိုင်ရာ အသိပညာ) နဲ့ Academic Knowledge (ပညာရေး ဆိုင်ရာ အသိပညာ) နှစ်ခု ပေါင်းစပ်ပါမှ ပြည့်စုံတဲ့ ပညာ ဖြစ်ပါလိမ့်မယ်။ ဒီတော့ မိမိတွေ ဒီအချိန်မှာ ငွေ အသုံးစရိတ် လျော့ပြီး ပိုက်ဆံစုဖို့ စဉ်းစားနေမယ့် အစား လိုအပ်တယ် ထင်တဲ့ ပညာမှာ ရင်းနှီးမြှုပ်နှံရပါမယ်။
အချိန်တွင် ရင်းနှီးမြှုပ်နှံခြင်း
တကယ်တန်း မိမိ ချွေတာ စုဆောင်းရမှာက အချိန်ပါ။ အချိန်ကို သေချာ ခွဲဝေ အသုံးချလိုက်နိုင်မယ်ဆိုရင် သင်တန်းတက်ဖို့ သို့တည်းမဟုတ် မိမိကိုယ်တိုင် လေ့လာဖို့ အတွက် သီးသန့် အချိန်လေးတွေ ထွက်လာပါလိမ့်မယ်။ တစ်လ ကို တက္ကဆီဖိုး တစ်သိန်းလောက် ရင်းမယ်ဆိုရင်လည်း စဉ်းစားကြည့် ဒီ တစ်သိန်း ရင်းလိုက်လို့ ငါ့အတွက် အချိန်ပို ဘယ်လောက် ထွက်မလာလဲ။ စိတ် အနှောင့်အယှက် ဘယ်လောက် သက်သာသွားမလဲ။ ယင်း သက်သာမှုများကြောင့် ငါ့ရဲ့ လုပ်အားကို ဘယ်လောက် တိုးလာစေနိုင်သလဲ။ ငါ့ရဲ့အလုပ်အတွက် အတွေးသစ် အမြင်သစ်တွေ ထုတ်ဖို့ အတွက် အာရုံနှောက်စရာတွေ ဘယ်လောက်တောင် ကင်းသွားမလဲပေါ့။ ယင်းအချက်တွေကို balance လုပ်တဲ့အခါ တက္ကဆီဖိုး တစ်သိန်း ရင်းခြင်းက မိမိအတွက် ၂ သိန်း ပြန်ရရင် ဘာလို့ မရင်းရမှာလဲ။ ရင်းနှီးမြှုပ်နှံမှုလို့ ဆိုတဲ့ အထဲမှာ လူတွေဟာ မိမိရဲ့ အချိန်ကို ပိုရဖို့ အတွက် ငွေ ရင်းနှီးမြှုပ်နှံဖို့ မေ့နေကြပြီး တန်ဖိုး တည်ငြိမ်မှု မရှိတဲ့ ပစ္စည်းနဲ့ ပိုက်ဆံတွေကိုသာ စုပြီး ရင်းနှီးမြှုပ်နှံမိနေကြ ပါတယ်။ မကုန်သ့င်တဲ့ အချိန်တွေလည်း ပိုကုန်နေကြ ပါတယ်။
လူငယ်ရဲ့ သဘောတရားက ဒါလုပ်ရင် ဒါဖြစ်ရမှာကို ပိုလိုချင်တယ်။ ဒီနေ့ လုပ်ရင် ဒီနေ့ ချက်ချင်း အကျိုးအမြတ် ရချင်တယ်။ အချိန်တို အတွင်း ရရှိလာမယ့် အကျိုးကျေးဇူးကို ပိုလို့ လိုချင်တာ သဘာဝပါ။ အကြောင်းက သူဟာ အမြဲ ဆာလောင်နေတယ်။ ဘာကို ဆာလောင်သလဲဆို အောင်မြင်မှုတွေ၊ ဂုဏ်တွေ၊ ပညာတွေ၊ စီးပွားရေးတွေပေါ့။ တကယ်တန်းကျတော့ ယင်းအချက်တွေကို ရရှိဖို့ အတွက် ရင်းနှီးမြှုပ်နှံမှုဟာ ရည်ရှည် လုပ်ရပါတယ်။ များများရင်းရင် များများ ရသလိုပဲ အချိန်ကြာကြာ ရင်းရင် ပိုမိုကြီးမားတဲ့ ရလဒ်ကို ပြန်ရတတ် ပါတယ်။
အားကစားတွင် ရင်းနှီးမြှုပ်နှံခြင်း
စာရေးသူ အနေနဲ့ စင်္ကာပူကို ရောက်သွားတဲ့ အချိန် ဆန်တိုဆာ အပန်းဖြေကျွန်းရဲ့ ကစားကွင်းတွေထဲမှာ လူငယ်တွေ အစု အဖွဲ့လိုက် ပြေးနေတာတွေ့သလို၊ အစုလိုက် ကနေကြသူများလည်း ရှိပါတယ်။ သူတို့လေးတွေကို ရုပ်တည်တည်နဲ့ စကားသွားပြော မေးကြည့်တော့ ကုမ္ဗဏီ အသီးသီးမှာ ဂျူနီယာ အဆင့် အင်ဂျင်နီယာများ၊ မန်နေဂျာများ၊ မာကဲတင်း သမားများ ဖြစ်ပါတယ်။ အသက်အားဖြင့်က ၂၀ ကျော်ကနေ ၃၀ ကျော် ဝန်းကျင် အထိလည်း ပါဝင်ပါတယ်။ သူတို့ အနေနဲ့ ယင်းကဲ့သို့ သူငယ်ချင်းများနဲ့ စုပြီးတော့ အဖွဲ့များ ဖွဲ့ပြီး ပြေးခြင်း၊ ရေကူးခြင်း၊ ဘောလုံးကန်ခြင်း၊ ကခြင်း၊ စက်ဘီးစီးခြင်း တို့ကို လုပ်ကြခြင်း ဖြစ်ပါတယ်။ အချို့ကျတော့လည်း တစ်ဦးချင်း လုပ်ကျတာ ရှိသလို အချို့ကျတော့ မိသားစုလိုက် လုပ်ကြ ပါတယ်။ အချို့ကျတော့ ညနေ အလုပ်က ပြန်တဲ့အခါ အိမ် ပတ်ဝန်းကျင်မှာ ပြေးလွှားခြင်းတို့ ပြုလုပ်ကြ ပါတယ်။
ဒါကြောင့်မို့ စင်္ကာပူမှာ လူငယ်တွေ ကြည့်လိုက်ရင် ကျန်းမာ သန်စွမ်းပြီး စမတ်ကျ၊ လှပနေသူ များပြား ပါတယ်။ မြန်မာပြည်နဲ့ ပြန်ယှဉ်ကြည့်တဲ့ အခါ အားကစားကို လိုက်စားသူ အင်မတန် နည်းတာကို တွေ့ရ ပါတယ်။ အကြောင်းပြချက်ကို မေးလိုက်ရင် ကြက်တောင်ရိုက်ဖို့ အတွက် ဘတ်တန် မဝယ်နိုင်တာတို့၊ အချိန် မရတာတို့၊ စက်ဘီး မဝယ်နိုင်တာတို့၊ သွားဆော့စရာ နေရာ မရှိတာတို့ အစရှိသဖြင့် အကြောင်းပြချက် အမျိုးမျိုး ရှိပါတယ်။ အမှန်တော့ အားကစား လုပ်ခြင်းဟာ မိမိရဲ့ ဘဝ စွမ်းဆောင်ရည်နဲ့ ထပ်တူနီးပါး သွားကျ ပါတယ်။ အားကစား တစ်ခုကို လိုက်စား လုပ်ဆောင်နေသူ တစ်ဦးဟာ တက်ကြွ ဖြတ်လတ်မှု ရှိပြီး အလုပ်မှာလည်း Active ဖြစ်သလို၊ ပိုလည်း အလုပ် လုပ်နိုင်ကြ ပါတယ်။
မြန်မာပြည်က လူငယ်တွေကို မေးလိုက်ရင်ဖြင့် အချိန်တွေ ဘတ်စ်ကားပေါ်မှာပဲ ကုန်နေကြောင်း အချိန် မရကြောင်းက အဓိက အကြောင်းပြချက် ဖြစ်ပါလိမ့်မယ်။ အားကစားကို နေ့တိုင်း မလုပ်နိုင်ရင် လုပ်စရာ မလိုပါဘူး။ တစ်ပတ်ကို တစ်ရက် သို့မဟုတ် နှစ်ရက် အားကစားနည်း တစ်ခုခုကို ပုံမှန် လိုက်စားနေသင့် ပါတယ်။ ဒါဟာလည်း ရင်းနှီးမြှုပ်နှံမှု တစ်ခုပါ။ သူ့မှာ ရင်းနှီးမြှုပ်နှံခြင်း အကြောင်း body အပြင်ပိုင်း ကျန်းမာရေး အတွက်သာ မက စိတ်ဓာတ်ပိုင်း ဆိုင်ရာနဲ့ ဥာဏ်ရည် ဥာဏ်သွေးဆိုင်ရာတို့မှာ များစွာ အထောက်အကူ ပြုပါလိမ့်မယ်။ သွေးလည်ပတ်မှု ကောင်းနေတဲ့ လူတစ်ယောက်ဟာ ဦးနှောက်နဲ့ ကိုယ်အစိတ်အပိုင်း လုပ်ဆောင်ချက်များကို တိုက်ရိုက် ကောင်းကျိုး ပေးတာကြောင့် လုပ်ဆောင်ချက်တွေ ပိုတက်စေပါလိမ့်မယ်။
ကျန်းမာရေးတွင် ရင်းနှီးမြှုပ်နှံခြင်း
ဖွံ့ဖြိုးပြီး တိုင်းပြည်တွေမှာ တစ်နှစ်ကို ဘယ်နှစ်ကြိမ်ဆိုပြီးတော့ နိုင်ငံသားတိုင်း တစ်ကိုယ်လုံး ဆေးစစ်ခွင့် ရှိပါတယ်။ မြန်မာပြည်မှာဒါတွေ မရလို့ စိတ်မညစ်ပါနဲ့။ မိမိမှာ ရှိတဲ့ ပိုက်ဆံနဲ့ ကိုယ်တိုင် အကုန်ကျ ခံလုပ်ပါ။ ကိုယ်ကိုယ်တိုင်ကို လူ အကောင်းကြီးလို့ ထင်ကောင်း ထင်နေပေမယ့် ဆေးစစ်တဲ့ အခါမှ ဆိုးတာတွေ မြင်ရင် ဘယ်နှယ့်လုပ်မလဲ။ ကြိုသိထားရင် ကာကွယ်လို့ ရပါတယ်။ အံသွား နှုတ်သင့်သလား၊ ဘီပိုး ကာကွယ်ဆေး ထိုးသင့်သလား၊ အူအတက် အန္တရာယ် ရှိလား အစရှိသဖြင့် အားလုံး လေ့လာထားဖို့ လိုအပ် ပါတယ်။
နောက်တစ်ချက်က အစားအသောက် ဖြစ်ပါတယ်။ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစား အသောက်တွေကို စားသုံးပေးရန် လိုအပ် ပါတယ်။ ရန်ကုန်လို မြို့မှာဆိုရင်ဖြင့် သန့်ရှင်း လတ်ဆတ်မှု မရှိတဲ့ လမ်းဘေး အစားအစာများ အင်မတန် ပေါများ ပါတယ်။ စားအုန်းဆီ၊ နှစ်ပြန်ဆီ အသုံးပြုခြင်းတို့ကြောင့် ကင်ဆာကို ဖြစ်စေပါတယ်။ အချိုမှုန့်ကြောင့် ဥာဏ်ရည် ဥာဏ်သွေး ကျစေပြီး နှလုံးရောဂါတင်မက အခြားသော ရောဂါများ ဖြစ်စေ ပါတယ်။
ရန်ကုန်မြို့ရှိ အစားအသောက် ၅၀ ရာခိုင်နှနုး လောက်က ကျန်းမာရေးနဲ့ မညီညွတ်နေပါဘူး။ ကျန်းမာရေးနဲ့ ညီညွတ်အောင် စားဖို့ ကြိုးစားပြန်တော့ ကုန်ကျစရိတ်က များပြန်ပါတယ်။ ထမင်း တစ်နှပ် သုံးထောင်လည်း ဖြစ်ကောင်း ဖြစ်သွားပါလိမ့်မယ်။ အိမ်မှာ အမေ ချက်ပေးရင်တော့ ကုန်ကျစရိတ် သက်သာတာပေါ့။ အပြင်မှာ စားသူများ ဆိုရင်ဖြင့် ကျန်းမာရေးနဲ့ မညီညွတ်တာကို ရှောင်ကြဉ်ပြီး ကျန်းမာရေးနဲ့ ညီညွတ်တာတွေကိုပဲ ရွေးစားရပါမယ်။ ကုန်ကျစရိတ် များပါလိမ့်မယ်။ ဒါပေမယ့် ဒါဟာလည်း ရင်းနှီးမြှုပ်နှံမှု တစ်ခုပါ။ ယင်း ရင်းနှီးမြှုပ်နှံမှုဟာ ချက်ချင်းလည်း အကျိုးထူးသလို အသက်ကြီးတဲ့ အချိန်အထိကိုလည်း အကျိုးကျေးဇူးများစွာ ဖြစ်ထွန်းစေပါလိမ့်မယ်။
ဒီတော့ အနှစ်ချုပ်ရမယ်ဆိုရင် ကိုယ် ရင်းနှီးမြှုပ်နှံရမယ့် နေရာတွေက ပညာမှာ ရှိမယ်။ အချိန်မှာရှိမယ်။ အားကစားမှာ ရှိမယ်။ ကျန်းမာရေးမှာ ရှိပါမယ်။ ဒီထက်မကပဲ ကိုယ့်ဆီမှာ ငွေကြေးတွေလည်း ရှိတယ်။ ပညာလည်း စုံတယ်ဆိုရင် နောက်ထပ် ရင်းနှီးမြှုပ်နှံရမှာက ကိုယ်ပိုင် စီးပွားရေး လုပ်ငန်း ဖြစ်ပါတယ်။ မြေကွက်ဝယ်ခြင်း မဟုတ်ပါဘူး။ တိုးတက်ပြောင်းလဲလာတဲ့ နိုင်ငံမှာ စီးပွားရေးဟာ ဘက်ပေါင်းစုံကနေ တိုးတက်ဖို့ လိုအပ် ပါတယ်။ နည်းပညာ အပြင် ထုတ်ကုန်နဲ့ ဝန်ဆောင်မှုတွေထဲကနေ တိုးတက်ရန် လိုအပ်တဲ့ နေရာများစွာ ရှိတာကြောင့် မိမိဟာ ဘာလုပ်လုပ် အင်မတန်ကောင်းတဲ့ အချိန်အခါ ဖြစ်ပါတယ်။ လူငယ်တွေ အနေနဲ့ လုပ်ငန်း အတွေ့အကြုံလည်း ရှိလာပြီ ဆိုရင် ရွေးချယ်ရမှာက ကိုယ်ပိုင် စီးပွားရေး ဖြစ်ပါတယ်။ ကိုယ်ပိုင် စီးပွားရေး ဟာလည်း ရင်းနှီးမြှုပ်နှံမှု တစ်ခုပါပဲ။ ယင်း ရင်းနှီးမြှုပ်နှံမှုကြောင့် တစ်နေ့ တစ်ချိန် အောင်မြင်လာရင် အသေးစားကနေ အလတ်စား၊ အလတ်စားကနေ အကြီးစား ဖြစ်သွား ပါလိမ့်မယ်။
မာ့ခ်ဇူကာဘတ်ဆိုရင် ဝဘ်ဆိုဒ် သေးသေးလေး စတင်ရာကနေ ကမ္ဘာလူဦးရေရဲ့ ၁ ဘီလျံမကသော လူတို့ရဲ့ အသုံးပြုရာ ဝဘ်ဆိုဒ်ဖြစ်သွားပါတယ်။ ယင်းဟာ Facebook ဖြစ်ကြောင်း လူတိုင်း သိပါလိမ့်မယ်။ ဒါကြောင့်မို့ မိမိမှာ ရင်းနှီးမြှုပ်နှံစရာ ကုန်သွားပြီး ရလဒ်တွေကလည်း ပြန်ရနေပြီ ပညာ စုံသင့်သလောက် စုံလို့ အဆင်သင့်ဖြစ်ပြီ ဆိုရင် ကိုယ်ပိုင် စီးပွားရေး ဆိုတဲ့ ရင်းနှီးမြှုပ်နှံမှုကို စတင် သင့် ပါတယ်။ အလုပ်ကို အလုပ် သဘောတောင် မထားနိုင်တော့ပဲ မိမိရဲ့ ဘဝ အစိတ်အပိုင်း တစ်ခုပမာ မြင်နေပြီ လုပ်ဆောင်မိနေပြီဆိုရင် ဒါဟာ အောင်မြင်မှုရဲ့ လမ်းစ ဖြစ်ပါတယ်။ အကြောင်းကတော့ Passion (ပြင်းပြစိတ်) ဆိုတဲ့ အရာကို သွားတွေ့လိုက်လို့ပါ။ ဒီတော့ စီးပွားရေး တစ်ခု ရင်းနှီးစတင်တဲ့အခါမှာလည်း မိမိရဲ့ Passion နဲ့တူတဲ့ အရာကို ရင်းနှီးသင့်ပါတယ်။
အထက်ပါ အချက်များဟာ မိမိကိုယ်ကို မိမိ ရင်းနှီးမြှုပ်နှံရန် မေ့လျော့နေသူများ အတွက် ရင်းနှီးမြှုပ်နှံစရာများပဲ ဖြစ်ပါတယ်။
Credit : yoyarlay

Monday, August 31, 2015

အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးနှင့် သဘာဝသယံဇာတ




စစ်တပ်က ၁၉၈၈ စက်တင်ဘာ ၁၈ ရက် နေ့ အာဏာသိမ်းသောအခါ “ဒို့တာဝန်အရေး ၃ ပါး” ကို တိုင်းပြည်သို့ စတင်မိတ်ဆက်ပေးခဲ့သည်။ ၎င်းတို့ကား မည်သူမျှမငြင်းနိုင်သော အမှန်တရားဖြစ်သည့် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှု မပြိုကွဲရေးနှင့် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေး တို့ဖြစ်ကြသည်။ သေချာစွာ တွေးတောစိစစ်ပါက အချက် ၃ ချက်စလုံးမှာ သဘောတရား အတူတူပင်ဖြစ်သည်။ တိုင်းရင်းသားအရေးကို ဦးစားပေးသယောင်ဖြင့် ပြည်ထောင်စုဟူသော စကားရပ်နှင့် တိုင်းရင်းသား စည်းလုံးညီညွတ်မှုဟူသော စကားရပ်ကို တစ်ခုစီ ထပ်မံထည့်သွင်းထားသော်လည်း အရေး ၃ ပါးစလုံး၏ အနက်မှာ တစ်ခုတည်းပင်ဖြစ်၏။ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးပင် ဖြစ်သည်။

မည်သူအတွက်ဟု တိတိကျကျ ဖော်ပြမထားသော အရေး ၃ ပါးမှာ တပ်မတော်သာမက နိုင်ငံသားအားလုံး လေးစားလိုက်နာရမည့် နိုင်ငံရေးရတနာ ၃ ပါးဖြစ်သည်။ သို့သော် တပ်မတော်အတွက်မူကား အနည်းငယ်ပိုသည် ဟုဆိုရမည်။ အဘယ်ကြောင့်ဆိုသော် ဒို့တာ ၀န်အရေး ၃ ပါးကို ကာကွယ်စောင့်ရှောက်ရမည်ဟု စစ်ခေါင်းဆောင်အသီးသီး၏ စစ်တက္ကသိုလ် ကျောင်းဆင်းမိန့်ခွန်းများနှင့် တပ်မတော်စစ်ရေးပြ အခမ်းအနားများတွင် ရဲမက်စစ်သည် အပေါင်းကို ရည်ညွှန်းပြောဆိုလေ့ရှိသောကြောင့်ပင် ဖြစ်သည်။ ပြန်လည် တွေးတောမည်ဆိုပါက မလိုက်နာနိုင်သူတို့ကို လိုက်နာအောင်ဆောင်ရွက်ပေးရမည့် တာဝန်မှာ တပ်မတော်သား အားလုံးတွင်ရှိသည်ဟူသော အဓိပ်္ပာယ်ဆောင်သည်။ သေနတ်ကြီးများ တကားကားနှင့် အခမ်းအနားများတွင် အမြဲတမ်းသတိပေးသလို ထည့်သွင်း ပြောကြားလေ့ရှိသောကြောင့် မလိုက်နာသူများကို အင်အားသုံး အရေးယူရမည့်တာဝန်မှာ တပ်မတော်၏ မူလတာဝန်ဖြစ် သည်ဟု စွဲမြဲစေရန် တမင်ရည်ရွယ်၍ ပြောဆိုခဲ့ကြသလားဟုပင် စဉ်းစားမိသည်။
၁၉၈၈ ခုနှစ်၊ စက်တင်ဘာလ ၁၈ ရက်နေ့တွင် တပ်မတော်မှ အာဏာသိမ်းခဲ့သည်ဟုဆိုကာ တပ်မတော် ထိပ်တန်းခေါင်းဆောင်များသာ ပါဝင်သည့် နိုင်ငံတော် ငြိမ်ဝပ်ပိပြားရေး တည်ဆောက်ရေးအဖွဲ့ကို ဖွဲ့စည်း၍ မြန်မာနိုင်ငံကို အုပ်ချုပ်ခဲ့သည်။ အစောပိုင်းကာလများတွင် အုပ်ချုပ်ရေး ပျက်ပြားနေသည်ကို အကြောင်းပြကာ အရပ်ဘက်တရားဥပဒေများ (ထိုအချိန်ကတော့ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ကို အခြေပြုသောဥပဒေ)ကိုပြစ်ပယ်ပြီး စစ်အုပ်ချုပ်ရေးဖြင့် အုပ်ချုပ်ခဲ့သဖြင့် ပြည်နယ်တိုင်း ဒေသအသီးသီး၏ စစ်တိုင်းမှူးများသည် အမြင့်ဆုံး အာဏာများကို သုံးစွဲနိုင်သည်အထိ လုပ်ပိုင်ခွင့်များပေးခဲ့သည်ကို တွေ့ရသည်။ စစ်အုပ်ချုပ်ရေးသည် တိုင်းပြည်ကို အမှန်တကယ် တည်ငြိမ်အေးချမ်းအောင် ဆောင်ရွက်နိုင်ခဲ့ပါသလောဟု ဆန်းစစ်မည်ဆိုပါက နိုင်ငံရေးတက် ကြွသူများကို လုံခြုံရေးအကြောင်းပြ ဖမ်းဆီးခြင်း၊ စစ်အုပ်ချုပ်ရေးကို ဆန့်ကျင်သူများအား နှိပ်စက်ညှဉ်းပန်းခြင်း၊ လက်နက်ကိုင်တိုက်ပွဲများကို ပြင်းပြင်းထန်ထန် နှိမ်နှင်းခြင်းတို့ကို အတားအဆီးမဲ့ ဆောင်ရွက်နိုင်ခဲ့ခြင်းကြောင့် ငြိမ်ဝပ်ပိပြားသွားရုံသာ ရှိသည်။ ပြည်သူလူထုလို လားချက်များကို ဖော်ဆောင်နိုင်သောကြောင့် အမှန်တကယ် တည်ငြိမ်အေးချမ်းသွားခြင်းမျိုး မဟုတ်တာ အလွန်သေချာသည်။
စစ်အုပ်ချုပ်ရေးထက် ပိုဆိုးသည်က တရားလက်လွတ် ဖမ်းဆီးခြင်းပင်ဖြစ်သည်။ ညအချိန်မတော် အိမ်တံခါးခေါက် ဧည့်စာရင်းစစ်စရာရှိလို့ဟု ပြောဆိုကာ တံခါးအတင်းဖွင့်ခိုင်းသူများ ပေါ်ပေါက်လာသည်။ ရပ်ကွက်အုပ်ချုပ်ရေးမှူး အသစ်များ အလျှိုအလျှိုပေါ်လာကာ ထောက်လှန်းရေး သတင်းပေးတွေ ဖြစ်မှန်းမသိဖြစ်လာ ကြသည်။ ဧည့်စာရင်းအကြောင်းပြ၍ အိမ်ထဲအတင်းဝင်ကာ ရှိသမျှ စာရွက်စာတမ်းတွေကို မွှေနှောက်ရှာဖွေသည်။ သမဂ်္ဂတံဆိပ်ပါသော စာရွက်၊ ကြေညာချက်၊ နိုင်ငံခြားမှ ထုတ်ဝေသော နိုင်ငံရေးစာအုပ် တစ်အုပ်တလေ တွေ့လျှင်ပင် ထိုသူကို ထောက်လှန်းရေးပို့ကာ စစ်ဆေးမေးမြန်းပြီး ထောင်သွင်း အကျဉ်းချလေ့ရှိသည့် ခေတ်ဆိုးကြီးပင်ဖြစ်သည်။ တောခိုသွားသည်ဟု ယူဆခံရသော ကျောင်းသားမိဘတို့၏ အိမ်တို့ကား ဆိုဖွယ်ရာမရှိ။ လုံခြုံရေး တပ်လှန့်တိုင်း စစ်ဆေးခံကြရသည်။
စစ်ထောက်လှန်းရေး တပ်မှူးများပါဝင်သော သတင်းထုတ်ပြန်ရေးအဖွဲ့က နိုင်ငံတော် သတင်းစာရှင်းလင်းပွဲများ ပြုလုပ်ကာ ဒီမိုကရေစီရေး လှုပ်ရှားမှုများကို မြေပေါ်မြေအောက် အဖျက်သမား၏ လှုံ့ဆော်မှုကြောင့် ဖြစ်ပေါ်လာရသည်ဟု ပုံဖျက်ပြောဆို ၀ါဒဖြန့်ချိကြသည်။ သတင်းစာမှန်သမျှတွင် သမိုင်းရေစီးလှိုင်းကြီး လှေထန်ဟူသောစကားလုံးဖြင့် ဒီမိုကရေစီလှုပ်ရှားမှုများကို မင်းမဲ့စရိုက်လှုပ်ရှားမှုများ၊ ဂိုထောင်ဖောက်သူ လုယက်သူများ၊ ခေါင်းဖြတ် လူသတ်သူများအဖြစ် အဆက်မပြတ်ရေးသား ပုံဖော်ခဲ့သည်။ နိုင်ငံရေး မီးကျိုးမောင်းပျက်ဖြစ် နေသော ဗမာပြည်ကွန်မြူနစ်ပါတီ (ဗကပ)၏ စွမ်းဆောင်ရည်ကို လိုသည်ထက် ပိုမိုချဲ့ကားကာ ရှစ်လေးလုံး အရေးအခင်းကို ဗကပ၏ မြေအောက်လှုပ်ရှားမှုကြောင့် ပေါ်ပေါက်လာသယောင် ဖန်တီးသည်။ ဒို့တာဝန်အရေး ၃ ပါးကို အလုံးစုံသော ဆက်သွယ်ရေး မီဒီယာမှန်သမျှတွင် ထိပ်ဆုံးမှ ရေးသားဖော်ပြခြင်းဖြင့် ၎င်းတို့၏လုပ်ရပ်သည် တိုင်းပြည်၏ အချုပ်အခြာအာဏာကို ကာကွယ်စောင့်ရှောက်ခြင်း ဖြစ်သည်ဟု မိမိကိုယ်မိမိ ပြန်အားပေးသည်။
အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးဟူသည်မှာ မည်ကဲ့သို့သော အခြေအနေမျိုးကို ဆိုလိုပါသနည်း။ ၂၀၁၅ နှစ်ဆန်း ဇန်န၀ါရီလအတွင်းက တရုတ်သစ်ခိုးသမား ရာကျော်ကို ကချင်ပြည်နယ်တွင် ဖမ်းဆီးမိသည်။ ရိုးရိုးပြည်တွင်း သစ်ခိုးသမားများမဟုတ်။ တရုတ်နိုင်ငံမှနေ၍ နိုင်ငံဖြတ်ကျော်ကာ လာရောက်ခိုးယူသော အဖွဲ့များဖြစ်သည်။ သစ်တင်သောကားချည်း ၄၃၆ စီး ဖမ်းမိသည်ဆိုသောကြောင့် သာမန်သူခိုးများမဟုတ်။ အဆင့်မြင့်ဂိုဏ်းဖွဲ့ ခိုးထုတ်သူများဖြစ်သည်မှာ အလွန်ထင်ရှားသည်။ အဆိုပါကားများပေါ် ချက်ချင်း သစ်လုံးတွေကောက်တင်ကာ ပြန်မောင်းထွက်သွားရ သည်မဟုတ်၊ အပင်ကြီးသစ်၊ အဖိုးတန်သစ်များကို အရင်ရွေးချယ် ရပေဦးမည်။ ပြီးတော့မှ ခုတ်လှဲရမည်။ တန်ဖိုးမပျက်စေရန် စနစ်တကျ ဖြတ်တောက်ရဦးမည်။ သေချာသည်မှာ ၎င်းသစ်ခိုးဂိုဏ်းများသည် ၂၀၁၅ ခုနှစ်တွင်မှ လာခိုးသည်မဟုတ်။ နှစ်ပေါင်းများစွာ စနစ်တကျ အဖွဲ့လိုက်ဂိုဏ်းဖြင့် ကျူးကျော်ဝင်ရောက်ကာ စိမ်ပြေနပြေ ခိုးယူနေသူများပင်ဖြစ်သည်။
၎င်းတို့ဖမ်းဆီးမိသော သတင်းကိုဖတ်ရသော သူများအားလုံး တုန်လှုပ် ချောက်ချားသွားရသည်။ တိုင်းရင်းသား လူမျိုးများနေထိုင်သော ပြည်နယ်ဖြစ်သောကြောင့် ပို၍ပင် စိုးရိမ်ထိတ်လန့်မိသည်။ တိုက်ပွဲများ မကြာခဏဖြစ်ပွားတတ်သည့် ပြည်နယ်ဖြစ်၍ နိုင်ငံတော်၏ အကာအကွယ်ကို အခြားသောပြည်မ တိုင်းဒေသကြီးများထက် ပိုမိုလိုအပ်သည်မှာ အမှန်ပင်ဖြစ်သည်။ လမ်းပန်းဆက်သွယ်ရေး ခက်ခဲသောဒေသ ဖြစ်သည်ဟု အစိုးရ၀န်ကြီးဌာနများက နှစ်ပေါင်းများစွာ ရည်ညွှန်းပြောကြားစေကာမူ လွယ်လွယ်ကူကူ ပြည်ပကျူးကျော်သူများ ရာနှင့်ချီ၍ ကားကြီးကားငယ် အသွယ်သွယ်ဖြင့် ချင်းနင်းဝင်ရောက်နေသည်မှာ ဘယ်နှနှစ်ရှိမှန်းမသိ။ မည်သို့ပင်ဆိုစေကာမူ ဤသည်ကား အချုပ်အခြာအာဏာကို ထိပါးခြင်းဖြစ်သည်။
လက်နက်ကိုင်ဝင်ရောက်တိုက်ခိုက် သိမ်းပိုက်မှ အချုပ်အခြာအာဏာကို ထိပါးသည် မဟုတ်ကြောင်း အစိုးရမင်းများ သိကြပါသည်။ သူတို့ကိုယ်တိုင် န၀တ၊ နအဖ ခေတ်များအတွင်းက အနောက်နိုင်ငံများကို ခေတ်သစ်ကို လိုနီနယ်ချဲ့များဟု အမြဲမပြတ် ၀ါဒဖြန့်ချိခဲ့ကြသူ များဖြစ်သောကြောင့် ဤသည်မှာ အချုပ်အခြာအာဏာကို ထိပါးစော်ကားခြင်းဖြစ်ကြောင်း အသေအချာ နားလည်ပါသည်။ မတော်တဆပင်ဖြစ်စေ တမင်ရည်ရွယ်ချက် စစ်ဆင်ရေးဖြင့်ဖြစ်စေ ဖမ်းဆီးပေးနိုင်ခဲ့သော တပ်မတော်မှာ တာဝန်ကျေသူများ ဖြစ်သည်။ ၎င်းင်းတို့၏ မူလတာဝန်ကြီးဖြစ်သော နိုင်ငံတော် ကာကွယ်ရေးအတွက် ထိထိရောက်ရောက် လုပ်ဆောင်ပြနိုင်ခဲ့သည်။
တာဝန်ကျေသော တပ်မတော်က ကျူးကျော်သူ တရုတ်နိုင်ငံသား သစ်သူခိုးများကို ဥပဒေတွင်းသို့အပ်နှံပြီး တရားစီရင်ရေးကဏ္ဍမှ ဆက်လက် တာဝန်ယူသွားခဲ့ရာ ပြတ်ပြတ်သားသား ပြစ်ဒဏ်များချမှတ် နိုင်ခဲ့သောကြောင့် ပြည်သူအပေါင်းက လက်ခုပ်သြဘာ ပေးခဲ့ကြသည်။ တရုတ်နိုင်ငံသည်ပင်လျှင် ၎င်းင်းနိုင်ငံသားများအပေါ် အိမ်နီးချင်း မြန်မာနိုင်ငံ တရားစီရင်ရေး၏ အမြင့်ဆုံးပြစ်ဒဏ်အပေါ် ဝေဖန်သံများ ထွက်ပေါ်ခဲ့သည်အထိ လက်သံပြောင်ခဲ့ပါ၏။ သို့သော် သြဘာသံအပေါင်းသည် တစ်ပတ်သာခံသည်။ နိုင်ငံတော်သမ်္မတ၏အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့်တွင် တစ်သက်တစ်ကျွန်းဒဏ်ခံ ချမှတ်ခံရသော တရုတ်နိုင်ငံသား သယံဇာတသူခိုးများလည်း ပါဝင်ခဲ့သည့်အတွက် ပြည်သူများရင်နာရသည်။
ရက်များမကြာမီမှာပင် သဘာဝတရား၏ သယံဇာတဒဏ်ခတ်မှုကို မြန်မာနိုင်ငံအတွင်းရှိ နေရာပေါင်းများစွာ ခံစားရသည်။ သစ်တောများ အလွန်အကျွံ ပြုန်းတီးမှုကြောင့် မိုးရွာသွန်းမှုဒဏ်ကို ခံနိုင်စွမ်းမရှိတော့။ ယနေ့အချိန်အထိ မြန်မာနိုင်ငံ တနံတလျား ရေလွှမ်းမိုးမှု၊ ရေကြီးနစ်မြုပ်မှုဒဏ်ကို ပြည်သူသိန်းနှင့်ချီ ခံစားနေရသည်။ အစိုးရ၏ သဘာဝဘေးအန္တရာယ် ကာကွယ်ရေးအရေးပေါ် အစီအမံများလည်း အချိန်မီမဆောင်ရွက်နိုင်တော့။ ရေကြီးမှုက အလျင်အမြန်တိုးပွားလာနေသည်။ ပြည်သူအချင်းချင်း လက်ပိုက်ကြည့် မနေနိုင်တော့ပါ။ ရန်ကုန်မြို့လုံးအနှံ့ ရေဘေးကယ်ဆယ်ရေး အလှူခံတွေ ထွက်ကုန်ကြသည်။ နေ့စဉ် ရန်ကုန်မြို့နှင့် ဒေသအသီးသီးမှ အရေးပေါ်ကယ်ဆယ်ရေး ပစ္စည်းများ၊ အစားအသောက်၊ အ၀တ်အထည်နှင့် ဆေးဝါးများကို တင်ဆောင်လာသည့် ကားတန်းရှည်ကြီးများ ရေဘေးသင့်ဒေသများကို ထွက်ကာ ထောက်ပံ့ကူညီကြ ကုန်သည်။
အထိန်းအချုပ်ကင်းမဲ့စွာ အလွန်အကျွံ ခုတ်ယူခဲ့သော သစ်တောများအတွက် တန်ပြန်သက်ရောက်မှုကို လက်ရှိပြည်သူများ ခံစားနေရသည်။ မိုးခေါင်ခြင်း၊ ရေကြီးခြင်းတို့နှင့် ပတ်သက်၍ သဘာဝတရားကိုပုံချရန် တာဝန်ရှိသူအချို့က ကြိုးပမ်းနေကြသေးသည်။ တကယ်တော့ အစိုးရအဆက်ဆက် သစ်တောများနှင့် သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းစောင့်ရှောက်ရမည့် တာဝန်ရှိသည်။ သို့သော် လူကြားကောင်းရုံ မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲ အနည်းငယ်ကို နေပြည်တော် ပျဉ်းမနားအနီးဝန်းကျင်တွင် လုပ်ပြသည်။ အခွင့်ထူးခံကုမ်္ပဏီများကတော့ သစ်တောများကို ဆက်လက်ခုတ်လှဲနေဆဲပင်။ မြန်မာ့သမိုင်းတွင် အဆိုးရွားဆုံး နိုင်ငံအနှံ့ ရေဘေးသင့်ခြင်း ကျရောက်နေလေပြီ။ အစိုးရပိုင်းက ထိရောက်တုံ့ပြန်ဆောင်ရွက်ခြင်းမရှိဟု အားလုံးကဝေဖန်ကြသည်။ နိုင်ငံတော်ကိုယ်စား ပြည်သူအပေါင်းက ငွေဖလားဖက် လမ်းမပေါ်ထွက်ကာ အလှူခံရင်း ရေဘေးသင့် နိုင်ငံသားအချင်းချင်း အသက်ဆက်လက် ရှင်သန်နိုင်ဖို့ ဆောင်ရွက်ကြရသည်အထိ ဖြစ်လာသည်။
မြန်မာနိုင်ငံ၏ သဘာဝသစ်တောများကို ပြည်တွင်းစစ် အကြောင်းပြကာ ပြည်တွင်း သစ်မှောင်ခိုသမားများ ခိုးထုတ်နေကြသည်မှာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီဖြစ်သည်။ မြန်မာ့သစ်တောများတွင် အဖိုးတန်သစ်ပင်များရှိသည်။ အင်္ဂလိပ်တို့ မြန်မာနိုင်ငံကို သိမ်းပိုက်ရာတွင် မြန်မာ့သစ်တောများသည် အကြောင်းပြချက် တစ်ရပ်ဖြစ်သည်။ သင်္ဘောတည်ဆောက်ရာတွင် အသုံးပြုနိုင်သည့် အကောင်းဆုံးသစ်များမှာ မြန်မာ့သစ်တောများတွင် သဘာဝအလျောက် ပေါက်နေသည်။ အင်္ဂလိပ် မြန်မာ စစ်ပွဲ ၃ ကြိမ်ဖြစ်ပွားခဲ့ရာတွင် နောက်ဆုံး ပြည်သိမ်းတိုက်ပွဲဖြစ်သည့် တတိယစစ်ပွဲ၏အကြောင်းရင်းသည် မြန်မာဘုရင်ပိုင် သစ်တောအတွင်း၌ လိုင်စင်ဖြင့် ထုတ်ယူခွင့်ရထားသည့် ဘုံဘေဘားမား သစ်ကုမ်္ပဏီက လိုသည်ထက်ပို၍အမြောက်အမြား ခိုးထုတ်ခဲ့သဖြင့် မြန်မာဘုရင်က ဒဏ်ရိုက်သည်ကို မကျေနပ်သော ကုန်သည်ကြီးများက အင်္ဂလိပ်အစိုးရကို ၀ိုင်းဝန်းထောက်ပံ့ကာ အထက်မြန်မာပြည်ကို သိမ်းယူဖို့ ကိုယ်ထိလက်ရောက် အားပေးခဲ့ခြင်းဖြစ်သည်။ မြန်မာ့သမိုင်းတွင် တိုင်းတစ်ပါးသားတို့ သစ်ခိုးထုတ်သောကြောင့် ရှင်ဘုရင်ပါဖမ်းဆီးခံရကာ တစ်နိုင်ငံလုံး ကျွန်ဘ၀ ရောက်ရသည်အထိ ဖြစ်ခဲ့ရသည်။
မြန်မာနိုင်ငံ၏သစ်တောများကို ကာကွယ်စောင့်ရှောက်ရန် ကြိုးပမ်းအားထုတ်ခဲ့သော သီပေါဘုရင်သည် မြန်မာနိုင်ငံ၏ နောက်ဆုံးဘုရင်အဖြစ် မှတ်တမ်းဝင်သွားခဲ့ရသည်။ သစ်ခိုးသည်ကို အကြောင်းပြု၍ မြန်မာဘုရင်၏ အချုပ်အခြာအာဏာကို ထိပါးလာခဲ့ခြင်း ဖြစ်သည်။ သီပေါဘုရင်လက်ထက်တွင် ခေတ်မီ လက်နက် ကိုင်ဆောင်နိုင်သည့် အမြဲတမ်းတပ်မတော် အနည်းငယ်သာရှိသော်လည်း အချုပ်အခြာအာဏာနှင့် ပတ်သက်၍ အထိအခိုက်မခံဘဲ ခုခံစစ်ပွဲ ဆင်နွှဲခဲ့ပါသေးသည်။ အားမတန်မာန်လျှော့ကာ လက်နက်ချ အညံ့ခံခဲ့သော်လည်း သီပေါဘုရင်ကိုယ်တိုင် အင်္ဂလိပ်အကျဉ်းသားအဖြစ် သေသည်အထိ ခံယူသွားခဲ့သည်ကို တွေ့ရသည်။
၁၉၈၈ ခုနှစ်၊ စက်တင်ဘာ ၁၈ ရက်နေ့မှ စတင်ကာအာဏာယူခဲ့သည့် စစ်အစိုးရသည် ဒို့တာဝန်အရေး ၃ ပါးကို ဆောင်ပုဒ်လုပ် အုပ်ချုပ်ခဲ့သည်။ မြန်မာ့တပ်မတော်ကိုလည်း ခေတ်မီတပ်မတော် ဖြစ်အောင် ပြန်လည်ထူထောင်ခဲ့သည်။ နယကအမည်ပြောင်းသော စစ်အစိုးရကိုယ်တိုင် ဒို့တာဝန်အရေး ၃ ပါးကို အခြေခံမူအဖြစ် သတ်မှတ်ကာ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ရေးဆွဲခဲ့သည်။ အဆိုပါ အခြေခံဥပဒေအတိုင်း ရွေးကောက်ပွဲကျင်းပကာ ၂၀၁၀ ခုနှစ်မှစ၍ လက်ရှိအစိုးရ ဖြစ်ပေါ်လာခဲ့သည်။ အစိုးရသက်တမ်း ကုန်ခါနီး နောက်ဆုံးနှစ်တွင် အချုပ်အခြာအာဏာကို ထိခိုက်စော် ကားလာသည့် တိုင်းတစ်ပါးသားများ ကျူးကျော်ဝင်ရောက်ကာ သမိုင်းဝင်သစ်ခိုးပွဲကြီး ကျင်းပနေသည်ကို ဖမ်းဆီးရမိခဲ့သည်။ တရားစီရင်ရေး အဖွဲ့ကလည်း တိုင်းတစ်ပါးသား သမိုင်းဝင်သစ် ခိုးသမားများကို အမြင့်ဆုံးပြစ်ဒဏ် ချမှတ်ပေးခဲ့သည်။ သို့သော် အစိုးရအဖွဲ့က နိုင်ငံတော် လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် တစ်သက်တစ်ကျွန်းဒဏ်ခံ တိုင်းတစ်ပါးသား သဘာဝသယံဇာတ ခိုးထုတ်သူများကို ခြွင်းချက်မရှိ လွှတ်ပေးလိုက်သောကြောင့် အဆင့်ဆင့် အရေးယူ ဆောင်ရွက်ခဲ့မှုများအားလုံး သဲထဲရေသွန်သလို ဖြစ်သွားရသည်။ အစိုးရအဖွဲ့အနေဖြင့် မည်သည့် အကြောင်းပြချက်ဖြင့် လွတ်ငြိမ်းချမ်းသာခွင့်တွင် တစ်သက်တစ်ကျွန်းကျခံနေရသည့် နိုင်ငံခြားသားများ ထည့်သွင်း လွှတ်ပေးခဲ့ကြောင်း တရားဝင်ပြောဆိုခြင်းမရှိခဲ့။ နိုင်ငံရေးအရ၊ သံတမန်ရေးအရ လွှတ်ပေးသယောင် ရိပ်ဖမ်းသံဖမ်း ပြောဆိုသူအရာရှိကြီး အနည်းငယ်သာ ရှိသည်။
သို့သော် သဘာဝတရားကတော့ တရားဝင်သည်ဖြစ်စေ မ၀င်သည်ဖြစ်စေ ၎င်း၏သဘောထားကို ရေလွှမ်းမိုးမှုဖြင့် ပြသလိုက်ပါပြီ။ နိုင်ငံတော်၏ အချုပ်အခြာအာဏာကို ထိပါးလာသည့် မည်သည့်ကိစ်္စရပ်ကိုမဆို တားဆီးကာကွယ် စောင့်ရှောက်ရမည့် တာဝန်သည် အားလုံး၏ တာဝန်သာဖြစ်သည်။ နိုင်ငံတော်၏ အသည်းနှလုံး သစ်တောများ ပြုတ်ပြုတ်ပြုန်းနေသည်ကို တာဝန်ကျေ ဖမ်းဆီး၊ အမြင့်ဆုံး ပြစ်ဒဏ်ချမှတ်၊ မသိမသာ ပြန်လွှတ်ခြင်းသည် နိုင်ငံတော်ကို ကာကွယ်စောင့်ရှောက်ခြင်းမည် ပါ၏လောဟု ပြန်လည်သုံးသပ်ရန် လိုအပ်ပါသည်။ နိုင်ငံခြားသားတို့ နိုင်ငံအတွင်းကျူးကျော်ကာ နိုင်ငံတော်၏ အသည်းနှလုံးဖြစ်သည့် ရာသီဥတုကိုထိန်းညှိရာ သစ်တောများကို စည်းကမ်းမဲ့ စက်ယန်္တရားကြီးများဖြင့် လူအင်အားရာချီ၍ လာရောက်ထုတ်ယူခဲ့ခြင်းသည် နိုင်ငံတော်၏ အချုပ်အခြာအာဏာကို ထိပါးစော် ကားခြင်းသာဖြစ်ကြောင်း ဆက်စပ်တွေးတောမိသည်ကို ရေးသားလိုက်ရပါသည်။ သဘာဝ၏ အချက်ပေးသံကို မှန်မှန်ကန်ကန် တုံ့ပြန်နိုင်ကြပါစေ။

လှမျိုးထွန်း
The Ladies News Journal ပါ ဆောင်းပါး

Sunday, August 23, 2015

ဗုဒ္ဓတို့အစနှင့်ဗုဒ္ဓတို့အဆုံး


မေး။ ။ အရှင်ဘုရား
(က) ဗုဒ္ဓတို့သည် မည်သည့်ဗုဒ္ဓသည်စ၍ မည်သည့်ဗုဒ္ဓသည်
ဆုံးမည်နည်း။
(ခ) ဤကမ္ဘာသည် မည်မျှသက်တမ်းရှိပါပြီနည်း။
(ဂ) မာဂဓဘာသာနှင့် သက္ကတဘာသာတို့၏ အက္ခရာများကို
ဖော်ပြပေးပါ။
(ဃ) ရဟန္တာဖြစ်သော ဗြဟ္မာတို့သည် ပရိနိဗ္ဗာန်ပြုသောအခါ
ထိုဗြဟ္မာတို့၏ခန္ဓာသည် ပျက်ငြိမ်းသွားသောအခါ ဓာတ်တော်
ကျပါသလား (သို့) ကွယ်ပျောက်သွားပါသလား။
(င) ဘုရားရှင်သည် တာဝတိံသာနတ်ပြည်မှ သင်္ကဿမြို့တော်
သို့ သက်ဆင်းသောအခါ ခြေလှမ်းမည်မျှလှမ်းခဲ့သနည်း။
(စ) ဗုဒ္ဓခြေတစ်လှမ်းသည်မည်မျှ ကွာဝေးသနည်း။
(ဆ) ဗုဒ္ဓပွင့်သည်မှစ၍ ပရိနိဗ္ဗာန်စံသည်အထိ စကားမည်မျှ
မြွက်ခဲ့သနည်း။
(ဇ) စကြာဝဠာသည်မည်သည့်အချိန်ကစ၍ မည်သည့်အချိန်
တွင် ပျက်သနည်း။
(ဈ) စကြာဝဠာ၏သက်တမ်းကို ဖော်ပြပေးပါ။
(ည) အရှင်သာရိပုတ္တရာ၊ အရှင်မဟာကဿပ၊ အရှင်မောဂ္ဂလာန်၊
အရှင်အာနန္ဒာ တို့၏ အရပ်တော်တို့သည် မည်မျှစီရှိပါသနည်း
ဘုရား။
အရှင်နာရဒ၊ ဥပစာတန်း၊ မုဒုံ
ဖြေ။ ။ ရှင်နာရဒ၏မေးခွန်းများသည် အဆင့်မြင့်မေးခွန်းများ
ဖြစ်နေပါသည်။ အပြည့်အစုံဖြေကြားရန်မလွယ်ကူပါ။ ဖြေနိုင်
သည့်အချက်များကိုသာ ဖြေကြားပေးပါမည်။
က။ ဗုဒ္ဓအစ ဗုဒ္ဓအဆုံးကို မကြားဘူး၊ မတွေ့ဘူးပါ။ ပွင့်တော်မူပြီးသော
ဘုရားရှင်တို့သည်ပင် ဂင်္ဂါမြစ်ကမ်းရှိသဲပွင့်များကို ရေတွက်မရသလို
အနန္တာ- ရေတွက်၍ မရနိုင်ကြောင်းမိန့်ဆိုထားပါသည်။
ခ။ ဤကမ္ဘာ၏သက်တမ်းကို မဖော်ပြနိုင်ပါ။
ဂ။ မဂဓဘာသာသည် အက္ခရာမူပိုင်မရှိပါ။ အသံထွက်သာမှန်ဖို့
အရေးကြီးပါသည်။ ထို့ကြောင့် ဌာန်၊ ကရိုဏ်း၊ ပယတ်တို့ဖြင့်
စနစ်တကျ ပီပီသသ အသံထွက်နိုင်အောင် ကြိုးစားပြီးသင်ယူရပါ
သည်။ မဂဓဘာသာအသံထွက်အမှန်ကို မြန်မာအက္ခရာစာလုံးဖြင့်
ရေးသားလျှင် မြန်မာအက္ခရာပါဠိပုဒ်များတွေ့ရမည်။ အင်္ဂလိပ်
အက္ခရာ၊ သီဟိုဠ်အက္ခရာပုဒ်၊ ထိုင်းအက္ခရာဖြင့်ရေးသားလျှင်
အင်္ဂလိပ်(ရိုမင်) ပါဠိ၊ သီဟိုဠ်ပါဠိ၊ ထိုင်းပါဠိ အက္ခရာများဖြစ်လာ
မည်။
သက္ကတ( ဝေဒနာဂရီ ) အက္ခရာများကိုကြည့်လိုလျှင် ဟိန္ဒူ
ဘုရားကျောင်းများ၌ မေးကြည့်ပါ။ ရှိလျှင်ပြပါလိမ့်မည်။
ဃ။ ရဟန္တာတိုင်းဓါတ်တော် မကျပါ။ ဗြဟ္မာကြီးများ၏ခန္ဓာကိုယ်များ
သည် မီးငြိမ်းသည့် မီးပုံကြီးများကဲ့သို့ ခန္ဓာမကျန်တော့ပါ။
င။ တာဝတိံသာနတ်ပြည်မှ သင်္ကဿမြို့တော် တောင်တံခါးသို့
ဆင်းကြွတော်မူရာ လှမ်းသောခြေလှမ်းပေါင်း (စ) ဗုဒ္ဓ၏ခြေ
တစ်လှမ်းအကွာအဝေး (ဆ) ဘုရားရှင်ပွင့်တော်မူပြီးချိန်မှ
ပရိနိဗ္ဗာန်စံတော်မူချိန်အထိ မိန့်ကြားခဲ့သော စကားလုံးပေါင်း
(ည) အရှင်သာရိပုတ္တရာ၊ အရှင်မဟာကဿပ၊ အရှင်မောဂ္ဂလာန်၊
အရှင်အာနန္ဒာ တို့၏ အရပ်တော်ပမာဏ ဤမေးခွန်းလေးခုနှင့်
ဆက်စပ်၌ စာပေကျမ်းဂန်တို့၌ မတွေ့ဖူးပါ။ ကိုယ်တိုင်မဖူးရ
သဖြင့် ဖြေကြားရန်လည်း မတတ်နိုင်ပါ။
ဇ။ စကြာဝဠာသည် မည်သည့်အချိန်က စတင်ခဲ့သည် မည်သည့်
အချိန်၌ ပျက်စီးမည်ဟု စာပေကျမ်းဂန်တို့၌ မတွေ့ဘူးပါ။
စ်။ စကြာဝဠာသက်တမ်းသည် မဟာကပ်တစ်ကပ်ဖြစ်ပါသည်။
ကမ္ဘာပျက်နေဆဲ သံဝဋ္ဋအသေင်္ချေယျကပ်၊ အပျက်အတိုင်းတည်နေ
ဆဲ သံဝဋ္ဋဌာယီအသင်္ချေယျကပ်၊ ကမ္ဘာဖြစ်တည်နေဆဲ ၀ိဝဋ္ဋ
အသင်္ချေယျကပ်၊ ဖြစ်တည်ဆဲအတိုင်းတည်နေသော ၀ိဝဋ္ဋဌာယီ
အသင်္ချေယျကပ်ဟူသော အသင်္ချေယျကပ်လေးကပ်သည်
မဟာကပ်တစ်ကပ် တစ်ကမ္ဘာဖြစ်ပါသည်။ ထိုကပ်များကို
သာမန်သင်္ချာဖြင့် တွက်ရန်မလွယ်ကူလှပါ။ အသင်္ချေယျသည်
တစ်ဂဏန်းနောက်၌ သုည ၁၄၀ ရှိသည်ဟု တွေ့ဖူးပါသည်။
သင်္ချာအနေဖြင့်ပြဆိုထားသော်လည်း အချိန်ကာလကိုတွက်
ပြဖို့ သိဖို့ရန်အလွန်ခက်ခဲလှပါသည်။ ဖြစ်ရမည့်အချိန်၌ဖြစ်၍
ပျက်ရမည့်အချိန်၌ လုံးဝပျက်ရပါလိမ့်မည်။ ကမ္ဘာပျက်ချိန်တွင်
လွတ်မြောက်အောင် ၀ိပဿနာတရားအားထုတ်ပါ။ ရဟန္တာဖြစ်
သွားလျှင် ကမ္ဘာပျက်မည်ကို ကြောက်စရာမလိုတော့ပါ။
ကမ္ဘာ၏သက်တမ်းကို နှစ်ပေါင်းနှစ်ရာပေါင်း၊ နှစ်သိန်းပေါင်း၊
နှစ်သန်းပေါင်း ဤမျှတည်ရှိသည်ဟု အချိန်ကာလအားဖြင့်
ရေတွက်ပြခြင်းငှာ မတတ်နိုင်။ တစ်ယူဇနာစီ အလျား၊ အနံ၊
အစောက်မြင့်သော မုန်ညင်းစေ့အပုံကြီးထဲမှ နှစ်ပေါင်း
၁၀၀၊ နှစ်ပေါင်း ၁၀၀၀ လွန်သည့်အခါ မုန်ညင်းစေ့တစ်စေ့
တစ်စေ့ကို လွှင့်ပစ်သည်ရှိသော် မုန်ညင်းစေ့အပုံကြီးသည်
လျင်မြန်စွာကုန်သွားနိုင်သော်လည်း ကမ္ဘာကြီးကား ကုန်
မသွား(ပျက်စီးမသွား) နိုင်ရာ။ ရဟန်းတို့ ကမ္ဘာကြီးသည်
ဤမျှလောက်သော ကာလပတ်လုံး ရှည်လျားလှစွာဖြစ်တည်
နေပေလိမ့်မည်။ (သံ၊ ၁။ ၃၈၉-၃၉၀) စရိယာ၊ ဋ္ဌ၊ ၁၁) ဟု
ကမ္ဘာကြီးတည်ရှိနိုင်မည့် သက်တမ်းကာလကို ဥပမာအား
ဖြင့်သာ ဘုရားရှင်ဟောတော်မူထားပါသည်။
မဟာသိမ်တော်ကြီးစာသင်တိုက် ပဓါနနာယကဆရာတော်
ဘဒ္ဒန္တကုမာရ(အဂ္ဂမဟာပဏ္ဍိတ) မြတ်မင်္ဂလာ အမေးအဖြေ
တွင် ဖြေကြားသည်။

Tuesday, August 18, 2015

ဒေါ်လာစားလား!!

❦ ❦ ဘာ!...ဒေါ်လာစား...ဟုတ်လား...အထင်မကြီးပါနဲ့ကွာ...ပြောပြမယ်သူငယ်ချင်း...နားထောင်❦ ❦
❦ ဒေါ်လာတွေရတာပဲမကြည့်နဲ့
စိတ်ညစ်ရင် ဘယ်သူ့မျက်နှာပြေးကြည့်ရမှန်းမသိဘူး
❦ ဖျားတာနာတာလား အပြင်းဖျားဖို့စိတ်မကူးနဲ့
ကိုယ့်ခြေ ကိုယ့်လက် ကွကို လုပ်နိုင်အောင်ကြိုးစား
ဆေးခန်း ကွကိုယ်သွား ကိုယ်စားမဲ့ဆန်ပြုတ် ကွကိုယ်ပြုတ်
❦ ရက်ဆက်ပြီးတော့ ဖျားမယ်စိတ်မကူးနဲ့
ဘယ်သူမှတစ်ရက်ထက်ပိုပြီး လာကြည့်မပေးနိုင်ဘူး
MC ယူတာများရင် Bonus က ဖြတ်ခံရသေးတယ်
❦ အလုပ်ကပြန် မိုးချုပ် ဗိုက်ဆာသလား
အရသာရှိရှိ မရှိရှိ `★ ★ ★ ´မှာဝယ်စား ထမင်းဝယ်နေတုန်း
ဆိုင်ရှင်အဘိုးကြီးမျက်နှာ ယောင်လို့သွားမကြည့်နဲ့
စားချင်သောက်ချင်စိတ်ပျောက်သွားမယ်
ထည့်ပေးသလောက်နဲလော့က်အောင်စား
သူတောင်းသလောက် ပေးလိုက် ပြန်မပြောနဲ့
ဒီလိုမှမဟုတ်ရင် မြန်ဆန်လွယ်ကူ ခေါက်ဆွဲပြုတ်စား
❦ တစ်ခါ တစ်ခါ စကားပြောဖော်
ငွေထက်ရှားတယ် အခန်းဖော်လား
လူချင်းတူတိုင်းပေါင်းလို့ရတာမဟုတ်ဘူး
လမ်းချင်းတူမှသွားလို့ရသလို
စိတ်ချင်းတူမှပေါင်းလို့ရတာ...
❦ ချစ်သူလား
ကြေကွဲစရာပေါ့ ကိုယ်အားချိန်နဲ့ သူအားချိန်နဲ့လွဲ
အလွဲပေါင်းများစွာနဲ့ အနီးကပ်မနေပေးနိုင်တော့
ကြာတော့ရင်ခွင်တွေ လွဲခဲ့ရတယ်...
❦ ဖုန်း..လက်ပ်တော့...အိုင်ပတ်
သက်မဲ့ ပစ္စည်း တွေ အထီးကျန်ချိန်
အကောင်းဆုံးအဖော်တွေလေ
တစ်ခါတစ်ခါ သူတို့ရှိလို့ ရူးမသွားတာ...
❦ ငွေ...မရှိလို့မဖြစ်ဘူး အဲ့ဒိအတွက်ရှာကြတယ်
နှစ်.လ.ရက်.အချိန်တွေ ရင်းနှီးရတယ်
ပျို မြစ်ချင်း..ပျော်ရွှင်ခြင်တွေ..တစ်ချို့ ပြန်တွေ့ခွင့်တောင်မရတော့တဲ့
တဖြုတ်ဖြုတ်ကြွေလွင့်သွားရရှာတဲ့...သွေးရင်း..သားရင်းတွေ
ငွေအတွက် ရင်နှီးမှုတွေ ကြီးခဲ့ရတယ်
❦ အဲ့ဒီလိုနဲ့...ဘဝအမောတွေကြား
လူချင်းတွေ့ရင်တောင် ပြုံးပြဖို့မေ့
တစ်ခါတစ်ခါ ရီရဖို့ ဟာသကားတွေ ကြည့်ရတယ်
❦ ဒေါ်လာစားတွေရဲ့ ဘဝက
ရထားပေါ် ကားပေါ်...သုတ်သုတ်ပြေး...သုတ်သုတ်ပြန်
နဲနဲနောက်ကျရင်တော့...ဒရိုင်ဘာတွေက တံခါးဖွင့်ပေးမယ် ထင်လား
မစဉ်းစားနဲ့...နောက်တစ်စီးလာအောင်ထပ်စောင့်
အလုပ်နောက်ကျတာ သူတို့မသိဘူး...နားမလည်ဘူး...ကိုယ်ချင်းမစာဘူး
ကိုယ့်ပြသနာကွကိုယ်ရှင်း...နောက်ရက် ရုံးကိုသွား
ပြောတာနားထောင် ပြန်ပြောဖို့စိတ်မကူးနဲ့
လက်မှတ်ထိုး...ပေးတဲ့အပြစ်ကိုခံယူ...
❦ မနက်မိုးလင်း သုတ်သုတ်ထ
ရေချိုး အလုပ်သွား...ပြန်လာ
ထမင်းစား...ပြီးရင် အိပ်
ဒါတစ်နေ့တာဖြစ်စဉ်
နှစ်ပေါင်းများစွာ ဖြစ်စဉ်
❦ ရင်မနာပေမယ့် အကြင်နာတွေနဲ့ ဝေးခဲ့ရတယ်
ဒါဟာ ဘဝတစ်ခု
တစ်ခါတစ်ခါ ဝမ်းနည်းသလိုရှိပေမယ့်
လကုန်လို့ ငွေလွှဲတဲ့အခါ
မိဘတွေရဲ့ စကားသံ
ညီတွေညီမတွေရဲ့ ပျော်ရွှင်နေတဲ့အသံ
အကိုကြီး အမကြီး
ညီလေးတို့ ညီမလေးတို့
ဒါဝယ်မယ်နော် ဆိုတဲ့ ပူဆာသံ...အားကိုးတဲ့အသံ
❦ အဲ့ဒိလို မေတ္တာ စကားသံတွေနဲ့
ခက်ခဲသော...ကြမ်းတမ်းသော
ဘဝရဲ့...နေ့ရက်များအား
ပီတိကိုစား...ငါတို့တွေ
အားရှိခဲ့ပါတယ်....သူငယ်ချင်းရယ်..........

Kyaw Lin Htun : Post

Monday, August 17, 2015

စင်ကာပူနည်း စင်ကာပူဟန်နဲ့ မြန်မာ့နည်း မြန်မာ့ဟန်

စင်ကာပူနည်း စင်ကာပူဟန်နဲ့ မြန်မာ့နည်း မြန်မာ့ဟန်
===================================


သြဂုတ်လ ၉ ရက်ဟာ စင်ကာပူတည်ထောင်ခြင်း နှစ် ၅၀ ပြည့်၊ ရုံးပိတ်ရက် ၄ ရက်သတ်မှတ်ပြီး ပျော်ပွဲ ရွှင်ပွဲတွေ ကျင်းပတယ်။
စင်ကာပူတည်ထောင်ခဲ့တဲ့ ဖခင်ကြီး လီကွမ်ယုကို အမှတ်တရပွဲတွေ လုပ်ကြတယ်။ လီကွမ်ယုဟာ နှစ် ၅၀ အတွင်း စင်ကာပူနိုင်ငံကို နုံချာလှတဲ့ တံငါရွာဘဝမှ ကမ္ဘာ့ အချမ်းသာဆုံးနိုင်ငံ စာရင်းဝင်အောင် အသွင်ပြောင်းပေးနိုင်ခဲ့တယ်။
နှစ် ၅၀ ပြည့်မြောက်ချိန်မှာတော့ မိုးထိတိုက်တာကြီးများ၊ သေသပ်လှပတဲ့ ဥယျာဉ်ကြီးများ၊ သန့်ရှင်းသပ်ယပ်တဲ့ အိုးအိမ်များ၊ ယာဉ်ပိတ်ဆို့မှုမရှိတဲ့ လမ်းများ၊ နိုင်ငံပေါင်းစုံက လူငယ်များ တက်ရောက်ချင်ကြတဲ့ တက္ကသိုလ်ကြီးများ၊ တိုးရစ်များနဲ့ ပြည့်နေတဲ့ shopping centre ကြီးများ၊ ကမ္ဘာ့ သင်္ဘောအဝင်အထွက်အများဆုံး ဆိပ်ကမ်းများ နဲ့ ဒေသတွင်း အကြွယ်ဝဆုံး၊ မနာလိုဖြစ်စရာအကောင်းဆုံးနေရာ ဖြစ်နေတော့တယ်။
လီကွမ်ယု စတက်လာချိန် လူတော်တွေ နေရာပေးပြီး
စင်ကာပူနည်း စင်ကာပူဟန် ကျင့်သုံးတဲ့အချိန်
မြန်မာနိုင်ငံမှာတော့ စစ်အာဏာရှင်တွေဟာလူတော်တွေ နှိပ်ကွပ်ပြီး
မြန်မာ့နည်း မြန်မာ့ဟန် ဆိုရှယ်လစ်စနစ်ကို စတင်ကျင့်သုံးတော့တယ်။
ဒီလိုနဲ့ နှစ်ပေါင်း ၅၀ ကျော် ကြာလာတဲ့အခါမှာတော့ ...
စင်ကာပူဟာ အဂတိလိုက်စားမှု အကင်းဆုံး top 10 စာရင်းဝင်အဖြစ် ရပ်တည်နေတဲ့ အချိန်မှာ မြန်မာနိုင်ငံကတော့ အဆင့် ၁၇၂ နဲ့ ငွေ မပေးရင် ဘာမှ အလုပ်မဖြစ်တဲ့ နိုင်ငံ ဖြစ်နေပါတယ်။
စင်ကာပူနိုင်ငံတွင်း မူးယစ်ဆေးရောင်းဝယ်မှုတွေ အားလုံး သေဒဏ်ပေးပြီး ကင်းစင်အောင် လုပ်နိုင်တဲ့ အချိန်
မြန်မာနိုင်ငံမှာတော့ ကမ္ဘာ့ ဒုတိယ အကြီးဆုံး မူးယစ်ဆေးဝါးဖမ်းဆီးမှုကြီးဖြစ်ပွားခဲ့ပြီး ပိုင်ရှင်မဲ့ ဖြစ်သွားခဲ့ပါတယ်...။
စင်ကာပူမှာ ဒေါ်လာ ၂ သောင်းလောက်နဲ့ ကြိုက်တဲ့ နိုင်ငံက လွယ်လွယ် ကုမ္ပဏီလာထောင်နိုင်တဲ့အချိန်
မြန်မာနိုင်ငံမှာတော့ ကိုယ့်နဲ့ ပုလင်းတူဗူးဆို့ ခရိုနီတွေ ကာကွယ်ပေးတဲ့အနေနဲ့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေ ကန့်သတ် ချုပ်ချယ်နေပါတယ်။ နိုင်ငံတကာ ကုမ္ပဏီတွေဆိုတာလဲ ကိုယ့် ဂုဏ်သိက္ခာနဲ့ကိုယ် undertable မပေးတတ်ကြတော့ ဝင်လာဖို့ ခက်ခဲခဲ့တယ်။
စင်ကာပူ ရဲများ နိုင်ငံဝန်ထမ်းများဟာ အနောက်နိုင်ငံများရှိ နိုင်ငံ့ဝန်ထမ်းများထက်လစာထက် ပိုရရှိနေတဲ့အချိန်
မြန်မာနိုင်ငံတွင်တော့ အနိမ့်ဆုံး လုပ်ခ တစ်ရက် ၃၆၀၀ သတ်မှတ်ဖို့ သောင်တင် ရေမကျ ဖြစ်နေတယ်။
စင်ကာပူဟာ ဒေသတွင်း မှာ ဖွားသေနှုန်းနိမ့်လွန်းလို့ လက်မထောင်နိုင်နေတဲ့အချိန်
မြန်မာနိုင်ငံမှာတော့ ဒေသတွင်း ဖွားသေနှုန်း အမြင့်ဆုံးဖြစ်နေတယ်။
စင်ကာပူမှာ ညဘက် မည်သည့်အချိန် မည်သည့်နေရာမဆို အမျိုးသမီးတစ်ယောက်ထဲ လျှောက်သွားနိုင်တဲ့အချိန်
မြန်မာမှာတော့ နေ့ခင်းကြောင်တောင်ကြီးတောင် လူယက်မှု၊ အုပ်စုဖွဲ့ လူသတ်မှု၊ ကုန်းသီး ပစ်မှုကြီးများ ပေါ်ပေါက်နေတယ်။ ကချင်ဆရာမ ၂ ယောက်ဆို ကိုယ့်အိမ်တွင်းမှာ အိပ်နေရင်းတောင် မုဒိမ်းကျင့် အသတ်ခံခဲ့ရတယ်။
စင်ကာပူနိုင်ငံမှာ မိုးမျှော်တိုက်တွေ၊ apartment တွေ၊ ကားပတ်ခ်တွေ ဟာ ကျယ်ကျယ်ဝန်းဝန်း အစီအရီ လှပနေပေမယ့်
မြန်မာ့နိုင်ငံမှာတော့ ပုံပန်းမကျ စုပြုံနေတဲ့ လေဝင်လေထွက်မကောင်းတဲ့ အဝတ်တွေ မြင်မကောင်းအောင်လှမ်းထားတဲ့ ကွန်ကရိ တိုက်တောတန်းဟာ အော်ဂလီဆန် စရာပါပဲ။ ကားပတ်ကင်အတွက်လည်း နေ့စဉ် ရန်ဖြစ် ရုံးရောက် ဂါတ်ရောက်ပါပဲ။
စင်ကာပူမှာ သပ်ရပ်လှတဲ့မြို့တော်တွင်း မှုတ်ဆေး graffiti ဆွဲတဲ့ ကမ္ဘာ့နံပါတ် ၁ အမေရိကန် နိုင်ငံမှ လူငယ်ကို ကန့်ကွက်မှုတွေဂရုမစိုက်ဘဲ ကြိမ်ဒဏ်စီရင်တဲ့အချိန်
မြန်မာမှာတော့ ရှားပါးလှတဲ့ သယံဇာတ သစ်တွေ ခိုးထုတ်တဲ့ ကမ္ဘာ့နံပါတ် ၂ တရုတ်က သစ်ခိုးသမား ၁၅၅ ယောက်ကို တသက်တကျွန်းချပြီးမှ ၈ ရက်နဲ့ ပြန်လွှတ်ပေးလိုက်ရပါတယ်။
စင်ကာပူ မြို့တွင်းမှာ အိုးမဲ့အိမ်မဲ့၊ သူတောင်းစား၊ အမှိုက်များ ကင်းစင်နေပြီး
မြန်မာနိုင်ငံမှာတော့ အိုးမဲ့အိမ်မဲ့ ကျူးကျော်များ၊ သူတောင်းစား၊ အမှိုက်များ ဒလကြမ်းဖြစ်နေရတယ်။
နှစ် ၅၀ အတွင်း လီကွမ်ယုက မျက်လှည့်ပြသလို စင်ကာပူကို ဖန်ဆင်းပြခဲ့သလို မြန်မာ့ စစ်အာဏာရှင်တွေကလည်း နှစ် ၅၀ အတွင်း မြန်မာနိုင်ငံကို မျက်လှည့်ပြခဲ့တယ်။ ဒါပေမယ့် ရလာဒ်ကတော့ ဆန့်ကျင်ဘက်ပါ။
အာရှအချမ်းသာဆုံး စာရင်းဝင်တဲ့ မြန်မာနိုင်ငံကို ကမ္ဘာ့ အဆင်းရဲဆုံး ဖွံ့ဖြိုးမှုအနဲဆုံး (LCD) နိုင်ငံဖြစ်အောင် ဖန်တီးပြခဲ့တယ်။ အာရှမှာဆိုရင် မိမိနောက်မှာ စစ်ဖြစ်နေတဲ့ အာဖဂန်နဲ့ ကုန်းတွင်းပိတ် နီပေါနိုင်ငံတို့သာ ရှိတော့ပါတယ်။ လာအို၊ ကမ္ဘောဒီးယား၊ အာဖရိကက အီသိုယိုပီးယားက အစ ကျော်တက်လို့ သွားပါပြီ..။
ဒီနေရာမှာ လီကွမ်ယုဟာ စင်ကာပူနည်း စင်ကာပူဟန် ကြွေးကျော်ခဲ့သလို စစ်အာဏာရှင် ဦးနေဝင်းက မြန်မာ့နည်း မြန်မာ့ဟန် ဆိုရှယ်လစ် ဆိုပြီး ကြွေးကျော်ခဲ့တယ်။ ၈၈ နောက်ပိုင်း စစ်အာဏာရှင်တွေကတော့ မြန်မာ့နည်း မြန်မာ့ဟန် ဒီမိုကရေစီဆိုပြီး ကြွေးကျော်ပြန်တယ်။
ဒါပေမယ့် လီကွမ်ယုကတော့ အလုပ်ဖြစ်ခဲ့ပြီး စစ်အာဏာရှင်တွေကတော့ အလုပ်မဖြစ်ခဲ့ချေ...။
အဓိကကတော့ ဥာဏ်ပညာနဲ့ ကိုယ်ကျိုးကြည့်မှု ကွာခဲ့ခြင်းသာဖြစ်တယ်။ လီကွမ်ယုဟာ ဥာဏ်ပညာကြီးသလို ကိုယ်ကျိုးစွန့် အနစ်နာခံမှုမှာလည်း ထိပ်တန်းဖြစ်ခဲ့တယ်။
စင်ကာပူ စတိုင်သုံးတယ်ဆိုပေမယ့် ဒီမိုကရေစီကို ၁၀ ရာနှုံးလောက်ပဲ ပြုပြင်ပြောင်းလဲခြင်းသာဖြစ်ပြီး မြန်မာမှာတော့ ကိုယ်ကျိုးစီးပွားကြည့်လွန်းကြပြီး ဒီမိုကရေစီကို ၅၀ ရာနှုံးကျော် ပြောင်းလဲဖို့လဲ ဝန်မလေးကြသူများဖြစ်ကြတယ်။
ဒါကြောင့် မြန်မာနိုင်ငံမှာတော့ ဒီမိုကရေစီဆိုတာ ယုံတမ်းစကားလိုဖြစ်နေခဲ့တယ်။
မြန်မာ့နည်း မြန်မာ့ဟန်လို့ ကြားလိုက်တာနဲ့ ပြည်သူတွေက ထမင်းလုံး တစ္ဆေ ခြောက်သလို အထိတ်တလန့် ဖြစ်ကြရပြီး အော့နှလုံးနာ ရွံ့ရှာခဲ့ကြရတော့တယ်....။
အော် ... မြန်မာ့နည်း မြန်မာ့ဟန်.... မြန်မာတစ်နိုင်ငံလုံးကို ဂျောက်ထဲ ဆွဲချသွားတဲ့ မြန်မာ့နည်း မြန်မာ့ဟန်.... လေပါတယ် မြန်မာ့နည်း မြန်မာ့ဟန်...။

Credit to : Shwe Moe Hein