Sunday, August 23, 2015

ဗုဒ္ဓတို့အစနှင့်ဗုဒ္ဓတို့အဆုံး


မေး။ ။ အရှင်ဘုရား
(က) ဗုဒ္ဓတို့သည် မည်သည့်ဗုဒ္ဓသည်စ၍ မည်သည့်ဗုဒ္ဓသည်
ဆုံးမည်နည်း။
(ခ) ဤကမ္ဘာသည် မည်မျှသက်တမ်းရှိပါပြီနည်း။
(ဂ) မာဂဓဘာသာနှင့် သက္ကတဘာသာတို့၏ အက္ခရာများကို
ဖော်ပြပေးပါ။
(ဃ) ရဟန္တာဖြစ်သော ဗြဟ္မာတို့သည် ပရိနိဗ္ဗာန်ပြုသောအခါ
ထိုဗြဟ္မာတို့၏ခန္ဓာသည် ပျက်ငြိမ်းသွားသောအခါ ဓာတ်တော်
ကျပါသလား (သို့) ကွယ်ပျောက်သွားပါသလား။
(င) ဘုရားရှင်သည် တာဝတိံသာနတ်ပြည်မှ သင်္ကဿမြို့တော်
သို့ သက်ဆင်းသောအခါ ခြေလှမ်းမည်မျှလှမ်းခဲ့သနည်း။
(စ) ဗုဒ္ဓခြေတစ်လှမ်းသည်မည်မျှ ကွာဝေးသနည်း။
(ဆ) ဗုဒ္ဓပွင့်သည်မှစ၍ ပရိနိဗ္ဗာန်စံသည်အထိ စကားမည်မျှ
မြွက်ခဲ့သနည်း။
(ဇ) စကြာဝဠာသည်မည်သည့်အချိန်ကစ၍ မည်သည့်အချိန်
တွင် ပျက်သနည်း။
(ဈ) စကြာဝဠာ၏သက်တမ်းကို ဖော်ပြပေးပါ။
(ည) အရှင်သာရိပုတ္တရာ၊ အရှင်မဟာကဿပ၊ အရှင်မောဂ္ဂလာန်၊
အရှင်အာနန္ဒာ တို့၏ အရပ်တော်တို့သည် မည်မျှစီရှိပါသနည်း
ဘုရား။
အရှင်နာရဒ၊ ဥပစာတန်း၊ မုဒုံ
ဖြေ။ ။ ရှင်နာရဒ၏မေးခွန်းများသည် အဆင့်မြင့်မေးခွန်းများ
ဖြစ်နေပါသည်။ အပြည့်အစုံဖြေကြားရန်မလွယ်ကူပါ။ ဖြေနိုင်
သည့်အချက်များကိုသာ ဖြေကြားပေးပါမည်။
က။ ဗုဒ္ဓအစ ဗုဒ္ဓအဆုံးကို မကြားဘူး၊ မတွေ့ဘူးပါ။ ပွင့်တော်မူပြီးသော
ဘုရားရှင်တို့သည်ပင် ဂင်္ဂါမြစ်ကမ်းရှိသဲပွင့်များကို ရေတွက်မရသလို
အနန္တာ- ရေတွက်၍ မရနိုင်ကြောင်းမိန့်ဆိုထားပါသည်။
ခ။ ဤကမ္ဘာ၏သက်တမ်းကို မဖော်ပြနိုင်ပါ။
ဂ။ မဂဓဘာသာသည် အက္ခရာမူပိုင်မရှိပါ။ အသံထွက်သာမှန်ဖို့
အရေးကြီးပါသည်။ ထို့ကြောင့် ဌာန်၊ ကရိုဏ်း၊ ပယတ်တို့ဖြင့်
စနစ်တကျ ပီပီသသ အသံထွက်နိုင်အောင် ကြိုးစားပြီးသင်ယူရပါ
သည်။ မဂဓဘာသာအသံထွက်အမှန်ကို မြန်မာအက္ခရာစာလုံးဖြင့်
ရေးသားလျှင် မြန်မာအက္ခရာပါဠိပုဒ်များတွေ့ရမည်။ အင်္ဂလိပ်
အက္ခရာ၊ သီဟိုဠ်အက္ခရာပုဒ်၊ ထိုင်းအက္ခရာဖြင့်ရေးသားလျှင်
အင်္ဂလိပ်(ရိုမင်) ပါဠိ၊ သီဟိုဠ်ပါဠိ၊ ထိုင်းပါဠိ အက္ခရာများဖြစ်လာ
မည်။
သက္ကတ( ဝေဒနာဂရီ ) အက္ခရာများကိုကြည့်လိုလျှင် ဟိန္ဒူ
ဘုရားကျောင်းများ၌ မေးကြည့်ပါ။ ရှိလျှင်ပြပါလိမ့်မည်။
ဃ။ ရဟန္တာတိုင်းဓါတ်တော် မကျပါ။ ဗြဟ္မာကြီးများ၏ခန္ဓာကိုယ်များ
သည် မီးငြိမ်းသည့် မီးပုံကြီးများကဲ့သို့ ခန္ဓာမကျန်တော့ပါ။
င။ တာဝတိံသာနတ်ပြည်မှ သင်္ကဿမြို့တော် တောင်တံခါးသို့
ဆင်းကြွတော်မူရာ လှမ်းသောခြေလှမ်းပေါင်း (စ) ဗုဒ္ဓ၏ခြေ
တစ်လှမ်းအကွာအဝေး (ဆ) ဘုရားရှင်ပွင့်တော်မူပြီးချိန်မှ
ပရိနိဗ္ဗာန်စံတော်မူချိန်အထိ မိန့်ကြားခဲ့သော စကားလုံးပေါင်း
(ည) အရှင်သာရိပုတ္တရာ၊ အရှင်မဟာကဿပ၊ အရှင်မောဂ္ဂလာန်၊
အရှင်အာနန္ဒာ တို့၏ အရပ်တော်ပမာဏ ဤမေးခွန်းလေးခုနှင့်
ဆက်စပ်၌ စာပေကျမ်းဂန်တို့၌ မတွေ့ဖူးပါ။ ကိုယ်တိုင်မဖူးရ
သဖြင့် ဖြေကြားရန်လည်း မတတ်နိုင်ပါ။
ဇ။ စကြာဝဠာသည် မည်သည့်အချိန်က စတင်ခဲ့သည် မည်သည့်
အချိန်၌ ပျက်စီးမည်ဟု စာပေကျမ်းဂန်တို့၌ မတွေ့ဘူးပါ။
စ်။ စကြာဝဠာသက်တမ်းသည် မဟာကပ်တစ်ကပ်ဖြစ်ပါသည်။
ကမ္ဘာပျက်နေဆဲ သံဝဋ္ဋအသေင်္ချေယျကပ်၊ အပျက်အတိုင်းတည်နေ
ဆဲ သံဝဋ္ဋဌာယီအသင်္ချေယျကပ်၊ ကမ္ဘာဖြစ်တည်နေဆဲ ၀ိဝဋ္ဋ
အသင်္ချေယျကပ်၊ ဖြစ်တည်ဆဲအတိုင်းတည်နေသော ၀ိဝဋ္ဋဌာယီ
အသင်္ချေယျကပ်ဟူသော အသင်္ချေယျကပ်လေးကပ်သည်
မဟာကပ်တစ်ကပ် တစ်ကမ္ဘာဖြစ်ပါသည်။ ထိုကပ်များကို
သာမန်သင်္ချာဖြင့် တွက်ရန်မလွယ်ကူလှပါ။ အသင်္ချေယျသည်
တစ်ဂဏန်းနောက်၌ သုည ၁၄၀ ရှိသည်ဟု တွေ့ဖူးပါသည်။
သင်္ချာအနေဖြင့်ပြဆိုထားသော်လည်း အချိန်ကာလကိုတွက်
ပြဖို့ သိဖို့ရန်အလွန်ခက်ခဲလှပါသည်။ ဖြစ်ရမည့်အချိန်၌ဖြစ်၍
ပျက်ရမည့်အချိန်၌ လုံးဝပျက်ရပါလိမ့်မည်။ ကမ္ဘာပျက်ချိန်တွင်
လွတ်မြောက်အောင် ၀ိပဿနာတရားအားထုတ်ပါ။ ရဟန္တာဖြစ်
သွားလျှင် ကမ္ဘာပျက်မည်ကို ကြောက်စရာမလိုတော့ပါ။
ကမ္ဘာ၏သက်တမ်းကို နှစ်ပေါင်းနှစ်ရာပေါင်း၊ နှစ်သိန်းပေါင်း၊
နှစ်သန်းပေါင်း ဤမျှတည်ရှိသည်ဟု အချိန်ကာလအားဖြင့်
ရေတွက်ပြခြင်းငှာ မတတ်နိုင်။ တစ်ယူဇနာစီ အလျား၊ အနံ၊
အစောက်မြင့်သော မုန်ညင်းစေ့အပုံကြီးထဲမှ နှစ်ပေါင်း
၁၀၀၊ နှစ်ပေါင်း ၁၀၀၀ လွန်သည့်အခါ မုန်ညင်းစေ့တစ်စေ့
တစ်စေ့ကို လွှင့်ပစ်သည်ရှိသော် မုန်ညင်းစေ့အပုံကြီးသည်
လျင်မြန်စွာကုန်သွားနိုင်သော်လည်း ကမ္ဘာကြီးကား ကုန်
မသွား(ပျက်စီးမသွား) နိုင်ရာ။ ရဟန်းတို့ ကမ္ဘာကြီးသည်
ဤမျှလောက်သော ကာလပတ်လုံး ရှည်လျားလှစွာဖြစ်တည်
နေပေလိမ့်မည်။ (သံ၊ ၁။ ၃၈၉-၃၉၀) စရိယာ၊ ဋ္ဌ၊ ၁၁) ဟု
ကမ္ဘာကြီးတည်ရှိနိုင်မည့် သက်တမ်းကာလကို ဥပမာအား
ဖြင့်သာ ဘုရားရှင်ဟောတော်မူထားပါသည်။
မဟာသိမ်တော်ကြီးစာသင်တိုက် ပဓါနနာယကဆရာတော်
ဘဒ္ဒန္တကုမာရ(အဂ္ဂမဟာပဏ္ဍိတ) မြတ်မင်္ဂလာ အမေးအဖြေ
တွင် ဖြေကြားသည်။

No comments: