Monday, August 17, 2015

“မပြောမပြီး မတီးမမြည်”


တက္ကသိုလ်နယ်မြေတစ်ခု ရောက်တဲ့အခါ ပျိုမျစ်နုနယ် ချစ်စဖွယ် ကောင်မလေးတွေကို မြင်တွေ့နေရတာ စိတ်ကြည်လင်ချမ်းမြေ့စရာပါ။ (မှတ်ချက်။ ။ ယောက်ျားလေးများမပါ။) ဒီတော့လည်း ကျောင်းထဲမှာ ဟိုဟိုဒီဒီ လျှောက်သွားပေမယ့် အချိန်ဘယ်လောက်ကြာကြာ ပင်ပန်းတယ်လို့ မထင်မိပေါင်။
ကင်းဘရစ်ခ်ျတက္ကသိုလ် ပရဝုဏ်ထဲ အဲဒီလို လျှောက်သွားနေရင်း ရှေးခေတ် အဆောက်အအုံတစ်ခု ဝင်ပေါက်မှာ ဟိုဘွားတော်ကြီး ဓာတ်ပုံနဲ့ ဆိုင်းဘုတ်တစ်ခု ထောင်ထားတာ ဗြုံးကနဲ တွေ့တယ်။ ခေါင်းစဉ်က “အောင်ဆန်းစုကြည်နှင့် မြန်မာ့ဒီမိုကရေစီလှုပ်ရှားမှု ဖြစ်စဉ်” ဆိုလားပဲ။ အဲဒီအချိန်မှာ ဒေါ်အောင်ဆန်းစုကြည် နောက်ဆုံးအခေါက် နေအိမ်အကျယ်ချုပ်က မလွတ်သေးဘူး။
ပြီးတော့၊ ဒေါ်အောင်ဆန်းစုကြည်က အောက်စဖို့တက္ကသိုလ်ထွက် မဟုတ်လား။ ပြိုင်ဖက် ကင်းဘရစ်ခ်ျမှာ တခမ်းတနား ဟောပြောပွဲ ကျင်းပပြီး ဆွေးနွေးကြတာ စိတ်ဝင်စားစရာပဲ။ ဟောပြောပွဲလုပ်နေတာ အချိန်တောင် အတော်ကြာနေပြီဆိုတော့ ကျနော်လည်း အထဲကို ကပျာကယာ ဝင်ပြီး နားထောင်ပါတယ်။ ရှေးခေတ် သစ်သားခုံတန်းကြီးတွေနဲ့ ခန်းမထဲမှာ ပရိသတ်အပြည့်လောက်ရှိတယ်။ ဖျတ်ကနဲ ကြည့်လိုက်တော့ လူဖြူအများစုပါ။ မြန်မာပုံ၊ အာရှသားရုပ်မျိုး သိပ်မတွေ့မိဘူး။ ဟောပြောသူကလည်း အင်္ဂလိပ်အမျိုးသား ပရော်ဖက်ဆာ တစ်ယောက်ပါပဲ။ (ကျနော် နာမယ်မေ့နေလို့ခင်ဗျ။)
တစ်ပိုင်းတစ်စ ကြားဖြတ်ပြီး ကျနော်ဝင်ထိုင်လို့ ၁၀ မိနစ်လောက်ကြာတော့ ဟောပြောပွဲပြီးသွားပြီး အမေးအဖြေကဏ္ဍ လုပ်ပါတယ်။ မေးခွန်းအများစုက သမရိုးကျ ဖြစ်ပေမယ့် နိုင်ငံရေးသိပ္ပံ ဘွဲ့လွန်ကျောင်းသား တစ်ယောက်ရဲ့ မေးခွန်းကတော့ ထူးခြားပါတယ်။
၁၉၈၈ ခုနှစ် လူထုအုံကြွမှုကြီးမှာ မြန်မာတစ်ပြည်လုံး ပြည်သူလူထုက ဒီမိုကရေစီ တောင်းဆိုနေချိန်၊ စစ်တပ်က ဘာဖြစ်လို့ပြည်သူ့ဖက်က မပါခဲ့တာလဲ ဆိုတဲ့ မေးခွန်းဖြစ်ပါတယ်။ တစ်ကယ်လို့သာ စစ်တိုင်းမှူး၊ တပ်မမှူးတစ်ယောက်က ဒီမိုကရေစီအလံကို လွှင့်ထူပြီး ပြည်သူ့ဖက်က ရပ်တည်တယ်လို့ ကြေညာလိုက်ရင်၊ မြန်မာနိုင်ငံအခြေအနေဟာ တစ်မျိုးတစ်ဖုံ ပြောင်းလဲသွားနိုင်တယ်။ အဲဒီတပ်မှူးလည်းပဲ အမျိုးသားသူရဲကောင်းအဖြစ် ပြည်သူလူထုရဲ့ ချစ်ခင်ကြည်ညိုမှုကို ခံယူပြီး နောင်တစ်ချိန်မှာ ဖိလိပိုင်ဗိုလ်ချုပ်ကြီး ဖီဒယ်လ် ရာမို့စ်လို ဂုဏ်သရေရှိ သမ္မတကြီးတောင် ဖြစ်လာနိုင်စရာ ရှိတယ်။ ဒါပေမယ့်၊ တပ်မှူးအဆင့် ဘယ်သူမှ တုပ်တုပ်မလှုပ်ခဲ့ကြတာ ဘာကြောင့်လဲ၊ ဟောပြောတဲ့ ပရော်ဖက်ဆာက အဲဒီမေးခွန်းကို “very good question” လို့ ချီးကျူးတဲ့အပြင် ပရိသတ်ကလည်း လက်ခုပ်တီးကြတယ်။
ပရော်ဖက်ဆာက သိပ်အရှည်ကြီးမဟုတ်ပေမယ့် တော်တော်ခြုံငုံပြီး ဖြေကြားပါတယ်။ မြန်မာစစ်တပ်ရဲ့ တပ်မှူးတွေဟာ (၁) လူ့အခွင့်အရေး ချိုးဖောက်ကျူးလွန်မှုတွေမှာ တစ်နည်းနည်းနဲ့ ပါဝင်ပတ်သက်နေတဲ့ ရာဇဝတ်မှု မကင်းသူတွေ ဖြစ်ကြတယ် (၂) တရားမဝင် ရရှိပိုင်ဆိုင်ထားတဲ့ ပစ္စည်းဥစ္စာ အမြောက်အမြားနဲ့ ကျိကျိတက် ချမ်းသာကြွယ်ဝသူတွေ ဖြစ်ကြတယ်။
ဒါကြောင့် စစ်အစိုးရပြုတ်ကျပြီး ဒီမိုကရေစီ အစိုးရ အုပ်ချုပ်ရင် သူတို့ကို ခုံရုံးတင် အပြစ်ပေးခံရမှာနဲ့ ငွေကြေးပိုင်ဆိုင်မှုတွေ သိမ်းဆည်းခံရမှာကို သေမလောက် ကြောက်ကြတယ်။ ပြီးတော့၊ တိုင်းပြည်နဲ့ ပြည်သူလူထုကို တစ်စက်မှ စေတနာမရှိတဲ့ ကိုယ်ကျိုးသက်သက် အတ္တသမားတွေသာ ဖြစ်လို့ လက်ရှိအနေအထားကို အင်မတန် ကျေနပ်သာယာနေပြီး စွန့်လွှတ်ဖို့ လုံးဝ စိတ်ကူးမရှိကြဘူး။ ဒါကြောင့် အာဏာရှင်စစ်အစိုးရကိုသာ သစ္စာစောင့်သိရိုသေပြီး ပြည်သူ့ဘက်ကို မပါတာ ဖြစ်ကြောင်း ဖြေသွားတယ်။
တစ်ဆက်တည်းပဲ သူပြောတာက တပ်မတော်ခေါင်းဆောင်တွေရဲ့ အဲဒီလို ကြောက်ရွံ့စိုးရိမ်မှုကို ဒေါ်အောင်ဆန်းစုကြည်က နားလည်တဲ့အတွက် ဖြေရှင်းဖို့ ကြိုးစားတယ်။ ဒါကြောင့်၊ သူက အမျိုးသား ပြန်လည်ရင်ကြားစေ့ရေး (national reconciliation) လုပ်နိုင်အောင် တွေ့ဆုံဆွေးနွေးရေး (dialogue) ကို တောင်းဆိုနေတာ ဖြစ်တယ်။
အဲဒီအချိန်က ပြည်တွင်းပြည်ပမှာ dialogue, dialogue နဲ့ တော်တော်ကို အသံကျယ်လောင်ခဲ့တာ မှတ်မိကြမှာပါ။
ဒေါ်အောင်ဆန်းစုကြည်က တွေ့ဆုံဆွေးနွေးရေး တောင်းဆိုတဲ့ ရည်ရွယ်ချက်ဟာ လူ့အခွင့်အရေး ချိုးဖောက်ခဲ့တဲ့ စစ်ဗိုလ်စစ်သားတွေကို အပြစ်မှ ခွင့်လွှတ်ရေးကိစ္စ တိုင်ပင်ဆွေးနွေးဖို့ ဖြစ်သလို၊ တစ်ဖက်ကလည်း သေဆုံး၊ ဒုက္ခရောက်၊ ထောင်ကျခံရတဲ့ ပြည်သူလူထုကို ကျေရာကျေကြောင်း ဖျောင်းဖျနားချရမှာ ဖြစ်လို့ တော်တော်ခက်ခဲတဲ့ကိစ္စ ဖြစ်ကြောင်း ပြောရင်း နိဂုံးချုပ်သွားပါတယ်။
ကျနော်ကတော့ မြန်မာတစ်ယောက်အနေနဲ့ ဆက်ပြီး တွေးစရာတွေ အများကြီး ရှိနေပါသေးတယ်။ ဒီပြဿနာကို ဖြေရှင်းမှသာ တပ်မတော်နဲ့ ပြည်သူ ကြည်ဖြူတဲ့ ဒီမိုကရေစီနိုင်ငံတော်သစ်ကို တည်ထောင်နိုင်မှာပါ။
ဒါပေမယ့်လည်း ဒေါ်အောင်ဆန်းစုကြည်က တွေ့ဆုံဆွေးနွေးဖို့ တောင်းဆိုလေတိုင်း ၄၈ ပွင့်ဆိုင်၊ ၁၄ ပွင့်ဆိုင်၊ ၆ ပွင့်ဆိုင်ဆိုတာတွေနဲ့ မဆိုင်တဲ့အပေါက် ဂလိုင်နဲ့ ခေါက်နေကြတော့ အလုပ်မဖြစ်ဖူးမဟုတ်လား။
အဓိကကျတဲ့ တပ်မတော်ခေါင်းဆောင်တွေနဲ့ လူထုကိုယ်စားပြု ဒေါ်အောင်ဆန်းစုကြည်တို့ တံခါးပိတ်တွေ့ဆုံပြီး တေ့တေ့ဆိုင်ဆိုင် ပြောဆိုဆွေးနွေးရင် ညှိနှိုင်းလို့ ရမယ်ထင်ပါတယ်။
ဪ… ပြီးတော့၊ အဲဟို ပရော်ဖက်ဆာ ပြောသွားတဲ့အထဲမှာ မပါတဲ့ကိစ္စတစ်ခုကို ကျနော်ကတော့ မြန်မာတစ်ယောက်မို့ သိနေတယ်ခင်ဗျ။
ဖိလိပိုင်ဗိုလ်ချုပ်ကြီး ဖီဒယ်လ် ရာမို့စ်ဟာ အမေရိကန်စစ်တက္ကသိုလ်က ဘွဲ့ရပါတယ်။ အီလီနွာတက္ကသိုလ်မှာ အင်ဂျင်နီယာ ပညာသင်ကြားခဲ့ပြီးမှ ဖိလိပိုင်စစ်တပ်မှာ ဝင်ရောက်အမှုထမ်းသူ ဖြစ်ပါတယ်။ မြို့ပြအင်ဂျင်နီယာလည်းဖြစ်၊ နိုင်ငံခြားမှာလည်း ပညာသင်ဖူးတော့ ဗိုလ်ချုပ်ကြီး ဖီဒယ်လ် ရာမို့စ်ဟာ စစ်ရေးအမြင်၊ ခေတ်ရေးအမြင်၊ နိုင်ငံတကာအမြင်တွေနဲ့ အသိဉာဏ်ကြွယ်ဝတဲ့ စစ်ဖက်ခေါင်းဆောင်ကြီးပါ။
ဒါကြောင့်၊ အာဏာရှင် ဖာဒီနန် မာကို့စ်ကို ဆန့်ကျင်ပြီး ပြည်သူလူထုဖက်က ပြတ်ပြတ်သားသား ရပ်တည်ခဲ့လို့ ဖိလိပိုင်ဟာ ဒီမိုကရေစီနိုင်ငံ ထူထောင်နိုင်တာပါ။ ဗိုလ်ချုပ်ကြီး ရာမို့စ်လည်း ပြည်သူက ချစ်ခင်လေးစားပြီး နိုင်ငံတကာမှာ ဂုဏ်သရေရှိ သမ္မတကြီး ဖြစ်လာခဲ့တာပါ။
မြန်မာဗိုလ်ချုပ်တွေကတော့ စစ်ရေးအမြင်ဆိုတာ တစ်ခုတည်းနဲ့ စဉ်းစားဆင်ခြင်ဉာဏ်အားလုံး အမိုက်မှောင်ဖုံး နေကြတာကြောင့် တွေ့ဆုံဆွေးနွေးရေးကို ဝေးဝေးကရှောင်နေကြလေရဲ့။
(မှတ်ချက်။ ။ လူထုဖိုးမောင် ကျနော့ကီးဘုတ်ကို လာလုသွားပြန်ပြီ။)

No comments: