Monday, November 5, 2012

အယုံအကြည် ကင်းမဲ့ခြင်းက လူ့အဖွဲ့နှစ်ခုကြား ကင်းကွာမှု ပိုကြီးလာစေ

ဟိန္ဒူသတင်းစာ | တနင်္လာနေ့၊ နိုဝင်ဘာလ ၀၅ ရက် ၂၀၁၂ ခုနှစ် ၁၉ နာရီ ၄၃ မိနစ်

ရခိုင်ပြည်နယ်မြို့တော် စစ်တွေသည် အပြင်ပန်းအားဖြင့်တော့ ငြိမ်သက်နေသည်။ စနေနေ့ နေ့လည်စာ စားချိန်တွင် လမ်းမပေါ်၌ စက်ဘီးစီးနေသူများ၊ မော်တော်ဆိုင်ကယ်ဖြင့် သွားနေသူများ၊ ကားဖြင့် သွားနေသူအချို့၊ လမ်းဘေး တွင် လျှေက်နေသူများ၊ လမ်းဘေး လ္ဘက်ရည်ဆိုင်များတွင် ထိုင်နေသူများတို့ဖြင့် စစ်တွေမြို့လမ်းမကြီးသည် စည်ကားနေသည်။

ကုလားတန် ဘက်စုံစီမံကိန်းအတွက် လုပ်နေသော အိန္ဒိယ ကုမ္ပဏီတခုဖြစ်သည့် ESSAR ၏ စီမံကိန်းမှာလည်း လုပ်ငန်းများ ဆက်လက် လည်ပတ်နေသည်။ ကမ္ဘာလှည့် ခရီးသွားများကိုပင် တွေ့ရသေးသည်။

သို့သော် မြို့မှ မိုင် ၂ဝ လောက် ကားမောင်းသွားလျှင်ပင် စစ်တွေ တက္ကသိုလ်အကျော်၊ ပုဇွန် မွေးမြူရေးကန်များနှင့် လယ်ကွင်းများကို ကျော်လျှင်ပင် ဤဆိပ်ကမ်းမြို့ကလေးမှ လူ့အဖွဲ့အစည်းနှစ်ခုအကြား ကင်းကွာကွဲပြားနေမှုများကို ထင်ထင်ရှားရှား တွေ့မြင်ရနိုင်ပြီ ဖြစ်သည်။

စစ်တွေနှင့် အခြား ရခိုင်ပြည်နယ်ရှိ မြို့ကြီးများတွင် ရိုဟင်ဂျာ မူဆလင်များနှင့် ရခိုင် ဗုဒ္ဓဘာသာဝင်များအကြား
နှစ်ကြိမ်တိုင် ပဋိပက္ခဖြစ်ပွါးခဲ့ပြီး ယင်းကိစ္စသည် မြန်မာ နိုင်ငံ၏ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး အတွက် စိုးရိမ်စရာ
ဖြစ်လာသည်။

သဲထူသော လမ်းတလျှောက် ဖြစ်ကတတ်ဆန်း ဆောက်ထားသော စခန်းများထဲ၌ နေထိုင်နေကြသူများမှာ ထောင်နှင့်ချီသည့် ရိုဟင်ဂျာများ ဖြစ်ကြပြီး အစိုးရကတော့ သူတို့ကို ဘင်္ဂါလီများဟုသာ ရည်ညွှန်းပြောကြားသည်။ ရခိုင်ဗုဒ္ဓဘာသာဝင် အမျိုးသမီး တဦးကို မုဒိမ်းကျင့် သတ်ဖြတ်သည်ဟု ဆိုသောအမှု ဖြစ်ပွါးခဲ့ပြီး ပဋိပက္ခများ စတင်ပေါ်ပေါက်လာခဲ့သည့်  ယခုနှစ် ဇွန်လ ကတည်းက သူတို့ မိမိတို့ အိုးအိမ်များကို စွန့်ခွါကာ ဤစခန်းများသို့ ရောက်လာခဲ့ ကြခြင်း ဖြစ်သည်။

အဆိုပါ အကြမ်းဖက်မှုများအတွင်း ၇၈ ဦး သေဆုံးခဲ့ရပြီး အိမ်ပေါင်း ၅,ဝဝဝ မီးလောင် ကျွမ်းခံခဲ့ရသည်။ လူပေါင်း ၇၅,ဝဝဝ ကျော် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရသည်။

အောက်တိုဘာ တတိယပတ်နှင့် စတုတ္ထပတ်အတွင်း တကျော့ပြန် ဖြစ်ပွါးခဲ့သော အကြမ်းဘက်မှုများအပြီး
နောက်ထပ်လူအများ ထိုဒုက္ခသည် စခန်းများသို့ ထပ်မံ ရောက်ရှိလာခဲ့သည်။ ထို ဒုတိယ အကြိမ် အကြမ်းဘက်မှုများ တွင်း လူပေါင်း ၈၉ ဦးသေ၊ ၁၃၆ ဦးဒဏ်ရာရ၊ အိမ်ပေါင်း ၅,၃၅၁ လုံးမီးလောင်ကျွမ်း၊ လူပေါင်း ၃၂,ဝဝဝ ကျော် အိုးအိမ်စွန့်ခွါ ထွက်ပြေးခဲ့ရသည်ဟု မကြာသေးခင်က သမ္မတ ဦးသိန်းစိန်က ကြေညာပြောဆိုခဲ့သည်။

ရခိုင်ပြည်နယ် တခုလုံးကို အရေးပေါ်အခြေအနေ ကြေညာထားဆဲဖြစ်ပြီး စစ်တွေမြို့တွင်မူ ည ၁ဝ နာရီမှ မနက် ၅ နာရီအထိ အပြင်မထွက်ရ ကာဖျူးအမိန့် ထုတ်ပြန်ထားသည်။

ဇွန်လ ဆူပူအကြမ်းဘက်မှုများအပြီး အိုးအိမ်စွန့် ထွက်ပြေးလာရသော ရခိုင် ဗုဒ္ဓဘာသာဝင်များအတွက် စခန်း ၄ ခုမှာ မြို့တွင်းမှာပင်ရှိပြီး ယင်းတို့မှာ ရိုဟင်ဂျာ ဒုက္ခသည် စခန်းများထက် အခြေအနေကောင်းသည်။ သူတို့သည် ယာယီ ဆောက်လုပ်ထားသော အိမ်များ တန်းလျားများတွင် နေထိုင်ကြပြီး အရေအတွက်လည်း နည်းသည်။ စခန်းတခုစီတွင် ဒုက္ခသည် တထောင်ခန့်သာ ရှိသည်။

ဒုက္ခသည် စခန်းများ သီးခြားစီ ရှိနေသည်ကို ကြည့်လျှင် လူ့အဖွဲ့အစည်း နှစ်ခုအကြား မည်မျှ စိတ်ဝမ်းကွဲပြားနေ သည်ကို မြင်နိုင်သည်။ စစ်တွေရှိ မည်သည့်ရခိုင်မျှ ရိုဟင်ဂျာ စခန်းများအနီးသို့ မသွားလိုကြဘဲ အလားတူပင် မူဆလင်များကလည်း ရခိုင်စခန်းများသို့ မသွားကြပေ။

“သူတို့က ကျနော်တို့ကို မုန်းနေတာလေ။ ဘင်္ဂါလီ စခန်းတွေနား သွားရင် ကျနော့်ကို သူတို့က သတ်ကြမှာ။ ကျနော်တို့ကို မြင်တာနဲ့တင် သူတို့က ဒေါသထွက်နေကြတာ” ဟု ရခိုင်လူငယ်တဦးက ကျနော့်ကို ပြောသည်။

မူဆလင် ဒုက္ခသည် စခန်းများသို့ ပို့ဆောင်ပေးရန် ကျနော်ပြောသည်ကို သူက ခါးခါးသီးသီး ငြင်းဆန်ပြီး ဗုဒ္ဓဘာသာ ဒုက္ခသည်စခန်းများသို့သာ လိုက်ပို့သည်။

ကျနော် သွားခဲ့သော ပထမဆုံး ရိုဟင်ဂျာ ဒုက္ခသည် စခန်းတွင် လူငယ်လူကြီး၊ ယောက်ျားမိန်းမ၊ မိန်းကလေး
ယောက်ျားလေး၊ မွေးကင်းစကလေး၊ မတ်တပ်စမ်းစ ကလေး စသဖြင့် အရွယ်စုံဖြင့် ပြည့်နှက်နေသည်။ တရားဝင် ထုတ်ပြန်ထားသော ဒုက္ခသည် အရေအတွက်က ၁၈,၅ဝဝ သာ ရှိသော်လည်း နောက်ထပ် ရောက်လာသူများပါ ထည့်ပေါင်းလိုက်လျှင် ထို့ထက် များဘို့သာ ရှိပါသည်။

သူတို့အများစုမှာ ၁ဝ ပေ x ပေ ၂ဝ သာ ရှိသော တဲတလုံးလျှင် လူအယောက် ၈ဝ မှ ၁ဝဝ အထိ ပြွတ်သိပ်နေကြရ သည်။ မိသားစု ၂ဝ ခန့်မှ အမျိုးသမီးများသည် တဲအပြင်ဘက် ထွက်၍ ညနေစာကို ထင်းမီးများဖြင့် ချက်ပြုတ်နေကြ သည်။ သူတို့အတွက် စားနပ်ရိက္ခာ ဝေပုံကျကို ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) က ထောက်ပံ့ပေးကမ်းထား သည်။

သဲချောင်းစခန်းသို့ နောက်ထပ် ရောက်ရှိလာသူများမှာ ကျောက်ဖြူမှ ဖြစ်သည်။ လူ့အခွင့်အရေး စောင့်ကြည့်ရေး အဖွဲ့ကြီးက ထုတ်ပြန်လိုက်သော ဂြိုဟ်တုဓါတ်ပုံအရ အောက်တိုဘာ ၂၃ ရက်နေ့က ဖြစ်ပွါးခဲ့သော အရေးအခင်းတွင် အိမ်အလုံး ၈ဝဝ ပြာကျသွားခဲ့ရကြောင်း တွေ့ရှိရသည်။ ထိုနေရာမှ ထွက်ပြေးလာခဲ့သော လူ ၂,၅ဝဝ-၃,ဝဝဝ ခန့်မှာ သဲချောင်း ဒုက္ခသည် စခန်းအနီး ရွာထဲရှိ အိမ်များနှင့် မူဆလင် ဘာသာရေး ကျောင်းများထဲတွင် ခိုလှုံနေကြရသည်။

“ရခိုင် လူအုပ်ကြီးက ကျမတို့ အိမ်အားလုံးကို ရှစ်နာရီလောက်အတွင်း မီးရှို့ပစ်လိုက်ကြတာ။ ကျမအထင် ဒီလူအုပ်ကြီးက လူ ၅,ဝဝဝ လောက် ရှိမယ်။ လူ ၁ဝဝ သေတယ်။ ကျမတို့လဲ လှေတွေနဲ့ ထွက်ပြေးလာရတာ” ဟု မူရီယမ်ဘီဘီ က ပြောသည်။

သဲချောင်းရွာ အရောက် မြစ်ကြောင်းအတိုင်း နာရီ ၂ဝ ခန့် လာခဲ့ရသည်။ မူရီယမ်ဘီဘီနှင့် သူနှင့်အတူလာသူ အခြား ဒုက္ခသည်များ လှေပေါ်မှ ဆင်းခွင့်ရရေး၊ ဒုက္ခသည်စခန်းများသို့ ဝင်ရောက်ခွင့် ရရေးအတွက် အာဏာပိုင်များ၏ ခွင့်ပြုချက်ကို နောက်ထပ် ၃-၄ ရက်ခန့် စောင့်ခဲ့ရသည်။

“ရွာကိုတော့ ပြန်နိုင်တော့မယ် မထင်ဘူး။ ပြန်ရင် ရခိုင်တွေက ကျမတို့ကို သတ်မှာ သေချာတယ်။ အဲဒီမှာလည်း ဘာမှ မကျန်တော့ပါဘူးလေ။ အားလုံး မီးရှို့လိုက်လို့ ပြာကျကုန်ပြီ” ဟု ယခုအခါ မူဆလင် ဘာသာရေး စာသင်ကျောင်း ပထမ
ထပ်တွင် မိသားစုနှင့်အတူ နေထိုင်သူ မူရီယမ်ဘီဘီ က ပြောသည်။

စခန်း၏ အခြားတဘက်တွင် နေသူများမှာ ဇွန်လအတွင်းက သူတို့နေအိမ်များ မီးရှို့ခံခဲ့ရသည့် စစ်တွေ နာဇီရပ်ကွက်မှ လူများ ဖြစ်သည်။ သူတို့အတွက် လှူဒါန်းလိုက်သော အဝတ်အစားထုပ်ကို ရရန် သူတို့ အလုအယက် လုယူနေကြရ သည်။ ဘယ်အဝတ်အစားမျှ ဝတ်လို့ရသည်လို့မရှိ။ စုတ်ပြဲနေသော အတွင်းခံများ၊ ရွှံ့များပေကျံ အစွန်းအထင်းများ ရှိနေသည့် ရှပ်အင်္ကျီများ၊ ရှပ်အင်္ကျီလည်းမဟုတ် မိန်းမဝတ် ဘလောက်စ်လည်း မဟုတ်သည့် အထည်များသာ ဖြစ်သည်။

“ကျနော်တို့ ဒါတွေကို ဝတ်လို့ရမယ်လို့ သူတို့ ဘယ်လိုများ ထင်သလဲမသိဘူး” ဟု ဘယ်လိုပြောရမှန်းတောင် မသိသည့် အဝတ်စ တစကို ပြရင်း လူတဦးက စိတ်ဆိုးမာန်ဆိုး ပြောသည်။

ထိုအထည်စက လူအများကို ပွဲကျသွားစေသည်။ တယောက်က “အင်ဒိုနီးရှားနဲ့ မလေးရှားက ပို့တာက အထည်
ကောင်းတွေ၊ ဒါတွေကို အာဏာပိုင်တွေက ခိုးထားလိုက်ပြီး ကျနော်တို့ကို ပေးတာကျတော့ ဒါတွေပဲ” ဟု ဒေါသဖြင့်
ပြောသည်။

သူပြောနေသည့် စကားမှာ ဘင်္ဂါလီစကားနှင့် ဆင်သည်။ သို့သော် စခန်းထဲမှ အများစုမှာ အံ့သြစရာကောင်းလောက်
အောင် အူရဒူစကားကို ကျွမ်းကျွမ်းကျင်ကျင် ပြောတတ်ကြသည်။ ဘောလိဝုဒ် (ဘုံဘေ)မှ ရုပ်ရှင်များကို ကြည့်ပြီး သူတို့ ပြောတတ်လာခြင်း ဖြစ်သည်ဟု ရှင်းပြကြသည်။

“ကျနော်တို့ ဘာသာစကားက ဘင်္ဂါလီဆိုတော့ အစိုးရက ကျနော်တို့ကို ဘင်္ဂါလီ လူမျိုးတွေလို့ ခေါ်တယ်။ သူတို့က ကျနော်တို့ကို ဘင်္ဂလားဒေ့ရှ်က လာတဲ့ သူတွေလို့ ပြောဘို့ လုပ်နေတာ။ တကယ်က ကျနော်တို့က ရိုဟင်ဂျာ လူမျိုး
တွေပါ။ ရခိုင်မှာ မျိုးဆက်ပေါင်း များစွာ နေလာတဲ့သူတွေလို့ ကျနော်တို့ မိဘတွေ၊ အဖိုးအဖွားတွေက ပြောပြကြပါ တယ်” ဟု အဗ္ဗဒူလ်ကာရင် က ပြောသည်။

စစ်တွေမြို့၏ တောင်ဘက် ကျောက်နီမော် ကျေးရွာမှ အမျိုးသမီးလေး တဦး ဇွန်လအတွင်းက မုဒိမ်းကျင့် သတ်ဖြတ် ခံရသည်ဟု သတင်းများ ပျံ့နှံ့သွားကတည်းက သူတို့အတွက် ဘေးဒုက္ခဆိုးကြီး ကျရောက်လာခဲ့ခြင်း ဖြစ်ကြောင်း နာဇီဘတ်စတီး ကျေးရွာမှ ထွက်ပြေးလာသူများထဲမှ တဦးဖြစ်သူ အိုမာအလီ က ပြောသည်။

ထိုပဋိပက္ခအကြောင်း စုံစမ်းစစ်ဆေးရန် သမ္မတဦးသိန်းစိန်က အဖွဲ့ဝင် ၂၇ ဦးပါ စုံစမ်းရေးကော်မရှင်ကို ဖွဲ့ပေးသည်။ သို့သော် သတ်မှတ်ချိန်အတွင်း လုပ်ငန်းများ မပြီးစီးနိုင်သည့်အတွက် နိုဝင်ဘာလလယ်အထိ အချိန်ထပ်တိုးပေးရန်
တောင်းခံထားသည်။

ရခိုင်ဒုက္ခသည် စခန်းများကတော့ ပိုမိုအစီအစဉ်တကျ နေသားတကျ ရှိပါသည်။ ရိုဟင်ဂျာစခန်းများမှာလို တိုးဝှေ့ တက်နင်းမိသည့် အဖြစ်မျိုး မရှိပါ။ စခန်း တခုစီတွင် လူ ၇၀၀ မှ ၁,ဝဝဝ ခန့်သာ ရှိသည်။ သစ်ဖြင့် ဆောက်ထားကာ သွပ်မိုးထားသည့် စခန်းထဲတွင် သင်ဖြူးဖျာများဖြင့် နေထိုင်ကြသည်။ စခန်းတခုစီတွင် အိမ်သာများလည်း တန်းစီ
ဆောက်ထားပေးသည်။

ဇွန်လ အတွင်းက အိုးမဲ့အိမ်မဲ့ ဖြစ်သွားပြီး နာဇီစခန်းထဲ ရောက်နေသူ ဦးချစ်မောင်က သူ့ရပ်ကွက်ကို မူဆလင် လူအုပ်ကြီးက မီးရှို့ခဲ့ကြောင်းပြောပြသည်။

“ဘာလို့ မီးရှို့ကြတယ်ဆိုတာ ပြောရခက်ပါတယ်ဗျာ။ ရခိုင်ပြည်နယ်မှာ ဘာတွေလုပ်မယ်ဆိုတဲ့ ရေရှည်စီမံကိန်း သူတို့မှာ ရှိတာတော့ ကျနော်သိတယ်” ဟု သူက ပြောသည်။

သူ့ဘိုးဘွားများ အာသံပြည်နယ်မှ မြန်မာနိုင်ငံတွင်းသို့ လာရောက် အခြေစိုက်ခဲ့သည် ဆိုသော ကျော်သာဘာရူးဝါး ကမူ ဤစီမံကိန်းသည် “သူတို့က ကျနော်တို့ အားလုံးကို အစ္စလာမ်ဘာသာဝင်တွေ ဖြစ်အောင် လုပ်ပစ်လိုက်ပြီး ရခိုင်ကို သိမ်းယူဘို့ပဲ။ ကျနော်တို့က ဗုဒ္ဓဘာသာတွေ၊ ဒါမျိုးကို ခွင့်ပြုမှာမဟုတ်ဘူး” ဟု ပြောသည်။

ဒုက္ခသည် ကယ်ဆယ်ရေး လုပ်ငန်းများ လုပ်ကိုင်နေကြသော အကူအညီပေးရေး အဖွဲ့အစည်းများသည် “အစ္စလာမ်
နိုင်ငံများ” မှ ငွေများယူပြီး လုပ်နေကြကြောင်း ထို့ကြောင့် “ဘင်္ဂါလီစခန်းများ” သို့သာ ဘက်လိုက် ဆောင်ရွက်နေကြ
ကြောင်း အခြားတဦးကလည်း စွပ်စွဲပြောကြားသည်။

လွန်ခဲ့သော လက ရခိုင်ဗုဒ္ဓဘာသာဝင်များက နိုင်ငံတကာ အကူအညီပေးရေး အဖွဲ့အစည်းများကို စစ်တွေမြို့တွင် ကန့်ကွက်ဆန္ဒပြခဲ့ကြသည်။ သို့သော် ကုလသမဂ္ဂနှင့် ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ်အဖွဲ့မှလွဲ၍ ကျန်အဖွဲ့များဖြစ်
သော နယ်စည်းမခြား ဆရာဝန်များအဖွဲ့နှင့် ငတ်မွတ်မှု တိုက်ဖျက်ရေးအဖွဲ့ (Action Against Hunger) များကမူ
အစိုးရ လုံခြုံရေး အကူအညီဖြင့် ရွှေ့ပြောင်းဒုက္ခသည်များအတွက် ကယ်ဆယ်ရေး အကူအညီများ ဆက်လက်ပေးနေ
ကြသည်။ ရန်ကုန်ရှိ ကုလသမဂ္ဂ ခိုလှုံသူများနှင့် လူသားချင်းစာနာသည့် အကူအညီပေးရေးအဖွဲ့ (United Nations Resident Humanitarian) ညှိနှိုင်း ဆောင်ရွက်ရေးမှူး အရှုပ်နီဂမ်းက ယခုအပတ်အတွင်း ဟိန္ဒူသတင်းစာ (The Hindu) သို့ ပြောရာတွင်မူ ဇွန်လအတွင်း ဖြစ်ပွါးခဲ့သော အရေးအခင်းများကြောင့် အိုးအိမ် စွန့်ခွါလာရသည့် ဒုက္ခသည်များကို ကုလသမဂ္ဂနှင့် အစိုးရ ပူးပေါင်းဆောင်လုပ်သည့် ဂေဟာများ၌ နေရာချထားပေးခဲ့သည်ဟု ဆိုသည်။

အလားတူ ဂေဟာများကို ဇွန်လအရေးအခင်းကြောင့် အိုးအိမ်စွန့်ခွါထွက်ပြေးလာရသူ မူဆလင်များအတွက်လည်း စစ်တွေတွင် လတ်တလော အစိုးရနှင့် ကုလသမဂ္ဂ ပူးပေါင်း ဆောက်လုပ်နေသည်ဟု သူက ပြောသည်။
အောက်တိုဘာလတွင် ဖြစ်ပွါးခဲ့သော အရေးအခင်းများကြောင့် အိုးအိမ်စွန့်ခွါထွက်ပြေးလာရသူ အများစုမှာမူ အစိုးရ စာရင်းများအရ မူဆလင်များ ဖြစ်ကြသည်။

“ဒီလူတွေ အားလုံးဟာ ကျနော်တို့ ကူညီဆောင်ရွက်ပေးရမယ့် လူတွေချည်းပဲ။ ကျနော်တို့ကတော့ မူဆလင်ရယ်၊ ဗုဒ္ဓဘာသာဝင်ရယ် မခွဲခြားပါဘူး။ အကူအညီ လိုအပ်နေသူတိုင်းအတွက် အကူအညီပေးနေတယ်။ သူတို့အတွက် ကူညီဆောင်ရွက်ပေးနေပါတယ်”

ရိုဟင်ဂျာ ဒုက္ခသည် စခန်းများတွင်ရော၊ ရခိုင်ဗုဒ္ဓဘာသာဝင် စခန်းများတွင်ပါ အားလုံး စိတ်ဝင်စားနေကြသည့် တူညီသည့် အကြောင်းအရာတရပ်မှာ သြဂုတ်လအတွင်း အာသံပြည်နယ်တွင် ဖြစ်ပွါးခဲ့သော အဓိကရုဏ်းများ
ဖြစ်သည်။

“မူဆလင် ထောင်ပေါင်းများစွာ အိုးမဲ့အိမ်မဲ့ ဖြစ်သွားရတယ်၊ ထွက်ပြေးသွားရတယ်လို့ ကျနော်တို့ ကြားတယ် အဲဒါ ဟုတ်သလား” ဟု ရိုဟင်ဂျာ စခန်းများမှ လူများက မေးကြသည်။ “ဘိုရိုတွေ အများကြီး အသတ်ခံရတယ်လို့ ကျနော်တို့ကြားတယ်။ အဲဒါ ဟုတ်သလား” ဟု ရခိုင်ဗုဒ္ဓဘာသာ ဒုက္ခသည်စခန်းများမှ လူများက မေးကြသည်။

နှစ်ဘက်လုံးက သူတို့ကြုံခဲ့ရသော ပဋိပက္ခများနှင့် အာသံတွင် မကြာသေးခင်က ဖြစ်ပွါးခဲ့သော ရုန်းရင်းဆန်ခတ်မှု များကို မျဉ်းပြိုင်ဆွဲယူ ထပ်တူပြုလိုနေကြသည်။

No comments: