Monday, April 8, 2013

ရှေးဦးမြန်မာ့နိုင်ငံရေးပညာကျမ်းးများ

ရှေးဦးမြန်မာ့နိုင်ငံရေးပညာကျမ်းများ
By သန်းဝင်းလှိုင်

လွန်ခဲ့သော နှစ်ပေါင်း ၂၃၀၀ ကျော် ခရစ်တော်မပေါ်မီ နှစ်ပေါင်း ၃၀၀ ခန့်က အိန္ဒိယနိုင်ငံတွင် စိုးစံခဲ့သော မောရိယမင်းဆက်၏ ပထမမြောက်မင်းဖြစ်သည့် အသောကဘုရင့် ဘိုးတော် စန္ဒဂုတ်မင်းအတွက် ရည်ရွယ်လျက် စာဏကျ ခေါ် ကောဋိလျအမတ်ကြီးသည် “အတ္တသျှတ္တရ” အမည်ရှိ ကျမ်းတစ်စောင်ကို ရေးသားပြုစုခဲ့သည်။ ယင်းကျမ်းသည် ကမ္ဘာ့နိုင်ငံရေးပညာသမိုင်း၌ အိန္ဒိယနိုင်ငံ၏ ရှေးအကျဆုံး နိုင်ငံရေးပညာကျမ်းတစ်ခုအဖြစ် ကျော်ကြားနေလေသည်။

အဆိုပါကျမ်းကို “စာဏကျနီတိ” ဟုလည်း ခေါ်ကြသည်။ နီတိဆိုသော စကားမှာ “လမ်းညွှန်” အနက်ဟောသည် အကျိုးစီးပွားကို ဆောင်သည်ဟူ၍လည်း ဆိုနိုင်သည်။ “လောက ဿဟိတံနေ တီတိနီတိ” ဆိုသည့်အတိုင်း “လောကဿ၊ လောကကြီး၏ (၀ါ) လူအများ၏ ဟိတံအကျိုးစီးပွားကို နေတိ ရွက်ဆောင်တတ်သော ဣတိတသ္မာ၊ ထို့ကြောင့် နီတိ-နီတိမည်၏” ဟု ၀ိဂြိုဟ်ပြုကြသည်။

စာဏကျ ခေါ် ကောဋိကျအမတ်ကြီးသည် ပဋိကကျမ်းဂန် တို့၌လာသော ဇာနက္ကပုဏ္ဏား ဆရာကြီးပင်ဖြစ်သည်ဟု ကျေးဇူးရှင်မဟာဝိသုဒ္ဓါရာမ ဆရာတော်ဘုရားကြီးက မိန့်တော်မူဖူးသည်။ သက္ကတ ဘာသာဖြင့် “စာဏကျ” ဟု ခေါ်၍ ပါဠိကျမ်းဂန်တို့၌ “ဇာနက္က” ဟု ခေါ်သည်။ အဆိုပါ စာဏကျ ဆရာကြီးသည် သာကီဝင် အနွယ်အဆက်မှ ဆင်းသက်လာသော စန္ဒဂုတ် မင်းသားအား သင်ကြားရန် ရေးသားခဲ့သော ဆုံးမခြင်း လမ်းညွှန်၊ နီတိကျမ်းပင်ဖြစ်သည်ဟု ကျေးဇူးရှင်မဟာဝိသုဒ္ဓါရာမ ဆရာတော်ကြီးကပင် မိန့်တော်မူဖူးသည်။

စာဏကျနီတိကျမ်း၌ ပါရှိသော ဂါထာအရေအတွက်မှာ ၁၀၀ မျှသာရှိသော်လည်း ထိုနီတိဂါထာတို့၏ အဓိပ္ပါယ်ကို အကျယ်ချဲ့၍ ဖွင့်ဆိုပါလျှင် လွန်စွာကျယ်ဝန်း၍ အနှစ်သာရနှင့်ပြည့်စုံသော မှတ်သားဖွယ်အမျိုးမျိုးတို့ဖြင့် မဆုံးနိုင်အောင်ပင် ရှိလေရာ “စာဏကျသတက” ဟူ၍လည်း ခေါ်ဆိုကြသည်။

ဤဆိုပါ စာဏကျပုဏ္ဏား ဆရာကြီးရေးသားခဲ့သည့် မူရင်း သက္ကတဘာသာဖြင့် ရှိသော နီတိကျမ်းများကိုမူတည် ကာ ဆရာကြီး လယ်တီပဏ္ဍိတဦးမောင်ကြီးက ပါဠိရှစ်လုံးဘွဲ့ဂါထာသို့ ပြန်ဆိုခဲ့သည်။ ထို့အပြင် အနက်အဓိပ္ပါယ်မြန်မာပြန် နှင့် ဆောင်ပုဒ်လင်္ကာအဓိပ္ပါယ်တို့ကို ဖွင့်ဆိုတာ “စာဏကျနီတိကျမ်း” အမည်ဖြင့်ပင် ပညာအလင်းပြ သတင်းစာပုံနှိပ်တိုက်မှ ၁၉၂၉ ခုနှစ်တွင် ထုတ်ဝေခဲ့လေသည်။

အီတလီနိုင်ငံသမိုင်း၌ ခရစ်နှစ် ၁၅၁၃ ခုနှစ်လောက်တွင် နီကိုလိုမက္ခယာဗေလီ (Niccolo Machiavelli) (ခရစ် – ၁၄၆၉-၁၅၂၇) အမည်ရှိ နိုင်ငံရေးသုခမိန်တစ်ဦးသည် ဘုရင့်သားတော် “ဂုအိလီယာနိုမေဒီစီ” အား ရည်ညွှန်းလျှက် “ရာဇကုမ္မာ” (The Prince) အမည်ရှိ ကျမ်းတစ်စောင်ကို ရေးသားပြုစုခဲ့သည်။ ယင်းကျမ်းသည် ကမ္ဘာ့နိုင်ငံရေးစာပေသမိုင်း ၌ အတော်ဂယက်ရိုက်ခဲ့သော ကျမ်းတစ်ကျမ်းဖြစ်သည်။

အဆိုပါစာအုပ်တွင်တိုင်းပြည်အုပ်ချုပ်မင်းလုပ်နေသူသည်ရည်မှန်းချက်တစ်ခုပြီးမြောက်အောင်မြင်ရန် ဆောင်ရွက်ရမည့် နည်းလမ်းများအတွက် စိုးရိမ်ကြောင့်ကြနေစရာ မလိုသော သဘောတရားကို လိမ္မာကျွမ်းကျင်စွာ ဖော်ပြထားသည်။ ရန်သူကို နှိမ်နင်းရန် နှင့် မိမိအမိန့်ကို နာခံရန် မည်သည့်နည်းလမ်း မဆို အသုံးပြုရမည်ဟု ခေါ်သည်။ မက္ခယာဗေလီသည် “ဖလောရင့်းသမိုင်း” History of Florence၊ “စစ်အတတ်” (The Art of War)၊ “လီဗီ၏ ပထမ ၁၀ အုပ်ကို ဆွေးနွေးခြင်း” (Discourses on the first Ten Book of Livy) ရေးသားခဲ့သေးသည်။

မြန်မာစာပေသမိုင်း၌လည်း ပဒေသရာဇ်ခေတ် မြန်မာမင်းများလက်ထက်က နိုင်ငံအုပ်ချုပ်မင်းလုပ်သူများအတွက် ရည်ရွယ်လျှက် ရေးသားပြုစုခဲ့သည့် ကျမ်းမြောက်များစွာ ရှိသည်။ ယင်းအုပ်ချုပ်သူ ဧကရာဇ်အနေဖြင့် လိုက်နာကျင့်သုံးသင့်သော နည်းလမ်း၊ စည်းကမ်း ဥပဒေတို့ကို ရေးသားဖော်ပြထားလေသည်။ အဆိုပါ ကျမ်းများကို မြန်မာ နိုင်ငံရေးပညာကျမ်းများဟု ခေါ်ကြသည်။

မြန်မာနိုင်ငံရေးပညာကျမ်းများ၌ မုံရွေးဆရာတော် သက္ကရာဇ် ၁၁၉၄ ခုနှစ်တွင် ပြုစုခဲ့သော မုံရွေးဇေတ၀န် မေတ္တာစာ ၏ အဖွင့်ဖြစ်သည့် “ရာဇောဝါဒကျမ်း” သည် ထင်ရှားလေသည်။ ထို့အပြင် ဆရာတော်သည် “မဟာသီလ၀ံသပျို့” နှင့် “ပဉ္စာဝုဓပျို့” တို့တွင်လည်း အုပ်ချုပ်ရေး၊ နိုင်ငံရေး၊ စစ်ရေးနှင့် ပတ်သက်သည့်အကြောင်းအရာ များကို ရေးသားဖော်ပြထားလေသည်။

ဂရိအတွေးအခေါ်ပညာရှင်ကြီး အရစ္စတိုတယ် (Aristotle) (၃၈၄-၃၂၂ ဘီစီ) သည် “နိုင်ငံရေး” (Politics) အမည်ရှိ ကျမ်းတစ်စောင်ကို ရေးကာ သူ၏ နိုင်ငံရေးအယူအဆကို တင်ပြထားလေသည်။ ယင်းသို့တင်ပြရာ၌ မိမိ၏ အယူအဆကို ခိုင်မာစေရန် ဂရိသမိုင်းမှ ပြယုဂ်ပုံစံများကို ထုတ်ပြထားလေသည်။ ပြင်သစ်အတွေးအခေါ်ပညာရှင် “ဘိုဒင်” (Jean Bodin) (ခရစ် ၁၅၃၀ – ၁၅၉၆) သည် ရှေးခေတ်၊ အလယ်ခေတ်၊ မျက်မှောက်ခေတ် သမိုင်းကိုလေ့လာလျက် ယင်းလေ့လာချက်များကို အခြေခံပြီးလျှင် မိမိ၏ နိုင်ငံရေးအယူအဆများကို ဖန်တီးထားသည့် Les Dix Lives de la republique ကျမ်းကို ၁၅၇၆ ခုနှစ်တွင် ရေးသားခဲ့လေသည်။

ထို့နည်းတူစွာ မုံရွေးဇေတ၀န်ဆရာတော်သည်လည်း ရာဇ၀င်နှင့် ဂန္တ၀င်ထဲမှ သာဓကများကို ကိုးကားပြီးလျှင် သူ၏ နိုင်ငံရေးအယူအဆများကို တင်ပြထားသည်။

မိမိတင်ပြသော အုပ်ချုပ်ရေးနှင့် နိုင်ငံရေးအယူအဆများကို ဒေါက်ထောက်ပေးရန်အတွက် မုံရွေးဇေတ၀န်ဆရာ တော်သည် ဇာတ်နိပါတ်ထဲမှ ၀တ္ထုကြောင်းများကို ထုတ်နုတ်သည်။ အိန္ဒိယဂန္တ၀င် မြန်မာ့ဂန္တ၀င်ထဲမှ အကိုးအကားများကို မှီးထားသည်။ မြန်မာ့သမိုင်းထဲမှ အဖြစ်အပျက်များကို စံနမူနာပြုသည်။ ထိုမျှနှင့်အားမရသေး၍ သီဟိုဠ်သမိုင်းနှင့် မဇ္ဈိမဒေသ သမိုင်းထဲမှ အတ္ထုပတ္တိများကို လှမ်းယူလိုက်သေးသည်။

အုပ်ချုပ်သူမင်းတို့မည်သည် မလျော့မတင်းစောင်းကြိုးညင်းဟူသကဲ့သို့ မဇ္ဈိမပဋိပဒါနည်းကျကျ အုပ်ချုပ်သင့်သည် ဟု မုံရွေးဆရာတော်က ယူဆသည်။ ထို့ကြောင့် “နေမင်းကို ပုံပြုလည်း အမှုတော်ကင်းလွန်းရှာလေသည်။ လမင်းကိုပုံပြု လည်း အမှုတော်ကင်းလွန်းရှာလေသည်။ နေသို့လည်းမကျ။ လသို့လည်း မရောက်။ သတိထောက်၍ စောင့်ရှောက်တော်မူပါ” ဟူ၍လည်းကောင်း၊ “တင်းလွန်းလည်းမသင့်ပါ။ လျော့လွန်းလည်း မတင့်ရာ” ဟူ၍လည်းကောင်း အုပ်ချုပ်မင်းလုပ်သူတို့အား အလယ်အလတ်လမ်း လိုက်ရန် “ရာဇောဝါဒကျမ်း” ၌ ညွှန်ပြထားသည်။

အရှိန်အ၀ါပြလွန်းသောကြောင့် နေမင်းကို လူတို့မနှစ်သက်ပေ။ အာဏာပြလွန်းသော မင်းကိုလည်း တိုင်းသူပြည်သားတို့ ရွံမုန်း၏။ လကိုမူ အရှိန်အ၀ါအပြနည်းသောကြောင့် လူတို့အရိုအသေတန်၏။ အာဏာအပြနည်းပြီး လျော့ရဲလျော့ရဲ အုပ်ချုပ်သော တိုင်းပြည်၌လည်း တိုင်းသူပြည်သားတို့မှာ ရောင့်တက်တတ်၏။ နည်းလမ်းအမှန်မှာ ယင်းနှစ်ဖက်စွန်းပေါ်ကြားတွင်ရှိသည်။ ဆရာတော်သည် တင်းလွန်းသော၊ အာဏာပြလွန်းသော တစ်ဖက်စွန်းအတွက် ပုဂံရာဇ၀င်မှ “နရသူမင်း” ကို ဥပမာပေးထားပြီး လျော့လွန်းသော အာဏာအပြနည်းလွန်းသော တစ်ဖက်စွန်းအတွက်မူ “ကျစွာမင်း” ကို သာဓက ပြထားသည်။

ထို့အပြင် ဤသည်ကို ရည်၍ မဟာသီလ၀ပျို့၌လည်း -

“မြို့ရွာစိုးယူမင်းတည်းဟူသော် ရေတူကျင့်လည်း အခွင့်မပြီး မီးတူကျင့်လည်း ရခွင့်ယွင်းသွေ၊ မီးရေရောကာ မကျင့်ပါသော် တေဇာမပွား၊ ထိုမင်းအားသည် ချောက်ချားပြည်ကျေးရွာ ဘုရား” ဟူသော စကားသည်လည်း မင်းလုပ်သူသည် မီးကဲ့သို့လည်း မကျင့်ရာ၊ ရေကဲ့သို့လည်း မကျင့်ရ၊ မီးရေရောထားသည့် အလယ်အလတ် မဇ္ဈိမပဋိပဒါလမ်းစဉ်အရ ကျင့်ရမည်ဟု ဆိုထားသည်။

မုံရွေးဆရာတော်သည် ရှိရင်းစွဲအဟောင်းကို ဖျက်ဆီး၍ အသစ်ပြုလုပ်သည်ကို မလိုလားပေ။ အဟောင်းကို ဖျက်ဆီးမပစ်ဘဲ အဟောင်းအပေါ်တွင် အသစ်ထပ်မံမွမ်းမံသည်ကိုသာ လိုလား၏။ “ဌာန” နှင့် “ဌာနီ” နှစ်ခုရှိရာတွင် ဌာနီကိုသာ ဖျက်လိုက ဖျက်ရမည်။ ဌာနီကိုမလို၍ ဌာနကိုပါ ဖျက်ဆီးပစ်ခြင်းသည် မလုပ်သင့်မလုပ်အပ်သည့် အလုပ်ဖြစ်သည်ဟု ဆရာတော်က ယူဆသည်။ ဌာနီဖြစ်သည့် “ကြွက်” ကိုမုန်း၍ ဌာနဖြစ်သည့် “ကျီ” ကို မီးတိုက်ပစ်ခြင်း သည် လူမိုက်၏အလုပ်ဖြစ်၏ ဟု ညွှန်ပြထားသည်။

မင်းတို့မည်သည် ရန်သူကို မိတ်ဆွေဖွဲ့ပါက မိမိသာပျက်စီးခြင်းအဖြစ်သို့ ရောက်ရပုံကိုလည်း အဇာတသတ်မင်း သည် အကယ်၍သာ အမှီမစောင်းဘဲ ဒေ၀ဒတ်နှင့် မပေါင်းဖော်မိပါက အဇာတသတ်မင်းမဖြစ်ဘဲ ဗုဒ္ဓမြတ်စွာ ဟောကြားသော သာမညဖလသုတ်ကို နာရာအရပ်၌ပင် “သောတာပတ္တိမဂ်” ကို ရနိုင်သည်ဟု ဥပမာပြထားသည်။

ကြေးမုံပြင်သည် ကြည်လင်နေသော်လည်း ပွတ်တိုက်ခြင်းမရှိဘဲ သူ့အတိုင်းပစ်ထားပါက အရောင်ညစ်နွမ်းသွား တတ်၏။ ထိုနည်းတူစွာ ပြည်ရွာအရောင်ကိုလည်း ညစ်နွမ်းမသွားအောင် တောက်ပြောင်လာအောင် ပွတ်တိုက်ပေးအပ်၏။ ၀ပြောစည်ပင်မှ ရောင်းရေးဝယ်တာ ကောင်းမှ တောင်သူအလုပ်သမားများ မညှိုးငယ်မှ လူဆိုးသူခိုးတို့ကို နှိမ်နင်းနိုင်မှ တိုင်းပြည်ပြောင်ပြောင်လက်လက် ရှိသည်။ ယင်းသို့လည်း မုံရွေးဇေတ၀န်ဆရာတော်သည် “မဟာသီလ၀ပျို့” ၌ မိန့်ဆိုထားသည်။

ထို့အပြင် နိုင်ငံအုပ်ချုပ်မင်းလုပ်သူတို့သည် မင်းကျင့်တရားဆယ်ပါး၊ သင်္ဂဟတရားလေးပါး၊ နာယကဂုဏ်ခြောက် ပါး၊ အပရိဟာနိယခုနစ်ပါး ဤတရားတို့ကို မမေ့မလျော့ကျင့်ကြံရမည်ဟု ဆိုထားပြန်သည်။

သင်္ဂဟတရားလေးပါးတို့မှာ (၁) အခွန်အတုတ်ကို ဆယ်ဖို့တစ်ဖို့ခံခြင်းလည်းတစ်ပါး၊ (၂) သူရဲသူခက်တို့အား (၆)လတစ်ကြိမ် မျိုးရိက္ခာပေးခြင်းလည်း တစ်ပါး၊ (၃) ဆင်းရဲသားတို့အား အရင်းဥစ္စာပေး၍ သုံးနှစ်လည်မှ အရင်းအတိုင်း သာ ယူခြင်းလည်းတစ်ပါး၊ (၄) အဘ၊ ဦးရီးအစရှိသဖြင့် ချစ်ဖွယ်သောစကားကိုဆိုခြင်းလည်းတစ်ပါး ဤလေးပါးတည်း။ ဤတရားတို့ကား စတုတ္ထနိပါတ်၊ အင်္ဂုတ္တိုရ်၊ ကောသလသံယုတ် အဋ္ဌကထာတို့တွင်လာသည်။

နာယကဂုဏ်ခြောက်ပါးကား (၁) မြေကြီးနှလုံးသုံး၍ သည်းခံခြင်း (ခေမာ)၊ (၂) တစ်ညဥ့်သုံးကြိမ်နိုးကြားခြင်း (ဇာဂရိယ)၊ (၃) ထကြွလုံ့လရှိခြင်း (ဥဋ္ဌာန)၊ (၄) ရှိသည့်ရသည့် လာဘ်လာဘပစ္စည်းတို့ကို ဝေဖန်ခွဲခြမ်း၍ သုံးဆောင်ခြင်း (သံဝါဘာဂ)၊ (၅) ဘေးဘိုး၊ ဘတို့လက်ထက်က လူဟောင်း၊ ကိုယ့်လက်ထက်မှ ထမ်းရွက်သော အမှုထမ်းတို့ကို မခြားမနား၊ နှလုံးမခြား၊ သနားချစ်ခင်ခြင်းညီမျှသည့် (ဒယာ)၊ (၆) မမှားမငြိရအောင် ဆွေးနွေးစုံစမ်းခြင်း (ဣက္ခဏ) ဟူသော အကြီးအကဲပြုသူတို့ကျင့်ရသော ဂုဏ်ခြောက်ပါးဟူ၍ လောကနီတိ ဓမ္မနီတိတို့ လာရှိသည်။

အပရိဟာနိယ (၇) ပါးကား (၁) တစ်နေ့သုံးခါညီလာခံ၍ စည်းဝေးတိုင်ပင်လေ့ရှိခြင်း (သန္နိပါတ)၊ (၂) အမှုရေးရာ ရှိသော အခါ၌ အညီအညွတ်လုပ်ဆောင်ထမ်းရွက်ခြင်း (သမဂ္ဂ)၊ (၃) အစဉ်တစိုက်လာသော ထုံတမ်းစဉ်လာကို မပစ်မပယ် အသစ်လည်းမဆန်းမပွား၊ အစဉ်ရှိရာပြုစုကျင့်ဆောင်ခြင်း (ပညတ္တိပဋိပဇ္ဇန)၊ (၄) ပညာဂုဏ်ကြီးမြတ်သူတို့ ပြောဆိုဆုံးမရာ ရိုသေစွာနာခံခြင်း (သုဝစ)၊ (၅) ပြည်သူ့သမီး၊ ပြည်သူ့သားမယားကို နိုင်ထက်မူ၍ မသိမ်းမယူခြင်း (အပသယှ)၊ (၆) အတွင်းအပ မြို့ရွာပြည်ရွာစောင့်သောနတ်တို့အား ပသပူဇော်ကိုးကွယ်ခြင်း၊ ကောင်းမှုကိုသိုလ်ကို နတ်တို့အား အမျှပေးဝေခြင်း (ဗလီ) (၇) ရလာပြီးသော ရသေ့ရဟန်းတို့ကို မွေ့လျော်အောင်၊ မလာသေးသော ရသေ့ရဟန်းတို့ကို လာချင်အောင် တရားဖြင့် စောင့်ရှောက်ခြင်း (ဂုတ္တ) တို့ဖြစ်ပြီး သတ္တနိပါတ် အင်္ဂဂုတ္တိုရ်၊ ဒီဃနိကာယ်မဟာ ၀ဂ္ဂကျမ်းစတို့၌ လာရှိသည်။

မုံရွေးဆရာတော်သည် မင်းတို့သည် “သတိကိုလက်ယာ၊ ပညာကိုလက်ဝဲ၊ တံကဲလက်သုံး၊ နှလုံးလုံလောက် ၀ီရိယလျှောက်၍ မျှော်ထောက်တော်မူသင့်သည်” ဟုလည်း တင်ပြထားပေသည်။

သို့ကလို နိုင်ငံအုပ်ချုပ်မင်းလုပ်သူတိုင်း လက်စွဲပြုရမည့် ရှေးဦးမြန်မာ့နိုင်ငံရေးပညာကျမ်းဖြစ်သည့် “ရာဇောဝါဒကျမ်း” ကို ပြုစုခဲ့သော မုံရွေးဇေတ၀န်ဆရာတော် အရိယာဝံသအာဒိစ္စရံသီကို သက္ကရာဇ် ၁၁၂၈ နယုန်လဆန်း (၄) ရက် (ခရစ် ၁၇၆၆ မေ ၁၁ ရက်) တနင်္ဂနွေနေ့ မွန်းလွဲ ၆ ဖ၀ါး၊ ၃ ချက်တီးကျော် ၂၄ နာရီ ၂ ပါဒ ၃ ဗီဇနာတွင် အဖကြေးမုံ သူကြီး ဦးကြာဖြူ၊ သူကြီးကတော် ဒေါ်ငြိမ်းမြ (အချို့က ဦးဇေယျ၊ ဒေါ်မင်းလှဟု ဖော်ပြကြသည်။ ယင်းတို့မှာ မွေးစားမိဘများသာ ဖြစ်သည်။ စာရေးသူ) တို့မှ သလ္လ၀တီ မြစ်ခေါ် ချင်းတွင်းမြစ် အရှေ့ဘက်ကမ်းရှိ မုံရွေးရွာအနီး ကြေးမုံရွာဗနီပင်ရပ်၌ ဖွားမြင်ခဲ့သည်။ ဆရာတော်လောင်းလျာ၏ ငယ်မည်မှာ မောင်အောင်မြဖြစ်သည်။

ဆရာတော်၏ မိဘအစဉ်အဆက်မှာ မြင်းစီး၊ မြင်းခေါင်း၊ မြင်းစု သူကြီးမျိုးသာ ဖြစ်ကြောင်းသိရသည်။

ဆရာတော် ၆ နှစ်သား အရွယ်တွင် မုံရွေးရွာ ရွှေရေး ဇေတ၀န်တိုက် “ရှင်မဟာဝိစိတ္တဘိရာမပ၀ရသမ္ဗောဓိ” ဆရာတော်ထံတွင် စတင်၍ စာပေများသင်ယူခဲ့သည်။ ၁၅ နှစ်သားအရွယ်တွင် ရှင်သာမဏေပြုသည်။ သာမဏေဘွဲ့ကား အရိယာဝံသဖြစ်သည်။ သာမဏေဘ၀နှင့်ပင် အာဒါသမုခပျို့သစ်ကို စီကုံးသည်။ ရဟန်းဖြစ်သောအခါ ရဟန်း ဘွဲ့အမည်ကား အာဒိစ္စရံသီဖြစ်သည်။ ထို့နောက် မဟာဝိစိတ္တရာမဆရာတော်က တပည့်ဖြစ်သူ၏ ဉာဏ်ပဋိဘာန် ထက်သန်ပုံ ပြောင်ရွှန်းတောက်ထွန်းသည့် ဗျူပ္ပတ္တိနိမိတ်ကို စွဲ၍ လည်းကောင်း၊ မွေးနံ တနင်္ဂနွေဖြစ်၍လည်းကောင်း ရှင်ဘွဲ့ အရိယာဝံသတွင် အာဒိစ္စရံသီဟူသောဘွဲ့ကို ချီတော်မူ၍ “အရိယာဝံသအာဒိစ္စရံသီ” ဖြစ်လာသည်။

ထို့နောက် အရပ်ရပ်တွင် လှည့်လည်ပညာသင်ကြားပြီးနောက် မုံရွေးဇေတ၀န်ကျောင်းတိုက်တွင် ပြန်လည်သီတင်း သုံးသည်။ ဘိုးတော်မင်းတရားကြီး (ဗဒုံမင်း) သည် မုံရွေးဇေတ၀န်ဆရာတော်အား ငါးထပ်ကျောင်း ဆောက်လုပ်လှူဒါန်း သည်။ မြေးတော်ဘကြီးတော်မင်းတရား (စစ်ကိုင်းမင်း) နန်းတက်သောအခါ မုံရွေးဇေတ၀န် ဆရာတော်အား အ၀ (အင်းဝ) မြို့တော်သို့ ပင့်ဆောင်၍ မင်္ဂလာဘုံသာအုတ်ကျောင်းကို ဆောက်လုပ်လှူဒါန်းပြီး “ဣန္ဒ၀ဇီရာဘိလင်္ကာရသီရိဓဇမဟာ ဓမ္မရာဇဓိရာဇာဂုရု” ဘွဲ့တံဆိပ်တော်ကို ကပ်လှူလေသည်။ ထိုအခါကာလမှစ၍ ဆရာတော်သည် ဧကရာဇ်မင်းမြတ်၏ ကုသိုလ်တော်ကိစ္စ၊ ပြည်ထဲရေးကိစ္စများနှင့် ပတ်သက်၍ တိုင်ပင်လျှောက်ထားခြင်းတို့ကို ရမြဲခံယူတော်မူရ၏။

သက္ကရာဇ် ၁၁၈၇ အင်္ဂလိပ်-မြန်မာစစ်ဖြစ်ပွားရာ ဆရာတော်သည် ၀င်ရောက်ဖြေရှင်းပြောဆိုခဲ့သဖြင့် ပြီးပြေလေသည်။ မုံရွေးဆရာတော်သည် “မှန်နန်းရာဇ၀င်တော်ကြီး” ကို ရေးသားရာ၌လည်း ပါဝင်ဆောင်ရွက်တော်မူလေ သည်။ ထို့နောက် “ဣန္ဒ၀ဇီရာဘိလင်္ကာရ သီရိဓဇမဟာရာဇဓိရာဇဂုရု တံဆိပ်တော်ကို ကပ်လှူခံတော်မူရပြန်လေသည်။ ဆရာတော်သည် မြန်မာ့ဂန္တ၀င်စာပေ၌ ထင်ပေါ်ကျော်ကြားသော ကျမ်းပေါင်း ၄၅ ကျမ်းကို ပြုစုခဲ့သူဖြစ်သည်။ ထို့နောက် သက္ကရာဇ် ၁၁၉၆ ခု ၀ါဆိုလ (ခရစ် ၁၈၃၄ ခု ဇွန်လ) တွင် သက်တော် ၆၉ နှစ်၊ ၀ါတော် ၄၉ ၀ါ၌ အ၀ (အင်းဝ) နေပြည်တော် မင်္ဂလာဘုံသာ မည်သော အုတ်ကျောင်းတော်၌ ပျံလွန်တော်မူလေသည်။

မုံရွေးဇေတ၀န်ဆရာတော်နည်းတူ ကုန်းဘောင်မင်းဆက်၏ နောက်ဆုံးမင်းဖြစ်သည့် သီပေါမင်းတရားအား ရည်ရွယ်ရေးသားခဲ့သော “ရာဇဓမ္မသင်္ဂဟကျမ်း” ကို ယောအတွင်းဝန်ဦးဘိုးလှိုင်က ပြုစုခဲ့လေသည်။ ရာဇဓမ္မသင်္ဂဟကျမ်းပြု မြန်မာ့နိုင်ငံရေး သုခမိန်ကြီးဦးဘိုးလှိုင်ကို မြန်မာ့သမိုင်း၌ ရွှေပြည်ဝန် ဟူ၍လည်းကောင်း ၀က်မစွတ်မြို့စား ဟူ၍ လည်းကောင်း၊ မကွေးမြို့စားဝန်ရှင်တော်မင်းကြီး ဟူ၍လည်းကောင်း၊ ယောမင်းကြီးဟူ၍လည်းကောင်း၊ ယောအတွင်းဝန် ဟူ၍လည်းကောင်း အမျိုးမျိုးခေါ်ဝေါ်ခဲ့ကြသည်။

ဝက်မစွတ်မြို့စားဝန်ကြီးဦးဘိုးလှိုင်သည် သီပေါမင်းလက်ထက်၌ ဝေပုံကျ ၁၄ ဌာနကို ခွဲဝေပြီးနောက် ၇-ရက်မြောက်ဖြစ်သော ၁၂၄၀ ပြည့်နှစ် နတ်တော်လဆန်း ၇-ရက် (ခရစ် ၁၈၇၈ ခု နိုဝင်ဘာလ ၃၀ ရက်) စနေနေ့တွင် ရာဇဓမ္မသင်္ဂဟကျမ်းကို ရေးသားစီရင်၍ သီပေါမင်းတရားအား ဆက်သလေသည်။ အဆိုပါကျမ်းကို “မင်းအစရှိသော အစိုးရ လူကြီးတို့ ကျင့်အပ်သောကျမ်း” ဖြစ်သည်ဟု ကျမ်းပြုပုဂ္ဂိုလ်က နာခံသာအောင်ဆိုထားသည်။

ပုဂံဝန်ထောက်မင်း ဦးတင်ကမူ “သီပေါမင်းကို ဆုံးမသောကျမ်း” ဖြစ်သည်ဟု အမှန်အတိုင်းဖြောင့်ဆိုလေသည်။ ထိုကျမ်းတွင် ၀က်မစွတ်မြို့စားဝန်ကြီးသည် မင်းတုန်းမင်းခေတ်မှစ၍ အုပ်ချုပ်ရေးပြုပြင်ခြင်းတရားတို့ကို ကြံဆခဲ့သည့် အတိုင်း မှတ်တမ်းတင်သည်။ ထိုကျမ်းကိုရေးရသော အာသီသမှာ ရှေး၌ဖြစ်ကုန်သော ဘုရားလောင်းမင်းကောင်းမင်းမြတ် တို့သည် သတ္တ၀ါအပေါင်းကို စောင့်ရှောက်ကုန်သကဲ့သို့ ထို့အတူသာလျှင် ငါတို့ အရှင်ဆဒ္ဒန်ဆင်မင်းသခင် မင်းတရားကြီး သည် သတ္တ၀ါအပေါင်းကို မိမိ၏ ရွှေရင်တော်နှစ်သားတော်စစ်ကဲ့သို့ တရားဖြင့်စောင့်ရှောက်မူပါစေ” ဟူသော အာသီသ ဖြစ်၏။

ထိုအာသီသသည် အဓိပ္ပါယ်အလွန်ရှိသည်။ သက်ဦးဆံပိုင်စနစ်အရ ဘုရင်မင်းမြတ်၏ အလိုတစ်ခုတည်းဖြင့်သာ အုပ်ချုပ်ခြင်းသည် သတ္တ၀ါအများကို ရင်ဝယ်သားကဲ့သို့ အုပ်ချုပ်သော နည်းမျိုးဖြစ်သည်ဟု ပြည့်ပြည့်၀၀မဆိုသာသေး။ သတ္တ၀ါအများနှင့် တိုင်ပင်ဆွေးနွေး၍ အုပ်ချုပ်နိုင်သောအဖြစ်သို့ရောက်မှ သတ္တ၀ါများကို ရင်ဝယ်သားကဲ့သို့ သဘောထား သည်ဟု ဆိုနိုင်လိမ့်မည်။ ထိုသို့ဆွေးနွေးတိုင်ပင်သည်မှန်စေ၊ တရားဥပဒေမရှိလျှင် စောင့်ရှောက်ခြင်းမမည်နိုင်။ ထို့ကြောင့် ၀က်မစွတ်မြို့စားဝန်ကြီးသည် တရားသဖြင့်စောင့်ရှောက်ခြင်းကို အာသီသထားခဲ့သည်။

ဝက်မစွတ်မြို့စားဝန်ကြီးသည် ရာဇဓမ္မသင်္ဂဟကျမ်းကို ရေးသားရာ၌ အနောက်နိုင်ငံတို့၏ နိုင်ငံရေးနှင့် အုပ်ချုပ်ရေး အတွေးအခေါ်တို့ကို နှလုံးပိုက်၍ ရေးသည်။ ဤသို့ဆိုသောကြောင့် ဤကျမ်းသည် အနောက်တိုင်းအတွေး အခေါ်တို့ကို ပုံတူကူးချထားသော ကျမ်းဖြစ်သည်ဟု မဆိုသာ။ ဤကျမ်း၌ ခေတ်နှင့်ယှဉ်၍ ပေါ်ပေါက်လာသော အတွေးခေါ် တို့ကို ဘုရားဟော ကျမ်းဂန်ပါဠိတော်နှင့်လည်းကောင်း၊ အဋ္ဌကထာတို့နှင့်လည်းကောင်း မြန်မာ့ရိုးရာယဉ်ကျေးမှုအရ ဖြစ်ပေါ်လာသော ကာမန္တလီကျမ်း၊ အလိဓာန်ဋီကာ၊ မိလိန္ဒိပဉှာ၊ အမရကောသကျမ်း၊ ဟိတောပဒေသကျမ်း၊ ရာဇနီတိကျမ်း တို့နှင့်လည်းကောင်းညှိနှိုင်းထားသည်ကို တွေ့ရသည်။ ရာဇဓမ္မသင်္ဂဟကျမ်းသည် မြန်မာ့နိုင်ငံရေး အတွေးအခေါ်ဟောင်း တို့ကို တော်လှန်သော ကျမ်းဖြစ်သည်။ သို့ရာတွင် အဟောင်းကိုမြေလှန်၍ အသစ်ကိုသာ လက်ခံခဲ့သည်မဟုတ်။ တရား ဟူသည် အဟောင်း အသစ်မဆိုသာ သဘောအမှန်အကန်ကျ၍ ကောင်းသည်သာ ပဓာနဖြစ်သည်ဟူ၍လည်းကောင်း၊ နိုင်ငံမှာ ကောင်းရာကောင်းကြောင်း နည်းဥပဒေသစ်ပြုလုပ်မည်ဆိုလျှင် အပရိဟာနိယတရားပျက်လိမ့်မည် ထင်မှတ်ပြောဆိုနေကြသည်။ ဤစကားကို အလျှင်းမမှတ်အပ်” ဟူ၍ လည်းကောင်း ရာဇဓမ္မသင်္ဂဟကျမ်းတွင် ရေးသား ထားသည်ကို ထောက်ရှုလျှင် ဟောင်းသော်လည်း ပယ်သင့်မှပယ်သည်။ သစ်သော်လည်း လိုက်သင့်မှလိုက်သည် ကို တွေ့ရလေသည်။

သဘောတရားကို လက်တွေ့နှင့်ယှဉ်၍ သုံးသပ်သည့်အရာ၌ သစ္စာ၊ ဓမ္မ၊ စိတ်၊ စာဂတည်းဟူသော တရားလေးပါး ကို အနောက်နိုင်ငံသားတို့ ကျင့်သုံး၍ တိုးတက်လာကြောင်းဖြင့် ပြဆိုချက်ကို ထောက်ရှုသိနိုင်သည်။ စာဂတရားနှင့် စပ်လျဉ်း၍ “လောက၌ အလုပ်အဆောင် မှုခင်းပြုဖွယ် ကိစ္စရှိသမျှကို အစိုးရပင် ဖြစ်စေကာမူ တန်လောက်အောင်ပေး၍ မခိုင်းလျှင် မည်သည့်အရာကိုမျှ နေရာကျအောင် လုပ်ဆောင်မည့်သူမရှိ။ အကယ်၍ အစိုးရဂုဏ်နှင့် နှိပ်စက်၍ ခိုင်းလျှင် လှန်ပြန်နိုင်လျှင် လှန်ပြန်လိမ့်မည်။ မလှန်နိုင်လျှင် ထွက်ပြေးတိမ်းရှောင်လိမ့်မည်။” ဟူ၍ ယောမင်းကြီးက မှတ်ချက်ထား သည်မှာ ဘုရင်မင်းမြတ်အား လက်တွေ့နိုင်ငံရေးသဘောတရားကို သုံးသပ်နိုင်အောင် တိုက်တွန်းထားခြင်းပင်ဖြစ်သည်။

ရာဇဓမ္မသင်္ဂဟကျမ်းတွင် ၀က်မစွတ်မြို့စားဝန်ကြီးသည် ကျမ်းအဦးအစ၌ပင် သုတ်မဟာပါဠိတော် မဟာပရိနိဗ္ဗာနသုတ်၌ မြတ်စွာဘုရားသည် လိစ္ဆ၀ီမင်းသားတို့အား အကြောင်းပြု၍ ဟောကြားခဲ့သော အပရိဟာနိယတရား ၃၄ ပါး ကို ထည့်သွင်းဖော်ပြထားသည်။ ယင်း အပရိဟာနိယတရားတို့ကား…

(၁) စည်းဝေးတိုင်ပင်ခြင်း

(၂) အညီအညွတ်ဆောင်ရွက်ခြင်း

(၃) ဥပဒေအတိုင်းကျင့်ခြင်း

(၄) လူကြီးသူမတို့၏ အဆုံးအမ၌တည်ခြင်း

(၅) အမျိုးသမီးအား မနှိပ်စက်ခြင်း

(၆) မြို့စောင့်ရွာစောင့်နတ်တို့အား ပူဇော်ခြင်း

(၇) ရဟန္တာတို့အား စောင့်ရှောက်ခြင်းဟူ၍ ဖြစ်လေသည်။

အပရိဟာနိယသည် မဆုတ်မယုတ် မပျက်မစီးနိုင်ခြင်းဟူ၍ အဓိပ္ပါယ်ရှိသည်။ ထို့ကြောင့် အပရိယနိယတရားကို တိုးတက်ရေးတရားဟု ဆိုရမည်ဖြစ်သည်။ ထိုတိုးတက်ရေးတရားတို့တွင် သန္နိပါတတည်းဟူသော စည်းဝေးခြင်း၊ သမဂ္ဂတည်းဟူသော အညီအညွတ်ဆောင်ရွက်ခြင်း၊ ပညတ္တတည်းဟူသော ဥပဒေပညတ်၍ အုပ်ချုပ်ခြင်းတို့သည် ယခုခေတ်၌ ဒီမိုကရေစီဟုခေါ်သော တရားတို့၏ အနှစ်သာရများပင်ဖြစ်သည်။ တိုင်းပြည်နိုင်ငံကို တစ်ယောက် နှစ်ယောက် သော သြဇာနှင့်သာ အုပ်စိုးလျှင် ပုထုဇဉ်ဖြစ်၍ အမှားအယွင်းများရန် ရှိသောကြောင့် တစ်ယောက်နှစ်ယောက်၏ သြဇာနှင့် မပြုလုပ်၊ မင်းမှူးမတ်တို့စည်းဝေးပြုလုပ်လျှင် အမှားအယွင်းရှိရန် မရှိဟူသော စောဒကသည် အများဆန္ဒနှင့်အုပ်ချုပ်သော စနစ်သို့ ရှေးရှုရန်အလို့ငှာ ကျိုးကြောင်းဖော်ပြခြင်းပင်ဖြစ်၏။ အများဆန္ဒနှင့် အုပ်ချုပ်သည့်အရေးတွင် ဥပဒေသည် ပဓာန ဖြစ်သည်။ ထို့ကြောင့် ၀က်မစွတ်မြို့စားဝန်ကြီးသည် ရာဇဓမ္မသင်္ဂဟကျမ်းတွင် အနောက်နိုင်ငံ နည်းစနစ်တို့ကို ထုတ်ဖော်၍ ဥပဒေပြုပုံနည်းကို သညာပေးထားသည်။

ယင်းနောက် ရာဇဓမ္မသင်္ဂဟကျမ်း၌ မင်း၊ မှူးမတ် အစရှိသော သူတို့ပစ္စုပ္ပန်လောက၊ တမလွန်လောက၌ ကောင်းအောင် သိကောင်းကျင့်ကောင်းသည့် နည်းတူ လူတို့၏ ၀ိနည်းဖြစ်သော မင်္ဂလသုတ်၊ ပရာဘ၀သုတ်၊ သိင်္ဂါလသုတ်၊ လောက၀ိစာရဏသုတ်၊ ၀သလသုတ်စသည်တို့ကိုလည်း အကြီးအအုပ်ပြုလုပ်သည့် သူတို့သည် နေ့ညမပြတ် ကြည့်ရှုမှတ်သားအပ်ကုန်သည်ဟူ၍ ကျမ်းနိဂုံး၌ တင်ပြထားလေသည်။

သတိုးမင်းကြီးမဟာမင်းခေါင်သီဟသူဘွဲ့ခံ ရာဇဓမ္မသင်္ဂဟကျမ်းကို စီရင်ရေးသားခဲ့သော ၀က်မစွတ်မြို့စားဝန်ကြီး ကို မြင်းခြံမြို့အထက် တလုပ်မြို့ပုလဲရွာ (ယခုစစ်ကိုင်းတိုင်း၊ မြောင်မြို့နယ် တောင်ဘက် ရေစကြိုမြို့အနားတွင်ရှိ၍ အိမ်ခြေသုံးရာကျော် လူဦးရေ ၂၀၀၀ ခန့်ရှိသည်) ၌ ခရစ် ၁၈၃၀ ပြည့်နှစ် ဧပြီ ၂ ရက်သောကြာနေ့တွင် အဖ ရေနံချောင်း မြို့စား  ယင်းတောဝန်ကြီးမင်းသတိုးမင်းလှကျော်ထင်နှင့် အမိ ဒေါ်ငြိမ်းတို့မှ ဖွားမြင်သည်။ ငယ်မည်မှာ မောင်လှိုင်ဖြစ်သည်။ အဖေဘက်မှ အဖိုးဖြစ်သူမှာ လွှတ်တော်စာရေးကြီး မောင်ပိုးဖြစ်သည်။

ငယ်စဉ်က တလုပ်မြို့နယ် ကျပို့ရွာမဟာထေရ်ထံ၌ ရှင်သာမဏေ၀တ်၍ ပညာသင်သည်။ ၁၆ နှစ်သားအရွယ်တွင် မင်းတုန်းမင်းသားနှင့် မြောက်ဆောင်တော်မိဖုရားတို့က မွေးဖွားသည်။ ရှင်ဝတ်ဖြင့် ပင်းဆရာတော်၊ ပြည်ဆရာတော်၊ ပညာဇောတာဘိဝံသသီရိပ၀ရ၀ိဇယလင်္ကာရဓမ္မသေနာပတိမဟာဓမ္မရာဇာဓိရာဇဂုရုဘွဲ့တံဆိပ်တော်ရ ဗားကရာသာသနာ ပိုင် ဆရာတော်တို့ထံ၌ ဆက်လက်ပညာသင်သည်။

မင်းတုန်းမင်းသည် ၁၂၁၄ ခု တွင် ပုဂံမင်းကို ပုန်ကန်သောအခါ မောင်ဘိုးလှိုင်ကို လူထွက်စေပြီး အတူလိုက်ပါ ဆောင်ရွက်စေ၏။ မင်းတုန်းမင်းအထွတ်အမြတ်သို့ ရောက်တော်မူသောအခါ ယောမြို့ကိုစားရ၏။ သို့ဖြင့် ယောအတွင်းဝန် ဦးဖိုးလှိုင်ဟု တွင်ခဲ့သည်။ ထို့နောက် မြင်းတင်အခွန်စား ကုလားဝန်ဟူသော ရာထူးကို ထပ်မံပေးသနားခြင်း ခံရသည်။ မကြာမီမှာပင် မကွေးမင်းကြီး၏ သမီးငယ် ခင်ဖြူနှင့် လက်ဆက်ခဲ့သည်။ ၁၈၅၀ တွင် မင်းကြီး မဟာစည်သူဘွဲ့နှင့် အတွင်းမဟာသေနာပတိ ၏ အတွင်းဝန်ရာထူးကိုပါ တိုးမြှင့်ခံရသည်။ ပိဋကတ်သုံးပုံ ကျောက်ထက်အက္ခရာ တင်ရာတွင် ကြီးကြပ်ရသည်။

၁၈၆၅ တွင်း မင်းအမျက်ရှ၍ ရာထူးမှ အပယ်ခံရ၏။ ၁၈၆၆ မြင်းကွန်းမြင်းခုံတိုင် အရေးအပြီးတွင် ယောမြို့စား ရာထူးကို ပြန်ပေးသည်။ ၁၈၆၉ တွင် အတွင်းဝန်ရာထူးကို ပြန်ပေးသည်။ ကျီဝန်ရာထူးကိုလည်း ရ၏။ နိုင်ငံခြားဆက်သွယ် ရေးတွင် အရေးပါသူဖြစ်လာ၏။ ဘုရင့်အား ပြန်လှန်ချေပ ပြောဆိုသဖြင့် ရာထူးမှ မကြာခဏ ရုတ်သိမ်းခံရသည်။ အချုပ် အနှောင်လည်းခံရ၏။ ထို့နောက် မင်းအမျက်ပြေသောအခါ ၀က်မစွတ်မြို့ကိုလည်း စားရသည်။ ရွှေပြည်ဝန်ရာထူးကိုလည်း ရ၏။ ရွှေပြည်ဝန်ဝက်မစွတ်မြို့စားအဖြစ် ထင်ရှားခဲ့၏။ မင်းတုန်းမင်းတရားကြီး၏ နန်းစံနောက်နှစ်ဖြစ်သော ၁၈၇၈ တွင် သတိုးငယ်ဘွဲ့တပ်ဆင်၍ သတိုးမင်းကြီး မင်းလှမဟာမင်းခေါင်သီဟသူ ဘွဲ့ပေးသနားတော်မူခြင်းခံရသည်။

သီပေါမင်းလက်ထက်တွင်လည်း မင်းပြစ်သင့်ခံရ၏။ ထို့နောက် မကွေးမြို့ကိုလည်း စားရ၏။ ထို့နောက် မင်းမှုထမ်း မှ အနားယူသည်။ ကျမ်းပေါင်းများစွာကို ပြုစုခဲ့သည်။

ဝိဇ္ဇာသိပ္ပံဘာသာရပ်မျိုးစုံ နှံ့စပ်ခဲ့သော ရှေးဦးခေတ်ပြောင်း တော်လှန်ရေးသမားကြီးနှင့် မြန်မာဂန္တ၀င် ပညာရှင်ကြီး ယောမင်းကြီး ဦးဘိုးလှိုင် (၅၃) နှစ်သည် ခရစ် ၁၈၈၃ သြဂုတ် ၁၈ စနေနေ့တွင် ရွာပုလဲမြောင်မြို့နယ်တွင် ကွယ်လွန်အနိစ္စရောက်ခဲ့လေသည်။ ကြွင်းကျန်သော ရုပ်ကလာပ်ကို မန္တလေးမြို့ အကွက် ၁၀၉ မင်းတဲအီကင်း၊ ပေါက္ကရုရပ် ၌ အုတ်ဂူသွင်း၍ ဂူသွင်းသင်္ဂြိုဟ်ထားလေသည်။
ရှေးဦးမြန်မာ့နိုင်ငံရေးပညာကျမ်း
းများ

No comments: