ငယ်စဉ်က
ကျမရဲ့အိမ်မက်ဟာ ပညာ တတ်အောင်သင်ပြီး မိဘတွေကို ကောင်းကောင်း
ထားနိုင်စေမယ်လို့ ရည်မှန်းခဲ့တာပါ။ အဲဒီခေတ်က ကျမတို့နယ် တခုလုံးမှာ
ကွန်ပျူတာကျောင်း ဝင်ခွင့်ရတာဆိုလို့ ကျမတယောက်ပဲ ရှိပါတယ်။
မွေးရပ်မြေမှာတော့ ဂုဏ်ဆောင်သူတယောက် ဖြစ်ခဲ့သလို နောက်က
ကျောင်းသူကျောင်းသားတွေ အတွက်လည်း စံပြတယောက် ဖြစ်ခဲ့ပါတယ်။ ကျမ
မိဘတွေဟာလည်း သာမန် ဝန်ထမ်းတွေဖြစ်ပေမယ့် ကုန်ကျစရိတ် ကြီးလှတဲ့
ဒီကျောင်းကို ၇ နှစ် ကျော်သည်ထိ ထားပေးခဲ့ပါတယ်။
Master (မဟာ)ဘွဲ့
ရပြီးနောက်မှာ ကျမဟာ ကွန်ပျူတာတက္ကသိုလ်မှာ လစာ သုံးသောင်းကျော်နဲ့
စတင်ပြီး လေးနှစ်ကျော် တာဝန် ထမ်းဆောင်ခဲ့ ပါတယ်။ ခန့်စာ ရတုန်းကဆို
မိဘတွေမှာ သူတို့သမီး တက္ကသိုလ်ဆရာမ ဖြစ်ပြီဆိုပြီး အတိုင်းမသိ
ပျော်ခဲ့ပါတယ်။
တာဝန် ထမ်းဆောင်စဉ် ကာလတလျှောက်လုံး
နယ်စွန်နယ်ဖျားပါမကျန် ကျရာအရပ်မှာ ဝန်ထမ်းစည်းကမ်းနဲ့အညီ နေထိုင်ခဲ့ သလို
တပည့် ကျောင်းသားကျောင်းသူတွေ အပေါ်မှာလည်း တတ်သည့်ပညာ အိတ်သွန်ဖာမှောက်
သင်ခဲ့ပါတယ်။
depressed teacherဒါပေမယ့် ကွန်ပျူတာ တက္ကသိုလ်ဆရာမ
အလုပ်ဟာ မိသားစု အဆင်ပြေတဲ့ သူတွေအတွက်သာ သင့်တော်တယ် ဆိုတာ
အလုပ်လုပ်နေရင်းနဲ့မှ သိလာခဲ့ပါတယ်။
တာဝန်ထမ်းဆောင်စဉ် ကာလတလျှောက်လုံး ကျမ မိဘတွေကပဲ လစဉ် ငွေပို့ခဲ့ရတယ်။ အိမ်က ပို့တဲ့ ငွေကို သွားထုတ်ရတိုင်း မျက်ရည်ကျ ခဲ့ရပါတယ်။
ဝန်ထမ်း စလုပ်တုန်းကတော့ တနေ့ Ph.d တက်မယ်လို့ တွေးခဲ့ပေမယ့်လေ Ph.d
ပြီးဖို့အပြင်ကို ၁၅ သိန်း အသားတင် ပေးရတယ်ဆို တာနဲ့တင် အဲဒီ အစီအစဉ်ကို
ဖျက်ခဲ့ပါတယ်။
လေးနှစ်ကျော်မှ လစာ ငါးသောင်းကျော် ရပေမယ့်
အဲဒီလစာနဲ့ မလောက်တော့ ကျမကိုယ်တိုင် အလုပ်ထွက်မယ် ပြောပေမယ့် မိသားစုက
သူတို့ပို့ပေးပါ့မယ် ဆိုပြီး တားခဲ့ကြတယ်။
ကျမဘဝမှာ တက္ကသိုလ်ဆရာမ
ဆိုတာ တခုကလွဲရင် အရာအားလုံး ဆုံးရှုံးပြီး စိတ်ဓာတ်လည်း တဖြေးဖြေး ကျလာခဲ့
ပါတယ်။ ကျမ အိမ်ထောင်ကျပြီးပြန်တော့ ကျမကိုယ်ပိုင် မိသားစုအတွက်လည်း
ဘာတခုမှ ကူညီပေးနိုင်ခဲ့တာ မရှိသလို မိသားစုကပဲ ဝိုင်းပြီး ငွေ
ပို့ပေးခဲ့ရပါတယ်။ တာဝန်ကျတဲ့အရပ်နဲ့ အိမ်နဲ့ ဝေးကွာတာကြောင့် ကျမ
မိသားစုဆီ တခါသွားဖို့ဆိုရင် လစာ နှစ်လစာဟာ အသွားစရိတ်ပဲ ရှိခဲ့တာပါ။
ဒါတွေကို တွေးမိတိုင်း ငါ့ကြောင့် မိသားစုတွေ အားလုံး ဝန်ထုတ်ဝန်ပိုး
ဖြစ်ရတယ်လို့ ခံစားရပြီး ငိုရပါတယ်။ အဲဒီနောက် ကျမ မိသားစုမှာလည်း
ငွေရေးကြေးရေး အဆင်မပြေဘဲ ကြွေးတင်နေခဲ့ရပြန်တယ်။ ဒါပေမယ့် ကျမအတွက်
လစဉ်ငွေ ပုံမှန်ရောက်အောင် ပို့ပေးခဲ့ပါတယ်။ ကျမ မိဘတွေဘက်မှာလည်း
ပင်စင်ယူသွားတော့ ရတဲ့ပင်စင်နဲ့ ခြံသေးသေး ဝယ်ပြီး အိမ်ကိုတော့
ချေးငှားပြီး ဆောက်ခဲ့ရတယ်။
အဖေအမေတို့မှာလည်း အိမ်ဆောက်ရတဲ့
သူတို့အကြွေးတွေနဲ့ကြားက သမီးကို ငွေမျှပို့မယ်လို့ ပြောခဲ့ပါတယ်။ ကျမ အသက်
၃ဝ နား အရွယ်ထိ မိဘတွေ မိသားစုတွေရဲ့ အကူအညီနဲ့ပဲ ဒီအလုပ်ကို ဆက်ခဲ့ရတာပါ။
အလုပ်ပြောင်းဖို့ ကလည်း နီးစပ်ရာ ကွန်ပျူတာ တက္ကသိုလ်တွေ မရှိသလို
ဝန်ထမ်းအပြောင်းဆိုတာ အားလုံးသိကြသလို မလွယ်ကူ ပါဘူး။ အလုပ်တခုရဖို့
မလွယ်တာရော၊ တတ်ထားတဲ့ ပညာကို နှမြော တာရောကြောင့် တခြားဝန်ကြီှးဌာနကို
ပြောင်းချင်ပေမယ့်လည်း ဒီလိုလုပ်လို့မရဘူးလို့ သိထားပါတယ်ရှင်။ နောက်ပိုင်း
ကျန်းမာရေးပါ မကောင်းတော့ ဆရာမ အလုပ်က ထွက်ခဲ့ရပါတယ်။
အလုပ်ထွက်ပြီး ဆေးကုနေစဉ်မှာပဲ ကျမ တာဝန် နောက်ဆုံး ထမ်းဆောင်ခဲ့တဲ့
ကွန်ပျူတာ တက္ကသိုလ်ကနေ လျော်ကြေးငွေ တောင်းစာတွေ ရောက်လာတော့တာပါပဲ။
မိဘတွေ၊ မိသားစုတွေ၊ မောင်နှမတွေဆီ ဒီစာတွေ ရောက်လာပါတယ်။ လေးနှစ်ကျော်
တာဝန်ထမ်းဆောင်ခဲ့တာတောင် Master နဲ့အလုပ်ထွက်လို့် ဆိုပြီး သိန်း ၃ဝ ကျော်
အတောင်းခံရပါတယ်။
ဒီလောက် ကျန်းမာရေးပါ ထိလောက်သည်ထိ
ပေးဆပ်ခဲ့တာတောင် ဒီလိုလုပ်ပါလားဆိုပြီး အရမ်းကို စိတ်ပျက်မိပါ တယ်။ ဒီ
Master ကိုတောင် အိမ်က ဆင်ထားတာလေးတွေ ထုခွဲပြီး ပြီးခဲ့ရတာပါ။ ခု
ဒီအလုပ်ကနေ ထွက်လို့ အလျော်တောင်းတာမှာ ချမ်းသာလို့ ပေးနိုင်တဲ့သူတွေမှာ
ပြသာနာမဖြစ်ပေမယ့် အဆင်မပြေလို့မှ အလုပ်ထွက်ထားတဲ့ ကျမတို့လို သူတွေအတွက်
အရမ်းကို လွန်ပါတယ်။
အသက်ကြီးပြီး ပင်စင်စား မိဘနှစ်ပါးမှာ
အိမ်ဆောက်တာနဲ့တင် အကြွေး ကိစ္စကြောင့် စိတ်ညစ်နေရတာပါ။ လျော်ကြေး အကြွေး
တောင်းတာက တခေါက်မှာတော့ ပတ်ဝန်းကျင်မှာ ကျမမိဘတွေကို အရှက်ရအောင်
ပြောဆိုသွားခဲ့ပါတယ်။ အဲဒီနေ့မှာပဲ ကျမမိခင်က နဂို ရောဂါအခံကလည်း ရှိတော့
ဆေးရုံတင်ခဲ့ရပါတယ်။ မိဘ ဆေးရုံတင်တယ် ကြားတော့ နေမကောင်းတဲ့ ကျမလည်း
အမေ့ဆီ သွားဖို့ လုပ်ပါတယ်။ အဲဒီ အခြေအနေမှာတောင် အဲဒီ လျော်ကြေးကိစ္စက
ဆေးရုံထိ လာတောင်း မယ်လို့ ဆိုပါတယ်။
စဉ်းစားကြည့်ပါရှင်…။
ဒီလိုအခြေအနေမှာ ကျမ ဘာဆက်လုပ်ရမလဲ။ ကျမလိုပဲ ဘဝတူ သူငယ်ချင်းဆရာမတွေလည်း
အဲလို ပြဿနာတွေနဲ့ ရင်ဆိုင်နေရလို့ စိတ်ဓါတ်ကျဆင်းပြီး မိသားစုတွေပါ
စိတ်ညစ်နေရပါတယ်။
အမြဲပဲ အကြွေးတောင်းသလို တောင်းနေတာတွေကို
ဖြေရှင်းပေးစေ လိုပါတယ်။ မိဘပေးလိုက်တဲ့ ပညာအမွေနဲ့ အလုပ်မှာလည်း
ကြိုးစားခဲ့တဲ့ အသီးအပွင့်ရဲ့ရလဒ်က ဒါပဲလားရှင်။
ဒါကြောင့်
သက်ဆိုင်ရာ လူကြီးများအနေနဲ့ ဒီပြဿနာတွေကို လူသားချင်း စာနာပြီး
ဖြေရှင်းပေးစေလိုပါတယ်။ ကျမလို ဘဝတူ ညီအမများလည်း ဒီပြဿနာတွေကြောင့်
စိတ်ဆင်းရဲရခြင်းမှ ကင်းဝေးစေလိုပါတယ်ရှင်…။
ဆရာမဟောင်းတဦး
No comments:
Post a Comment