ဗိုလ်ချုပ်အောင်ဆန်း
ခေါင်းဆောင်အဖြစ် တစ်ခေတ်တွင် တစ်ယောက် အောင်မြင်မှုရခဲ့ခြင်းမှာ သူသည်
သာမန်ခေါင်းဆောင် မဟုတ်ဘဲ ခေါင်းဆောင်များကို ခေါင်းဆောင်သော ခေါင်းဆောင်
leader of leaders ဖြစ်သောကြောင့်ဖြစ်သည်။
အချို့ခေါင်းဆောင်များသည် သူ့ထက်တော်မည်ဟု ထင်ရသောသူများအား နေရာပေးလေ့
မရှိ။ အကြောင်းမှာ သူ့ထက် သာလွန်တောက်ပသွားမည် စိုးသောကြောင့် ဖြစ်သည်။
ထိုသို့ လူတော်ကို နေရာမပေးသည့် အခါ၊ လူတော်လျှင် ချောင်ထိုး ထားတတ်သည့်အခါ
တစ်ခါမဟုတ် နှစ်ခါမဟုတ် အစဉ်အလာသဘော ဖြစ်လာလျှင် အဖွဲ့သားများက သိလာပြီး
အစွမ်းမပြ၊ မကြိုးစားတော့ချေ။ အစွမ်းပြ ကြိုးစားပါက လမ်းဘေးရောက်မည်ကို
သိလာသောကြောင့် မိမိအရည်အချင်းကို ထုတ်မပြတော့ဘဲ လျှိုထားတတ်ကြသည်။
သို့ဖြင့် အဖွဲ့အစည်းအတွင်းတွင် “မလုပ်၊ မရှုပ်၊ မပြုတ်” စိတ်ထား
မင်းမူလာတော့သည်။ လျှိုထားသည်မှာ ကြာလာသည့်အခါ တကယ့်အရေးအကြောင်းတွင်ပင်
အရည်အချင်းကို မထုတ်နိုင်တော့ပေ။ ထိုသို့သော ခပ်ချာချာ အဖွဲ့သားများဖြင့်
ဖွဲ့စည်းထားသော အဖွဲ့အစည်းသည် ရည်မှန်းချက် ရောက်မည်မဟုတ်။ အခက်အခဲများကို
ရင်ဆိုင်နိုင်မည် မဟုတ်ပေ။
ထိုခေါင်းဆောင်မျိုးများ အောက်လူကို
နေရာမပေးခြင်း၊ တော်သူနှင့် လက်တွဲမလုပ်ရဲခြင်းမှာ သူတို့၏ အရည်အချင်းကို
သူတို့ကိုယ်တိုင် သံသယ ဝင်နေသောကြောင့် ဖြစ်သည်။
နောက်တစ်ချက်မှာ အဖွဲ့အစည်း၏ ရည်မှန်းချက်ထက် သူ၏ ပုဂ္ဂလိက ရည်မှန်းချက်ကို ဦးစားပေးသောကြောင့် ဖြစ်နိုင်သည်။
အဖွဲ့အစည်း၏ ရည်မှန်းချက် ပြည့်စေလိုသူသည် ထိုရည်မှန်းချက်ပြည့်အောင်
ဖြည့်ဆည်းနိုင်မည့်ပုဂ္ဂိုလ်များ အဖွဲ့တွင်း ရောက်လာရေး၊ အဖွဲ့တွင်းတွင်
အစွမ်းပြခွင့်ကို နေရာပေး လိုသူ ဖြစ်သည်။ စောစောက ပြောခဲ့သည့်
ခေါင်းဆောင်မျိုးမှာမူ အဖွဲ့အစည်း ညံ့သွား၊ မသွားကို စိတ်မဝင်စားဘဲ
မိမိခေါင်းဆောင်နေရာ မလှုပ်ရေးကိုသာ ဦးစားပေး စဉ်းစားသောကြောင့် “တော်သူ”
ကို မလိုလားခြင်း ဖြစ်သည်။
ဗိုလ်ချုပ်အောင်ဆန်းမှာမူ ထိုသို့သောသူ
မဟုတ်ဘဲ “လူတော်ကိုချစ်” သူဖြစ်သည်။ သူသည် သူ၏ အဖွဲ့ကို “ကျော်စွာ”
များဖြင့် ဖွဲ့စည်းလိုသူ ဖြစ်သည်။ ယခင်က ရန်သူဖြစ်ခဲ့သော သူများကို
လက်တွဲရန် ဖိတ်ခေါ်သည်။ အဖွဲ့တွင်းတွင် နေရာကောင်းများပေးသည်။ မိမိနှင့်
လတ်တလော ပြိုင်ဘက်များကိုလည်း အဖွဲ့တွင်းတွင် နေရာပေးသည်။ နောက်ဆုံးတွင်
နိုင်ငံ့အကျိုးနှင့် လုံးဝဖီလာ ဆန့်ကျင် လာမှသာ ရင်နာနာနှင့်
ကျောခိုင်းခဲ့ရသည်ကို ကွန်မြူနစ်ပါတီအား ဖဆပလအဖွဲ့တွင်းမှ ထုတ်ပစ်ခဲ့ခြင်း
ဥပမာတွင် တွေ့ရသည်။
သူသည် လူတော်ကို မကြောက်ခြင်းမှာ
သူကိုယ်တိုင်လည်း လူတော်ဖြစ်သောကြောင့် ဖြစ်သည်။ သူ့ကိုယ်သူ ယုံကြည်ချက်
ရှိသည်။ မိမိကိုယ်ကို ယုံကြည်သောသူသည် မနာလိုဝန်တိုခြင်း နည်းသည်။
တော်သောသူအား တွေ့ရလျှင် စိတ်မသက်မသာ ခံစားရခြင်း နည်းသည်။ ထို့ပြင်သူသည်
မိမိအရေးထက် သာလွန်မြင့်မြတ်သော Greater Good ဖြစ်သည့် နိုင်ငံအရေးကို
ဦးထိပ်ထားသည်။ လူတော်များနှင့်သာ နိုင်ငံ့လွတ်လပ်ရေးကို အရယူနိုင်မည်ဟု
သဘောပေါက်သူပီပီ စွမ်းဆောင်ရည် မြင့်သောသူများနှင့်
ပူးပေါင်းဆောင်ရွက်လိုစိတ် ပြင်းသူဖြစ်သည်။
ခေါင်းဆောင်များကို
ခေါင်းဆောင်နိုင်မှသာ လွတ်လပ်ရေးပန်းတိုင်သို့ ရောက်မည်ကို သိသည်။
ခပ်ချာချာများကို ခေါင်းဆောင်နေလျှင် မည်သို့ ပေါက်မြောက်အံ့နည်း။
ထို့ကြောင့်လည်း ရန်သူဖြစ်ခဲ့ဖူးသူများနှင့်ပင် အတူအလုပ်လုပ်နိုင်ခြင်း
ဖြစ်သည်။ အဖွဲ့အစည်း၏ ရည်မှန်းချက်ကို အဓိက ထားတတ်သောကြောင့် သူ့ထက်သာလျှင်
သူ့အထက်က ခေါင်းဆောင် လုပ်လိုလုပ်၊ စိတ်မပျက်ဘဲ ကျရာနေရာက တာဝန်ကျေအောင်
ထမ်းဆောင်သူဖြစ်သည်။ မိမိ ခေါင်းဆောင်လုပ်ရမှဟူသော စိတ်ထားမျိုးမရှိ၊
မိမိထက် အဖွဲ့ကို ဦးစားပေးသူ ဖြစ်ကြောင်း အောက်ပါ ဥပမာများက ထင်ထင်ရှားရှား
ဖော်ပြသည်။
“၁၉၃၅-၃၆ ခုနှစ်ကျတော့လဲ အမှုဆောင်များအဖြစ်
တင်မြှောက်ခံကြရတဲ့အခါ ကျောင်းသား ကိုအောင်ဆန်းဟာ အထွေထွေအတွင်းရေးမှူး
အနေနဲ့ အလုပ် သိပ်လုပ်ပြချင်တယ်။ ဒါပေမယ့် လုပ်ဖော်ကိုင်ဘက်တွေက သူ့ရဲ့
ဆက်ဆံမှုကို အားမရသေးတဲ့ အတွက် သူ့ရဲ့စွမ်းရည်ကို ကလောင်ဖြင့်ပြစေဘို့
အိုးဝေမဂ္ဂဇင်း အယ်ဒီတာအဖြစ် တာဝန်ယူစေတယ်။ လုပ်ပြချင်တာ မလုပ်ရလို့
သူစိတ်ကောက် သွားသလား၊ မကောက်ပါဘူး။ ထားတဲ့နေရာကနေ၊ သူ့စွမ်းရည်ကို ပြပြီး၊
ကျောင်းသား ကိစ္စအဝဝကို ဆောင်ရွက်ခဲ့ပါတယ်။ သာမန်အားဖြင့် သာဆိုရင်
ငါတော်ရဲ့သားနဲ့ ငါ့ကို နေရာ မပေးရကောင်းလားဆိုပြီး စိတ်လိုက်မာန်ပါ
ဂွလုပ်မှာဘဲ။” (အောင်သန်း၏ အောင်ဆန်း၊ ၄၁)
“ပြင်ပ ကျောင်းသားကြီး
တစ်ယောက်ကို ဥက္ကဌ၊ သူ့ကို ဒုတိယဥက္ကဌ နေရာမှာထားပြီး ဆောင်ရွက်ကြစေတယ်။
ဒီလိုလုပ်ရင်လဲ သူဟာ ဘယ်သူ့ကိုမှ စိတ်ကွက်ခြင်း၊ မင်းသားကြီး မလုပ်ရလို့
ပတ်မကြီးကို ထိုးဖောက်မယ်ဟေ့ဆိုတဲ့ စိတ်မျိုးမထားဘဲ သဘောထားကြီးစွာ
ကြည်ဖြူစွာ လုပ်ဖော်ကိုင်ဖက်များ စီစဉ်ပေးတဲ့အတိုင်း စွမ်းစွမ်းတမံ
လုပ်ပြပြန်ပါတယ်။” ( ၄၂။ အောင်သန်း၏ အောင်ဆန်း)
မူလက သူသည်
ခေါင်းဆောင်ငယ်များထဲမှ တစ်ယောက်သာ ဖြစ်ခဲ့သော်လည်း တဖြည်းဖြည်းနှင့်
ခေါင်းဆောင်မှု အခန်းကဏ္ဍသည် မြင့်မားသည်ထက် မြင့်မားလာခဲ့သည်။
လွတ်လပ်ရေးအတွက် ဂိုဏ်းဂဏ္ဍပေါင်းစုံ ဖွဲ့စည်းပါဝင်သော ဗမာ့ထွက်ရပ်ဂိုဏ်း
Burma Freedom Bloc တွင် နန်းရင်းဝန်ဟောင်း ဒေါက်တာဘမော်က ဥက္ကဋ္ဌဖြစ်စဉ်
သခင်အောင်ဆန်းသည် အထွေထွေ အတွင်းရေးမှူး ဖြစ်လာခဲ့သည်။ ဂျပန်နှင့်အတူ
ဘီအိုင်အေဖွဲ့ကာ မြန်မာနိုင်ငံတွင်းသို့ ဝင်လာအပြီး သူ၏ ခေါင်းဆောင်မှုသည်
အမျိုးသား ခေါင်းဆောင်အဆင့်သို့ တက်လှမ်းလာခဲ့သည်။ ဂျပန်အထွက်၊
အင်္ဂလိပ်အဝင်တွင်မူ သူ၏ အမျိုးသားခေါင်းဆောင်နေရာမှာ ပိုမို ပီပြင်လာခဲ့ကာ
သူ့ထက် ဝါကြီးသော ခေါင်းဆောင်များပင် သူ၏ လက်ထောက် ခေါင်းဆောင်များနေရာကို
လက်ခံယူလာကြသည်။
ထိုစဉ်က ထိပ်တန်း ခေါင်းဆောင်များ
စာရင်းကိုကြည့်ပါ။ သခင်နု၊ သခင်သန်းထွန်း၊ သခင်သိန်းဖေ (သိန်းဖေမြင့်)၊
ကျော်ငြိမ်း၊ ဗဆွေ၊ သခင်စိုး၊ သခင်မြ၊ ဦးဘဖေ အားလုံး သူနှင့် ရွယ်တူတန်းတူ
သူငယ်ချင်းများနှင့် သူ့ထက် ဝါများစွာရင့် သူများလည်း ပါရှိသည်။ ဥပမာ ကိုနု
(နောင်ဝန်ကြီးချုပ်ဟောင်း ဦးနု) သည် ဗိုလ်ချုပ်က ကိုကြီးနုဟု
ခေါ်ရသူဖြစ်သည်။ ၁၉၀၇ ခုနှစ်တွင် မွေးဖွားသောကြောင့် ၁၉၁၅ ဖွား
ကိုအောင်ဆန်းထက် ၈ နှစ် ကြီးပေသည်။ သို့သော် ဗိုလ်ချုပ်သည် အဆိုပါ
ခေါင်းဆောင်တကာတို့၏ ခေါင်းဆောင် leader of leaders ဖြစ်လာခဲ့သည်။ သူသည်
ထိုနေရာကို အလွယ်တကူရခဲ့ခြင်း မဟုတ်၊ ကြိုးစားအားထုတ်ပြီး
ထိုက်တန်သောကြောင့်သာ ရခဲ့ခြင်း ဖြစ်သည်။
လူတော်ကို မကြောက်သည့်၊
လူတော်တို့ကို စုစည်းထားနိုင်သော ခေါင်းဆောင်တို့၏ ခေါင်းဆောင်
စိတ်ဓာတ်မျိုးရှိသော ခေါင်းဆောင် တို့၏ ခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်းသည်
မြန်မာ့လွတ်လပ်ရေး ရအောင် ဆောင်ကြဉ်းပေးနိုင်ခဲ့သည့် တစ်ခေတ်တစ်ယောက်
ခေါင်းဆောင်မျိုး ဖြစ်ခဲ့ပေသည်
No comments:
Post a Comment