Monday, May 5, 2014

နာဂစ်ဒေသ ပရလောက နှင့် ကြုံရဆုံရ ဘုံဘ၀ ဖြစ်ရပ်မှန် ကိုယ်တွေ့

graphical counterနာဂစ်ဒေသ ပရလောက နှင့် ကြုံရဆုံရ ဘုံဘဝ
ဖြစ်ရပ်မှန် ကိုယ်တွေ့
ရေးသူ အောင်မျိုးဦး
တွဲဘက်အထွေထွေအတွင်းရေးမှူး
မတူကွဲပြားခြင်းနှင့်ငြိမ်းချမ်းရေးပါတီ
အခန်း(၁)
ကိုယ်တိုင်ဝန်ခံချက်
ကျွန်တော်အောင်မျိုးဦးသည် ပါတီ၏ တွဲဘက်အထွေထွေအတွင်းရေးမှူးဖြစ်ပါသည် ။ စာရေးဆရာမဟုတ် ပါ ။ ထို့အတူ ရန်ကုန်ကြည့်မြင်တိုင်သားဖြစ်ပါသည် ရေမကူးတတ်ပါ ။ ကျွန်တော်သည် ဗုဒ်္ဓဘာသာဟု အမည်ခံယုံ လောက်သာ ဘာသာရေးအသိရှိသူဖြစ်ပါသည် ။ ထို့ကြောင့် ကျွန်တော် ယခုတင်ပြမည့်အကြောင်းအရာများသည် ဘာသာရေးရှုထောင့်မှလည်းရေးသားမည်မဟုတ်ပါ ။ ကျွန်တော်စာရေးတတ်သူမဟုတ်သောကြောင့်လည်း ပြေပြစ်ချင်မှပြေပြစ်ပါလိမ့်မည် ။
ထို့အတူ ကြုံရဆုံရဘုံဘ၀ ဆိုသဖြင့် ကွန်မြူနစ်ဝါဒအကြောင်း ရေးမည်မဟုတ် ၃၁ ဘုံ လောကသား တွေအကြောင်း ရေးမှာဖြစ်ပါသည် ။
ကျွန်တော် စည်းရုံးရေးခရီးထွက်ခဲ့ရသော ဘိုကလေးမြို့အောက်ဖက် ( တောင်ဘက် ) ဦးရှင်ကြီးကျွန်း (မိန်းမလှကျွန်း)တွင် ကျွန်တော်တို့ စက်လှေ လေမိုးမိ၍ တစ်ညတာရပ်နားစဉ် ဖြစ်ပျက်ခဲ့သမျှများကိုသာ မျှဝေယုံ သက်သက်ရေးသားတင်ပြရခြင်းဖြစ်သည်ကို နားလည်ပေးနိုင်ပါရန် မေတ်္တာရပ်ခံအပ်ပါသည် ။

အခန်း(၂)
ကျွန်တော်တို့အုပ်စုအကြောင်း
ဥက်္ကဌ ကိုညိုမင်းလွင် နောက်ပိုင်းတွင် ကိုညိုဟုသာရေးပါမည် ။ ခရစ်ယာန်ဘာသာ ။ ဘာသာတရား ကိုင်းရှိုင်းသူ ဖြစ်သည် ။ ကိုတင်မောင်အေး ဒုဥက်္ကဌ-၂ အမည်ခံဗုဒ်္ဓဘာသာ ။ ကိုနေမျိုးဝေ ဘာသာမဲ့ ဘာသာရေးစာပေများကို ကျွန်တော်တို့ထက် ဖတ်ရှုထားသော်လည်း ဘုရား ဆိုသည်ကို အယုံအကြည်မရှိ လူသားတွေးခေါ်ပညာရှင်ကြီးများ လူမှုပြုပြင်ပြောင်းလဲရေးသမားများ ဟုသာ လက်ခံသည် ။ ပရလောကကို အယုံအကြည်မရှိသူ ။ ကွန်မြူနစ်မဟုတ် လစ်ဘရာယ် သမား ။ ကျွန်တော် အောင်မျိုးဦး နှင့် ဒေသခံ ပါတီဝင် သုံးယောက် စက်လှေမောင်းသူ ကိုသန်းနိုင်ဦး (ပါတီဝင်) တို့ ၈ ယောက် ဖြစ်ပါသည် ။
ကျွန်တော်တို့ အုပ်စုသည် မတူသော သဘာဝရှိသူများ အတူတကွ ပူးပေါင်းဆောင်ရွက်နေခြင်း တော့ဖြစ်ပါပေသည် ။
အခန်း(၃)
နာဂစ်ဒေသ
၂၀၁၀ ခုနှစ် သြဂုတ်လ ၂ ရက်နေ့ ဘိုကလေးမှ ကဒုံသို့သွားသော ခရီးစဉ် ။ ဘိုကလေးမှ နံနက် (၈း၀၀)နာရီ စက်လှေစထွက်လေပြီ ။
ကျွန်တော်ကား ရေလမ်းခရီးတွေ သိပ်မသွားဘူးသူဖြစ်ပါသည် ။ ရေလည်းမကူးတတ် သို့သော် ငပေငတေဖြစ်သည် ကြောက်စိတ်တော့သိပ်မရှိ ။ နံနက် ၈း ၀၀ နာရီတွင် ကျွန်တော်တို့ အုပ်စု ၈ ယောက်သား တက်တက်ကြွကြွဖြင့် ကိုနေမျိုးဝေအမ စီစဉ်ချက်ပြုပ်ပေးလိုက်သော ထမင်းအိုး များပန်းကန်ခွက်ယောက်များ ဟင်းချိုင့်များဆွဲကာ ဆိပ်ကမ်းသို့ချီတက်လာလေသည် ။
စက်လှေပေါ်သို့ရောက်လျှင်ရောက်ချင်း ထွက်ခွါဖို့ပြင်ဆင်ကြလေပြီ ။ ကိုနေမျိုးဝေက လှေထိုးသား လုပ်လေသည် ပဲ့နင်းကြီးကတော့ ကို သန်းနိုင်ဦးဖြစ်သည် ။ ကိုနေမျိုးဝေက လူရွတ်ဖြစ်လေသည် စက်လှေကို ကမ်းက ခွါရန် ကြိုးဖြုတ်သည်နှင့် ရေငံတစ်အိုးကုန်အောင်ချိုးပါတဲ့ ကြက်သူခိုးဘုရင် မတိုးလင်ခင်ဗျား စောင့်ပါရှောက်ပါ ဘာညာဟု သံဗြဲကြီး နှင့် ဟစ်လေသည် ။ ဒါကို ကိုညိုနှင့် ကိုတင်မောင်အေးတို့က မကြိုက် အပြစ်တင်ကြသည် ။ ကျွန်တော်က ဘာမျှမပြောသော်လည်း သိပ်တော့မကြည် ။
ဒီလို နှင့် ထွေရာလေးပါပြောလာကြသည် ။ ကျွန်တော် တို့ လမ်းကြုံ ဘယ်ရွာတွေကို ၀င်မလဲဆိုတာကို စဉ်းစားကြသည် ။ ဒီလမ်းခရီးမှာကိုနေမျိုးဝေက ဒေသခံဖြစ်လို့ သူ့ခရီးစဉ်အတိုင်း အလုပ်လုပ်ကြမည်ပေါ့ ။ အစစအရာရာ သူ့ကို ကွန်မန်ဒါအဖြစ်လွှဲထားသည် ။ ( ပေါက်ကရပြောတာမပါကြေးပေါ့ )
ကိုနေမျိုးဝေက လမ်းမှာ ဓမြချောင်း ( ဓမသုခ ရွာ ) ကို ၀င်မည် ။ ကမ်းဘေးတင် ရှိသည်လို့ အကြံပြုသည် ။ ကျွန်တော်တို့က ၀င်မည်ပေါ့ ။ ရွာသားတွေထဲက မိတ်ဆွေ သုံးလေးယောက်ကိုလည်း ကြိုမှာထားသည်တဲ့ စကားနဲနဲပါးပါးပြောကြမည် ။
ဒီလိုနှင့် တစ်လမ်းလုံး စက်လှေက တစ်ထုံးထုံး နှင့် ခုတ်မောင်းလာသည် ။ ဒီမှာတင် ဘိုကလေးသားတွေ ဘာ့ကြောင့် စကားကျယ်ကျယ်ပြောတဲ့ အကျင့် ရနေသလဲ နဲနဲသိလာရသည် ။ ဘာပြောပြော အော်ပြောနေရသည် လေ ။ ဒီလိုနှင့် နာဂစ်မှာ ဘယ်ရွာတွေဘယ်လောက် ထိခိုက်ပျက်ဆီးတဲ့အကြောင်းပါလာသည် ။
ကိုနေမျိုးဝေ နာဂစ်အပြီး ဘိုကလေးမှာ ကူညီရေးတွေလုပ်နေစဉ် နာဂစ်ဒဏ်ကြောင့် မကျွတ်မလွတ်သူတွေ အော်သံတွေ ကယ်ပါယူပါ ငိုကြွေးသံတွေ ကြားရသည်လို့ ကောလဟလ သတင်းထွက်နေသည် ။ ဒါကို ဘီဘီစီက ဖုန်းဆက်ပြီး အင်တာဗျူးလုပ်တဲ့အကြောင်း ကို ရောက်သွားသည် ။ ကိုနေမျိုးဝေ ကဖြေသည်တဲ့ --
““ ခင်ဗျားက ကမ်္ဘာကျော် သတင်းဌာနကြီး ကျွန်တော်က အင်ဂျင်နီယာ ဗျူးရမှာက သူရဲချောက် တဲ့အကြောင်း ရှက်စရာကောင်းလိုက်တာဗျာ ”” ဆိုတော့ ““ဒါဆိုကိုနေမျိုးဝေက သရဲချောက်တာမဟုတ်ဘူးလို့ ဆိုလိုတာလား ”” လို့ ဘီဘီစီကပြန်မေးတယ် ။
““ ခင်ဗျားသဘောမပေါက်ဘူးထင်တယ် ကျွန်တော်ပြောတာ ဒီအကြောင်းဆွေးနွေးရမှာ ဘလိုင်းကြီး ကိုရှက်နေတာဗျ ”” ဆိုတော့ --
ဘီဘီစီက အတင်းညှစ်ပြီး ““ခင်ဗျား အမြင်ကို ပြောပါ ”” လို့ ထပ်လုပ်တယ် ဒီတော့ ကိုနေမျိုးဝေ က
““ ဒီလိုပြောမယ်ဗျာ ဘုရားရှိရင် နတ်ရှိမယ် နတ်ရှိရင် သရဲရှိမယ် အဲ ကျွန်တော်ကတော့ ဘာသာမဲ့ ဒါပေမဲ့ သရဲချောက်တဲ့ သတင်း နောက်ဆက်တွဲတော့ ကျွန်တော် ပြောနိုင်တာ ရှိတယ်ဗျ ”” ဆိုတော့
““ နောက်ဆက်တွဲကို ပြောပါဦး ””ဆိုတော့
““သူရဲချောက်တာတော့အမှန်ဗျ ဒါပေမဲ့ ဒီသရဲတွေက ဆိုဒီယံမီးတွေ ထိန်နေအောင်ထွန်းရင် ကြောက် တယ်ဗျ ”” တဲ့
( အမှန်က ကိုနေမျိုးဝေက သရဲကိုအယုံအကြည်မရှိ ၃၁ ဘုံ လည်ပတ်နေတာကို မယုံ မှောင်မည်း တိတ်ဆိတ်ရင် ချောက်ခြားတတ်တာကြောင့် လျှပ်စစ်မီးထိန်နေရင် သရဲမချောက်ဟု ဆိုလိုချင်တာဖြစ်ပါသည် )
ကိုညိုက -- ““ခင်ဗျားတကယ်အဲလိုပြောလိုက်တာလား”” . .. လွှင့်ကောလွှင့်သေးလား ဆိုတော့
““အင်း လွှင့်တော့လွှင့်တယ်ဗျ ””
ကျွန်တော်က ““ ခင်ဗျားတော်တော်ရှုပ်တဲ့လူ ဗျာ ဘီဘီစီတောင်အလွတ်မပေးဘဲ သွားကျပ်တယ် ””
ဒီလိုနဲ့ စကားတပြောပြော အာခေါင်တွေလည်း ခြောက်လာ ....
...............................
ကောင်းကင်က မိုးတွင်းဆိုသော်ငြား တည်တည်ငြိမ်ငြိမ် ရှိလှသည် ။
တင်မောင်အေး က -- ““ဟေ့ကောင်နေမျိုးဝေ ဟိုရောက်ရင် ဘာတွေပြောမှာလည်းလုပ်ဦးဟ ””
““ ဒီလိုကွာ ငါတို့ ပါတီအကြောင်းတွေ ခေါင်းထဲက ခဏဖယ်ထားလိုက်ကွာ ၂၀၁၀ ရွေးကောက်ပွဲ ဆိုတာကို အရင်မိတ်ဆက်ပေးရအောင် ရွာသားတွေက ဘာမှနားလည်ကြတာမဟုတ်ဘူး ၊ ရွေးကောက်ပွဲလုပ်တယ်ဆိုတာ ဘယ်လိုလဲ ။ လွှတ်တော် ကိုယ်စားလှယ် ဆိုတာဘာတွေလုပ်ပေးတဲ့သူလဲ ။ မဲမထဲ့ရင်ဘာဖြစ်မလဲ ။ ကိုယ့်ဆန်္ဒမဲလက်မှတ်ကို တန်ဘိုးထားသင့်ကြောင်း ဒါမျိုးဘဲပြောရဦးမှာကွ ။ မဲထဲ့တာတော့ သူကြိုက်တဲ့သူ ထည့်ပစေပေါ့ကွာ အဲဒါ ငါတို့အတွက် သိပ်အရေးမကြီးပါဘူး ။ ””
တင်မောင်အေး က ........
““ မဟုတ်ဘူးလေကွာ အာဂျင်ဒါ တွေ ဘာတွေ ဘယ်လိုလုပ်မလဲ မေးတာဟ ””
ကျွန်တော်က ““ အာ ခင်ဗျားကလည်း အာဂျင်တီးနားကလာတဲ့ ဆိုဒါ ဆိုရင်တော့မဆိုးဘူး .. ခင်ဗျား က ရွာမှာ အာဂျင်ဒါတွေ ဘာတွေလုပ်မနေနဲ့ အသာလေး တောပြောတောင်ပြော ဟိုမေးဒီမေး ဒီလောက်ဘဲ လုပ်လို့ရ တာဗျ ။ ””
တင်မောင်အေးက ““ ဒါဆိုလဲပြီးရော ငါက အခမ်းအနားတွေ ဘာတွေချိန်းထားတယ်လားလို့ပါ ။ အေးပါ ရပါတယ် ငါလည်း အေးအေးဆေးဆေး ဓါတ်ပုံမှတ်တမ်းဘဲ လျှောက်ရိုက်ပေးတော့ မယ် ””
ကိုညိုက ““ အင်း ကောင်းတယ် မြို့ကြီးသား အခုမှသဘောပေါက်တော့တယ် အခု ရွာကိုရောက် နေပါပြီ ခင်ဗျာ””
နေမျိုးဝေက ........... ““ ဟေ့လူတွေ ဟိုမှာ ကြည့်စမ်း တွေ့လား ဟိုးရေလယ်က ချွန်းကွေ့ကွေ့နေရာ တွေ့လား ဦးရှင်ကြီးကို ရေစာ ကျွေးတဲ့နေရာပေါ့တဲ့ ””
ကျွန်တော်က ““ အင် ခင်ဗျားကလဲ ကျုပ်တို့ရန်ကုန်သားတွေဆီုပြီး ခပ်တည်တည်နဲ့ ဖြီးပြီ ””
............. ဟား ............ ဟား ........ ဟား ................ဟား ..............
အားလုံးဝိုင်းရီကြလေသည် ။
ပဲ့နင်းကြီး သန်းနိုင်ဦးက
““ ဦးရှင်ကြီးရေစာ ချမချတော့ မသိဘူး ဆရာရေ့ နာဂစ်တုံးက အဲဒီနားမှာ အလောင်းတွေ ဖောင်ဖွဲ့နေတာဘဲဗျ တစ်လလောက်ကို ဖွေးဖွေးကြီးတွေ ရှိသေးတယ်ဗျ ””
........................... အားလုံး တိတ်ဆိတ်သွားကြသည် ................... ။
ဓမြချောင်းသို့ရောက်လေပြီ ..............
လှေထိုးသား နေမျိုးဝေ .............. လက်စွမ်းပြလေသည် ဆိပ်ကမ်းသို့ ကပ် ပြီ စက်လှေကို တံတားမှာ ကြိုးချည်သည် ။ ရွာသား သုံးလေးယောက်ဆင်းလာကြသည် ။ မတူကွဲပြားကလူတွေလာတယ်ဟေ့တဲ့ .......
ကျွန်တော်တို့ပါတီကိုလည်း အစအဆုံးနာမည်မှန်အောင်ခေါ်နိုင်သူမရှိ ဘိုကလေးဘက်မှာတော့ အတော်ပေါက် သည် ။ ““တို့ကတော့ မတူကွဲပြားဘဲ”” ဟု ပြောဆိုကြသည်တဲ့ ။
““ဘိုကလေးသားတွေက မတူတာတို့ ကွဲတာတို့ အထိတော့ အတော်ကြိုက်ပုံရတယ် နောက်က ငြိမ်းချမ်းရေးတော့ ထဲ့မရွတ်ကြဘူး ”” ဟု ကိုညိုကနောက်သည် ။
ဟားဆရာတို့ လာကြလာကြ ဗျို့ ကျွန်တော်တို့ရွာက လူတွေတော့ အတော်စိတ်ဝင်စားနေတယ်ဗျ ...... တဲ့ ။ ကလေးလူကြီးယောက်ျားမိန်းမ ၁၅ ယောက်လောက် ပြေးလာကြသည် ““ပါတီဒွေ ရောက်ပီ””ဟုလည်း အော်သံကြားရသည် ။
ခနော်ခနဲ့ သစ်သားတံတားလေးကို ဖြတ်နင်းလာသည် ။ တင်မောင်အေးမြို့ကြီးသားကမဆိုး တောတံတားကောင်းကောင်းလျှောက်နိုင်သည် ။
ကျွန်တော် ရွာထဲမှာ ကွမ်းယာဆိုင်မျှော်သည် ။ ကွမ်းဗလဗြစ်နှင့် ရွာသားတစ်ယောက်နားကပ်သည် ။ ကွမ်းယာဆိုင်မေးသည် ။ ““ဟာ ဆရာကလည်း ကွမ်းကတော့ အလိုက်ကြီးဘဲလာခဲ့ ””ဟု ဆိုကာ ကွမ်းညှပ်ကြီးကြီး နှင့် ကော်ဇလုံထဲ ကွမ်းယာပစ်္စည်းမျိုးစုံ လုံးထွေးထဲ့ထားသည် ကွမ်းသီအမှည့် အလုံးလိုက် သုံးလေးလုံးရှိ သည် ။ ““စိတ်ကြိုက်ယာစားပေတော့ ””ဟုလည်းပြောသည် ။
ရွာသားက သူ့လို ကွမ်းကြိုက်သည့် ကျွန်တော့် သွားငချိတ်တွေကို ကြည့်ပြီး အတော်သဘော ကျသွားပုံရသည် ။ ““ဟား ဆရာကလည်း အတော်စားတာပဲ”” ဟုမှတ်ချက်ပြုသည် ။
ဒီလိုနဲ့ အိမ်ကြီးရခိုင်တခုအောက်အရင်လာသည် ။ ၀င်ကြသည် ။ စကားပြောကြလေသည် ။ ၂၀၁၀ မှာ ရွေးကောက်ပွဲတခု ရှိတယ်ဆိုတာ ရွာသားတွေက သိကြသည် ။ ပါတီတွေ ထောင်နေတာကို သိကြသည် ။ ဘယ်ပါတီတစ်ခုရဲ့ နာမည်ကိုမျှအပြည့်အစုံ မပြောနိုင် ။ ပါတီတွေကလူတွေ ယှဉ်ပြိုင်ကြမည်ဆိုတာ သိသည် ။ ယှဉ်ပြိုင်ပြီးရင် ဘာဖြစ်မယ်ဆိုတာမသိ ။ လွှတ်တော်ကိုယ်စားလှယ်ဆိုတာမသိ ။ လယ်ရောင်းလျှင် ဘယ်သူ့မျက်နှာမျှမကြည့်ဘဲ ရောင်းလို့ရချင်သည် ။ ကိုယ့်လယ်ထဲမှာ ကိုယ်ကြိုက်တဲ့ သီးနှံစိုက်ချင်သည် ။ သူတို့ ကိစ်္စတွေကို ကိုယ်စားပြုပြီး ပြောပေးဆိုပေးမဲ့သူတစ်ယောက်လောက်တော့လိုချင်သည်။စာတတ်ပေတတ် လူမိုက်တစ်ယောက် လောက် လိုချင်နေပုံရသည် ။ ဘယ်မင်းတက်တက် ကိုယ့်ထမင်းကိုယ်ရှာ စားရမည်လို့ ယုံကြည်ကြသည် ။ လူဝါးဝတဲ့သူ တွေကို မကြိုက် ။ တရားသူကြီးတွေ လာဘ်စားရင်မကြိုက် ။ ကျောင်းဆရာမတွေ လခယူပြီး ကျောင်းကို မလာရင်မကြိုက် ။ လျှပ်စစ်မီး လာဖို့မလာဖို့ စိတ်ကူးမရှိပြောသံ မကြား ။ နှစ်လုံးသုံးလုံးဒိုင်ကိုင်ပြီး ပေါက်လို့မလျှော်ရင်မကြိုက် ။ ကျမ်းမာရေးကိစ်္စ ဆေးရုံဆေးခန်းကိစ်္စ ကာကွယ်ဆေးကိစ်္စ ပြောသံမကြား ၊ ပြောရကောင်းမှန်းမသိ ၊ အန်ဂျီအိုနဲ့ ရပ်မိရပ်ဖ ပေါင်းပြီး ပစ်္စည်းဘုန်းတာသိ ။ ကလေးတွေ ကျောင်းအပ်ဖို့ တို့ ကျူရှင်ခတို့ ပြောသံမကြား ။ ကိုပီတာ (ကွန်ပျူတာ) နဲ့ အိမ်သာနတ် (အင်တာနက်) တို့ အကြောင်း မသိ ။ ဂျာနယ် မြင်ဘူးသည် ။
ဒီလိုနဲ့ တော်ကီတွေ များသွားသည် ။ ညနေ ၃ နာရီ ထိုးမှ နေ့လည်စာ ထမင်းစား ဖြစ်တော့သည် ။ စက်လှေပေါ်ရောက်မှစားဖြစ်တာဖြစ်သည် ။
ဒီလိုနဲ့ ဓမြချောင်းက ဆက်လက်ထွက်ခွါလာသည် ။
ကျွန်တော်တို့ စက်လှေက ဓမြချောင်းမှ တဖက်ချောင်းပေါက်ဘက် ဓါးလွယ်ခုတ်ဖြတ်ရသည် ။မိန်းမလှကျွန်း တန်းကြီးဘေးက သီ၍ ခုတ်မောင်းရသည် ။ မြစ်ပြင်ကကျယ်လွန်းသည် ။ သို့သော် ရွာသားတွေက ချောင်းလို့ဘဲခေါ်သည် ။ ကျယ်သာကျယ်သည် သောင်တွေ ရှိနေသည် ။
ပဲ့နင်းကြီး က ပြောသည် ကျွန်တော်တို့ နောက်ကျသွားတယ် ဒီအချိန် ရေကျနေပီ လွန်းတင်ရင် ပြဿနာရှိတယ်တဲ့ ။
ကိုနေမျိုးဝေ ကို မေးသည် ။ သူကလည်း ကျွန်တော် ဒီဘက်ချောင်းပေါက်တွေ အဆက်ပြတ်နေတာ အနှစ် ၂၀ ရှိပြီ လမ်းကြောင်း မသိတော့ ( ရေတိမ်ရေနက်လမ်းကြောင်း မသိတာကိုပြောတာ ) ရေအရောင်ကတော့ကွာသည် လေကိုကြောက်ရတယ်လို့ပြောသံကြားတယ် ။ ကျွန်တော်တို့နားစွန်နားဖျား ကြားတာသာဖြစ်သည် ။ ကျွန်တော်တို့ကို သိစေချင်ပုံမရ ။ ဒါနဲ့ ကျွန်တော်က မေးသည် ။
““ဟေ့လူတွေ တိုးတိုးတိုးတိုး မလုပ်နဲ့ ကျုပ်တို့လည်းပြောဦး””ဆိုတော့
““ ဒီလိုကွ ရေကျသွားပြီ ဒီချွန်းကို နာရီဝက်လောက်ဖြတ်ရမယ် လေတိုက်ရင် လွန်းတင်နိုင်တယ် ။လွန်းတင်ရင် အဆင်မသင့်ရင် စက်လှေကွဲပြီး အရှောဘဲ ””
ကိုညိုက ...... ““နာရီဝက်ကတော့ အခုလို လေငြိမ်နေတာနဲ့ ရပါတယ် ဖြတ်မယ်ဗျာ””လို့ ပြောလေ သည် ။ ပြောပြောဆိုဆို ဖြတ်လာတာ ၅ မိနစ်ခန့်ပင်ရှိနေပြီဖြစ်သည် ။ ဒီလိုနဲ့ ဖြတ်လာနေတုံး မိုးက ရုတ်တရက် ရွာလာသည် ။ လေကပါ ပါလာသည် ။ ရေတက်ဦးမိုးလို့ ပြောသံကြားရသည် ။ ကျွန်တော်တို့က သိပ်တော့မကြောက်တတ် ။ ကိုနေမျိုးဝေက ကိုသန်းနိုင်ဦးကို လှည့်ပြောသည် ။ ““ကမ်းဘေးက ကပ်မောင်းရင်ဘယ်လိုနေမလဲ”” တဲ့ ။ ““မရဘူးသောင်ရှိတယ်””ဟု ပြောသံကြားသည် ။ မထူးတော့ (၀ါတာဖလူး)ပလပ်စတစ် မိုးကာပိတ်စ ခြုံ၍ ကိုသန်းနိုင်ဦး ပဲ့ကိုင်နေသည် ။ ကိုနေမျိုးဝေ အပေါ်ပိုင်း အင်္ကျီ ဗလာနဲ့ ဘောင်းဘီတိုဝတ်ပြီး ရှေ့ထွက်သည် ။ မိုးပေါက်တွေက လေပြင်း နှင့် ဆော်သဖြင့် မျက်နှာတွေ ခနခန အုပ်သုတ်နေရတာကို လှမ်းတွေ့ရသည် ။
ကိုသန်းနိုင်ဦးကို လှမ်းအော်ပြောသည် ။ မကြားရ ။ ပဲ့ပိုင်းသို့လာ၍ ပြောသည် ။ စက်လှေပေါ်မှာ ဆန်ဆီ ဟင်းချက်စရာ ကြက်နှစ်ကောင် အစုံပါသည် ဘာမှလောဖို့ မလို ကျွန်းဘေးမှာ ခဏကပ်ထားရင် ကောင်းမည်လို့ပြောသံကြားရသည် ။
နှစ်ယောက်သား သဘောတူကြပုံရသည် ။ စက်လှေက ကမ်းဘက် ဦးလှည့်သွားတာတွေ့သည် ။ သိပ်မကြာလှ ကနစိုပင် ( ဘာပင်မှန်းကျွန်တော်မသိပါ နောက်မှကိုနေမျိုးဝေပြောသံကြား၍မှတ်ထားခြင်း ဖြစ်ပါသည် ) ခပ်လတ်လတ် တစ်ပင် နားသို့ အရှိန်နဲ့ ထိုးတင်လိုက်သည် ငြိမ့်ခနဲက ဖြစ်သွားသည် ကိုနေမျိုးဝေ ကမ်းပေါ်ခုန်ချ၍ ကနစိုပင်မှာ ကြိုးချည်နေတာ တွေ့ရသည် ။ ဘေးကင်းလုံခြုံသွားပြီဖြစ်သည် အားလုံး ပျော်နေကြသည် ။ .............................
သို့သော် .............................
မိုးက ပိုသည်းလာသည် ။ .......................
စက်လှေ အတွင်း ပိုင်းက လေလုံမိုးလုံရှိသည် အိမ်ကလေး တစ်ခန်းလို လုံနေသည် စက်သံမကြားလျှင် မိုးအေးအေး နှင့် အတော်ကွေးကောင်းမည့်ပုံဖြစ်သည် ။ ကမ်းကပ်ပြီးပြီမို အင်ဂျင်လည်း ရပ်လိုက်ပြီ ။ ဒီလို နှင့် ညနေ ၄း၃၀ လောက်မှာပင် မိုးမှောင်နေ၍ အတော်မိုးချုပ်နေပြီဟု ထင်မှတ်ရသည် ။
ကျွန်တော်တို့ မိုးခိုနေရင်း စားသောက်ဖို့ ချက်ပြုပ်ရန်တာစူသည် ။ စက်လှေပေါ်မှာ မီးဖို တခန်း အိမ်သာတစ်ခန်း လုပ်ထားတာ ပါသည် ။ အတော်အဆင်ပြေသည် ။ ဒေသခံ တောသား(ပါတီဝင်) သုံးယောက်ကလည်း ခပ်အေးအေးပင် ထမင်းဟင်းချက်ဖို့လုပ်နေသည် ။
စက်လှေပေါ်ပါ ကြက်အရှင် နှစ်ကောင်အနက် မှ တကောင်ကို ကိုသန်းဝင်းဆိုသူမှ လည်လှီးနေ တာတွေ့သည် ။ တင်မောင်အေးက ပြောသည် ဟာကွာ မင်းတို့ဟာကလည်းကြည့်လုပ်ကြပါဦးဟ ဒီကြက်သားကို ဘယ်လိုစားရမလဲတဲ့ ။
နေမျိုးဝေက ကျွန်တော့်ကိုလှမ်းပြီး မျက်စပစ်သည် ဟေ့ကောင်အောင်မျိုးဦးမင်းဘာတွေ့လဲတဲ့ ။ ကျွန်တော်ကလည်း ချက်ဆိုနားခွက်ကမီးတောက်သည် ။ နေမျိုးဝေ ပြောချင်တာက ဒီလို လို့ .......
မြို့ပေါ်မှာ လို ရေခဲသေတ်္တာ မရှိ ၊ ချက်ချင်းသွားဝယ်လို့ရတဲ့ အသားဈေးမရှိ ။ ချက်ပြီးသား ထမင်း ၀ယ်စားစရာမရှိ ။ သတ်ပြီးသားအသားဝယ်လာလျှင်ပုပ်မည် ။ တောရွာတွေက နာဂစ်ပြီးမှ အရင်လိုမဟုတ် ကြက်မျိုး ၊ ဘဲမျိုး မန်ဒါလီမျိုး ပြုတ်နေပြီ ။ ဟိုးယခင်ကလိုဆို တောသွားရင် အခုလို ကြက်အရှင်ဆောင် စရာမလို ဘဲငန်းသား ၊ မန်ဒါလီသား ၊ ကြက်သား ၊ ဘဲသား ၊ ကြက်ဥ ၊ ဘဲဥ ပေါလွန်းသည် ။ ယခု ဟင်းစား အကောင်တွေဆောင်လာရသည် ။ ရွာသားတွေအားနာဖို့ကောင်းသည် ။
ထို့အပြင် အဲဒီလို အရှင်သတ်မစားရင် ဆီဆမ်း ဆားဖြူး ကြက်သွန်နီကိုက်စားရမည် ။ ကြက်ဥကြော် စားရမည် ။ မြို့သားတွေ ပါလာလို့ နေမျိုးဝေက သူ့ညီအောင်ကိုလတ် အိမ်က ကြက်တွေ ဖမ်းလာတာဖြစ် သည် ။
အခန်း(၄)
ခြောက်ခြားစရာည
ထိုနေ့ တညနေလုံး ကမ်းကမခွါနိုင် မိုးလေသည်းနေသည် ။ မထူးတော့ ဒီတည ဒီမှာတင်စားသောက်ပြီး အိပ်လိုက်ကြတော့မည်ပေါ့ ။
ဒီလိုနဲ့ ညနေ ၆ နာရီလောက်မှာ ဆိုင်းသံကြားရသည် ။ သန်းနိုင်ဦး ၊ ကိုသန်းဝင်း ၊ ကိုမြင့်ဇော် ၊ ကိုတင်ထွန်း တို့ လေးဦး ဇဝေဇ၀ါဖြစ်နေသည် ။ ဟာ ဒီနားမှာ ရွာမရှိပါဘူး ဟု သန်းနိုင်ဦးကပြောသည် ။ ကိုသန်းဝင်းက နာဂစ် တုံးက လ၀ိုင်းကျွန်းသားတွေ ဒီဘက်မှာ ရွာတည်ပေးတယ်ကြားတယ်ကွ လို့ ပြော သည် ။ ဟုတ်တယ်မဟုတ်ဘူး ငြင်းလို့ကောင်းတုံး ။အဖြေပေါ်လာသည် ။
ကျွန်တော်တို့ စက်လှေဆိုက်ကပ်ထားရာ နေရာ နှင့် မလှမ်းမကမ်းမှာ တောတိုးလာတဲ့ လူတစ်စု ထွက်လာတာတွေ့ရသည် ။ ခမောက်တွေ ဆောင်းထားသည် ။ ( မှတ်ချက် အန်အယ်လ်ဒီတွေမဟုတ်ပါ ) ရွာသားမို့ ခမောက်ဆောင်းထားတာပါ ။ စက်လှေဘက် လှမ်းမျှော်ကြည့်ပြီး ထွက်လာကြသည် စုစုပေါင်း သုံးယောက်
ကျွန်တော့်လိုသွားငချိပ်နဲ့ က နှစ်ယောက်ပါသည် ။မိချောင်းမျက်နှာနှင့်တယောက်ပါသည် ။
ဗျို့ဆရာတို့ ဘာလိုလို့လဲဗျ ကျွန်တော်တို့ မော်တော်သံကြားကတည်းက တခုခုဖြစ်နေတယ်မှတ်တာ ။ဆရာတို့ ဘာမှမဖြစ်တော့ ကံကောင်းတာဘဲ ။
သန်းနိုင်ဦးက ..........
““ ဟေ့လူတွေ ခင်ဗျားတို့ သစ်တောက၀န်ထမ်းတွေလည်းမဟုတ်ပါဘူး ဘာလည်း ထင်းလာခုတ် နေကြတာလား ””
““ဟာ ဆရာကလည်း ကျွန်တော်တို့ ဒီမှာ ရွာတည်ပေးထားတယ်လေ ””
““ အော် ဆိုင်းသံကြားတာ ခင်ဗျားတို့ ရွာကလား ””
““ အစစ်ပေါ့ ဆရာရယ် ၀ါဆိုသင်္ကန်းကပ် နဲ့ ရှင်ပြုတွဲလုပ်နေတာ ဆရာတို့လိုက်ခဲ့ပါလားတဲ့ ””
တင်မောင်အေးက ...........
““ နေမျိုးဝေ ဟေ့ကောင်ခွင်ဘဲ တို့စကားပြောဖို့လူစုရင်မလာရဲဘူး ရွာထဲတက်ပြီး ဆိုင်းဆရာစုထားတဲ့ လူတွေ သွားဟောမယ် ””
ကိုညိုက ... ““အေးမဆိုးဘူးဟ မိုးလည်းစဲနေပြီ တို့သဘောင်္ထဲမှာ တောစီးဖိနပ် ၆ ရံတောင်ပါတယ် ””
ကျွန်တော်တို့လည်း စက်လှေထဲမှာ အစောင့်သုံးယောက်ထားပြီး ကျန်တဲ့သူ လိုက်လိုက လိုက်နိုင်ကြောင်း ပြောတော့ ပဲ့နင်းကြီး သန်းနိုင်ဦးက ကျွန်တော်နေခဲ့မယ်တဲ့ ။ ကိုတင်ထွန်းနဲ့ ကိုမြင့်ဇော်ကလည်း နေခဲ့မယ်တဲ့
ကျွန်တော်တို့ ၅ ယောက် ကမ်းပေါ်သို့ တက်ကြလေသည် ။ ကမ်းပါးကကြည့်တော့ တောကိုသာမြင်ရသော်လည်း ဓမင်းနွယ် တစ်ခြုံကို ကျော်လိုက်သည်နှင့် တာဖို့ထားသော လမ်းပြောင်ပြောင်လေးကို တွေ့ရသည် ။ မိုးရွာထားသဖြင့် မြေပြော့နေသော်လည်း ကျွန်တော်တို့တောစီးဖိနပ်များကြောင့် လမ်းကောင်းကောင်း လျှောက်၍ရသည် ။ လမ်းကလေးဘေးတွင် မီးကလေးများ မှိတ်တုတ်မှိတ်တုတ် နှင့် တဲငယ်ပုပုလေးတွေတွေ့ရ သည် ။
အနံ့အသက်ကမကောင်း ပုပ်အဲ့ အဲ့ နံနေသည် ဒါကို နေမျိုးဝေက ““ဟား အပုပ်နံ့ နံတယ်””ဟု ဗရမ်းဗတာ ပြောလေသည် ။ တင်မောင်အေးက ““မင်းရေးတဲ့ တဲဗြဲကြီးတွေ ရဲ့ အနံ့မျိုးလား””ဟု “စ” သည် ။ ““မဟုတ်ဘူးကွ ငါးပိနံ့ မဟုတ်ဘူး လူသေခွေးသေ ပုပ်သလိုမျိုး”” ဟု ပြောသည် ။ ကျွန်တော်က ““ ခင်ဗျားကလည်း လူတွေကို အနာလစ်ဆစ်လုပ်တာ အားမရဘူး အပုပ်နံ့အနာလစ်ဆစ်ဆက်လုပ်ဦးမလား””ဟုနောက်ပြောင်သည် ။
ဟုတ်တော့ ဟုတ်သည် အနံ့အသက်က အော်ဂလီဆန်ချင်စရာ သင်္ချိုင်းကုန်းထဲရောက်နေသလိုလို ။ ဒါနဲ့လမ်းဘေးဝဲယာမှာ တဲတွေ ကျိုးတိုးကျဲတဲ ထဲက လူတွေ က ကျွန်တော်တို့ကို ရီဝေနေသော မျက်လုံးများ နှင့် လှမ်းငေးသည် ။ သူတို့ မျက်လုံးတွေကို ကြည့်လိုက်လျှင် စိတ်မသက်မသာစရာကောင်းသည် ။ ခြောက်ချားစရာကောင်းသည် ။
ကျွန်တော်တို့ကို မီးရောင်တထိန်ထိန်နှင့် ပွဲဈေးထဲသို့ ဦးဆောင်ခေါ်လာသော လူသုံးယောက်ကား မျက်နှာထားတွေ တည်နေပြီး စကားပြောသံလုံးဝမကြားရ ။ ကျွန်တော်ကမေးသည် ဆိုင်းပွဲကို မသွားဘူး အလှူရှင်အိမ်ကို အရင်သွားရအောင်ဆိုတော့ အင်းဟု တစ်လုံးသာပြောသည် ။
ထူးခြားချက်တခုကို သွားတွေ့သည် မီးရောင်တွေ ထိန်နေတာကိုသာ မြင်ရသည် ထိုမီးရောင်တွေက ဟိုဟိုဒီဒီမပျံ့လွင့်သလို ခံစားရသည် ။ ကျွန်တော်တို့ လမ်းကို မှုန်ဝါးဝါးမြင်နေရသည် ။ နာရီဝက်လောက် လမ်းလျှောက်ပြီးသော ရှေးဟောင်း အိမ်ကြီးတစ်လုံးရှေ့ရောက်လာသည် ။
ပြောတော့ ရွာသစ်တည်ထားပေးသည်လို့ ပြောသည် ယခုရောက်နေတာက ရွာဟောင်းကြီး ရှေးဟောင်း အဆောက်အဦး ဒီဇိုင်းတွေ ရှေးမွန်ကရင် အိမ်ကြီးတွေလိုဖြစ်သည် ။ ဒီမှာကျတော့ စောစောက အပုပ်နံ့ မရတော့ဘဲ ထူးထူးခြား အမွေးနံ့ရနေပြန်သည် ။ ဘာနံ့မှန်းကို ခံစားလို့မရ မရင်းနှီးသည့်အနံ့တမျိုးဖြစ်သည် ။
ဒီလိုနဲ့ အိမ်ကြီးထဲက ယောက်ျားကြီး ၂၀ ခန့် မိန်းမများ ၁၀ ယောက်ခန့်ဝိုင်းထိုင်နေသည် မောင်ရင်လောင်း တစ်ယောက်ကိုလည်း အိနြေ်္ဒကြီးတစ်ခွဲသားနှင့် ရှိနေတာ တွေ့ရသည် ။ ၀တ်စားထားတာတွေက ရှေးခေတ်အ၀တ် အစားတွေဖြစ်သည် ။ ကျွန်တော်က ဘာမှသိပ်မတွေး ဒီဘက်ရွာတွေ ဓလေ့ဟုသာထင်သည် ။
ကျွန်တော်တို့ကိုမြင်တော့ ရောင်ထုံးကြီးနှင့်အကြီးအကဲဖြစ်ဟန်ရှိသူက ဖော်ဖော်ရွေရွေဧည့်ဝတ်ပြု သည် ။
ကိုနေမျိုးဝေက စတင်မိတ်ဆက်ပေးသည် ။ အဖိုးကြီးက ပါတီတွေဆိုတာပါလာတော့ သူက ဘာမှမသိ ““ပါတီဆိုတာ ဘာကိုခေါ်တာလည်း”” ဟုမေးသည် ။ မိန်းမတွေက တအံ့တသြဖြစ်နေပုံရသည် ။ ကျွန်တော်တို့ကို ဂြိုလ်သားတွေလို အထူးအဆန်းစူးစမ်းကြသည် ။
တင်မောင်အေးထံမှ အောင်မလေး ဟူသော အလန့်တကြားအော်သံကြား၍လှည့်ကြည့်တော့ သူ့နားက နန်းဝတ်နန်းစားနှင့်အမျိုးသမီးကြီးတစ်ယောက်က တင်မောင်အေး လက်ကိုဖမ်းကိုင်ကာ စူးစူးစမ်းစမ်းကြည့်နေသည် တင်မောင်အေးက အလန့်တကြားရုန်းနေတာတွေ့ရသည် ။ ခဏနေတော့ တင်မောင်အေးက ပြူးကြောင်ကြောင် ဖြစ်နေပြီး အမျိုးသမီးကြီးက လက်ကိုလွှတ်လိုက်တာ တွေ့ရသည် ။
နေမျိုးဝေက လှည့်ကြီးပြီး ခပ်အေးအေးပင် ။ အဖိုးကြီးနဲ့လေပေးဖြောင့်နေတုံးရှိသည် ။ ကျွန်တော် နိုင်ငံရေးကို မေ့သွားပြီ ဒီထက်စိတ်ဝင်စားစရာ အခြေအနေပေါ်လာလို့ဖြစ်သည် ။ ကိုညိုကို အမျိုးသမီးခပ် လတ်လတ်တစ်ယောက်နှင့် မိချောင်းမျက်နှာနှင့်လူက တစ်ဖက်တစ်ယောက် လှမ်းဆွဲပြီး အိမ်အပြင်ဘက်ကို ခေါ်သွားဖို့ပြင်နေတာတွေ့ရသည် ကိုညို့မျက်နှာက ဖြူဖတ်ဖြူရော် နှင့် ကျွန်တော့်ကို အကူအညီတောင်းသည့်ပုံစံနှင့် ကြည့်နေတာတွေ့ရသည် ။
ကျွန်တော်က ““ ကိုညို ဘယ်သွားမလို့လည်း ခနနေဦးလေ ဒီမှာ ကိစ်္စလေးတွေ ရှိသေးတယ်”” ဟု လှမ်းပြောလိုက်တော့ နေမျိုးဝေက အခြေအနေကို မြင်သွားသည် ။
““ကိုင်းကျွန်တော်တို့ အခုလိုရောက်တုံး လာရင်းကိစ်္စနဲနဲပြောမယ် ကိုညိုဒီကိုလာဗျာ ”” ဟု ခေါ်လိုက် သည် ။ ဘေးက နှစ်ယောက် မရှိတော့ ဘယ်ရောက်သွားသည် မသိ ။
ကျွန်တော် ၊ တင်မောင်အေး ၊ ကိုညို ၊ ကိုသန်းဝင်း ၊ နေမျိုးဝေ ......... အိမ်ရဲ့ အပြင်ဘက်ဝင်ပေါက်ကိုမျက်နှာ မူ၍ကပ်ထိုင်လိုက်ကြသည် ။ ကိုသန်းဝင်းကား မျက်နှာအတော်ပျက်နေလေပြီ ။
အိမ်တွင်းမှာ ရှိနေသော စောစောကယောက်ကျားကြီး မိန်းမကြီး စုစုပေါင်း ၃၀ လောက် အလျှိုအလျှို ပျောက်သွားသည် ။ အဖိုးကြီး အတွင်းခန်းထဲဝင်သွားသည်လို့ ထင်၍ ကြည့်သည် မတွေ့ ။ မီးရောင်တွေ ဆိုင်းသံတွေ ဝေး၍ဝေး၍သွားသလို ထင်ရသည် ။ အိမ်တွင်းမှာ လင်းနေသလိုလိုရှိသော်လည်း ဘာမီးမှထွန်းထားတာ မတွေ့ရ ။ ကြယ်ရောင်လိုလို လရောင်လိုလို ဖြစ်သည် တစ်ယောက်နှင့်တယောက် ရှင်းရှင်းလင်းလင်း တွေ့ရ သည် ။ အပြင်မှာကလည်း အတော်မှောင်မဲနေသောကြောင့် အံ့သြရသည် ။
သက်ရှိဟူ၍ ကျွန်တော်တို့ ငါးယောက်သာ ရှိနေတော့သည် ။ ပြဿနာစလေပြီ ။ တင်မောင်အေးမျက်နှာ ဆီးရွက်လောက်သာ ရှိတော့သည် ။
နေမျိုးဝေက ““ ကိုသန်းဝင်း ဘယ်လိုလဲဗျ ””ဟု မေးဆတ်ပြသည် ။ ““ ဟေ့လူ မဟန်ဘူး ကျုပ်တို့ခံရပီ ”” ကိုညိုက ..... ““နာနာဘာဝတွေထင်တယ်ဗျ ””““တင်မောင်အေးဘာလို့လန့်အော်တာလဲ””လို့ ကျွန်တော်ကမေးတော့ ။ ““လက် ... လက် ... လက်ကြီးကအေးစက်စက်ကြီးမို့ အော်မိတာဟ””ဟု ထစ်ထစ် အ အ ဖြေသည် ။ နေမျိုးဝေက -
““ဟေ့လူတွေ မကြောက်ပါနဲ့ဗျာ ဖိနပ်တွေ ကြည့်ဗျ အရေးကြီးတယ် ””ဟု ဆိုပြီး မဆီမဆိုင် တောစီးဖိနပ်တွေ ဓါတ်မီးနဲ့ လှမ်းထိုးသည် ။ ရှိသည် ။ ဒါနဲ့ ဖိနပ်တွေဆီထသွားပြီး ဖိနပ်ခွါဖက်က ကိုင်ပြီး အပေါက်ကို အောက်ဖက်ထားပြီး စောင့်လိုက် ကျနော်တို့ကို ပစ်ပေးလိုက်လုပ်နေသည် ။ ကျနော်က ““ဟေ့လူဘာ လုပ်နေတာတုံး””မေးတော့ ““အကောင်ဘလောင်ကြည့်တာဟ နင့် ဘိုးအေတွေက ပိုဆိုးတယ်””ဟု ဆိုသည် ။
ကျနော်တို့ အိပ်ပေါ်မှာတင် ဖိနပ်တွေ စီးလိုက်ကြသည် ။ ဖိနပ်ကို ထ၍ အလျှို တင်မောင်အေး ဒလိန့်ခေါက်ကွေး ပြိုလဲတာတွေ့သည် ။ဘယ်ကမှန်းမသိသော ရီသံတွေ စီကနဲထွက်လာသည် ။
နေရင်းထိုင်ရင် အိမ်ပေါ်မှာ ဘာဖြစ်တာတုံးဟ ဟု ပြောလည်းပြော အောက်ကို ဓါတ်မီးနဲ့အထိုး ခေါင်းထဲကဖျင်းကနဲ့ လန့်သွားသည် ။ တင်မောင်အေး တောစီးလည်ရှည်ကို လက်တဖက်ကကိုင်လျှက် အုတ်ပုံအဆွေးအပျက်ကြားထဲညပ်နေတာတွေ့ရသည် ။ မျက်နှာက ထိတ်လန့်ရှုံ့တွနေသည် ။ အိမ်ကြီးဆိုတာ မဟုတ် တော့ ခြုံကြီးတွေကြားမှာ ရောက်နေတာ တွေ့ရသည် ။
နေမျိုးဝေ အယုတ်တ အနတ်တတွေ အော်ပြီး အသကုန် ကြိမ်းမောင်း ဆဲဆို တော့သည် ။ ကိုသန်းဝင်းက နေမျိုးဝေကို တောင်းပန်သည် ။ ဓါတ်မီးနှင့် ဟိုဟိုဒီဒီထိုးကြည့်သည် ခြုံနွယ်တွေ ရေညှိတက်နေသော အုတ်ပုံတွေကြားထဲ အားလုံးရောက်နေတာတွေ့ရသည် ။ သချိုင်းကုန်းလား ဘုရားပျက်လား ဝေခွဲမရ လူအားလုံး တယောက်နဲ့တယောက် မမြင်ရတော့ ။ ဓါတ်မီး သုံးလက်ပါလာရာ နေမျိုးဝေ က ဓါတ်မီးတစ်လက်ကို မီးအိမ်ခွက် ဖြုတ်ပြစ်လိုက်ပြီး မီးတိုင်လိုလုပ်ထွန်းလိုက်သည် ပေ၂၀ /၃၀ ပတ်လည်လောက်တော့ အလင်းရောင်ပြန့်သွား သည် ။ တစ်ယောက်နဲ့တယောက်ပြန်မြင်ရသည် ။ ““သရဲဆိုတာ ဆိုဒီယံမီးကြောက် တယ်ကွ””ဟုနောက်နေ သေးသည် ။
““ဟေ့လူကိုသန်းဝင်း လမ်းရှာပြီးပြန်ကြမယ် ””ဟု အော်ပြောသည် ။ ကျွန်တော်တို့ဝင်လာသော တာလမ်းကလေးကို မီးနဲ့ပတ်ထိုး၍ရှာသည် မတွေ့ လမ်းဘယ်မှာဟုမသိရ ခြုံတောတွေသာ မြင်ရသည် ။ ကိုသန်းဝင်းက ဒီမှာတော့ စွတ်ကြောင်းတခု တွေ့တယ်ကွဟု လှမ်းခေါ်သည် ကျွန်တော် ကိုညို တင်မောင်အေး လက်ချင်းတွဲလျှက် ကိုညိုက ဓါတ်မီးတိုင်ကို ကိုင်လာသည် ။ နေမျိုးဝေ နှင့် ကိုသန်းဝင်း ဓါတ်မီးတစ်ယောက် တစ်လက်နှင့် လမ်းရှာသည် ။
စောစောကစွတ်ကြောင်းကလေးသာ အရာရှိသည် တောစီးဖိနပ်တွေအားကိုးနှင့်မိုက်ရတော့မည် ။ ထိုစဉ် . ... ခပ်လှမ်းလှမ်းက ခွေးတကောင် ဆွဲဆွဲငင်ငင်အူသံကြားရသည် ။ အပုပ်နံ့လိုတွေ ပြန်ရလာသည် ။
““မကြောက်နဲ့ ......... x ..... x .......... x ........ ”” နေမျိုးဝေထံက ဆဲဆိုသံတွေ ထပ်ထွက်လာသည် ။
ကလေးငိုသံတွေလိုလို ကြားရပြန်သည် ။ ကိုသန်းဝင်းထိုးလိုက်တဲ့ ဓါတ်မီးရောင်ထဲမှာ နန်းဝတ်နန်းစားနဲ့ထွက်ပြေး သွားတဲ့မိန်းမတစ်ယောက်ကို တွေ့သည် ။
““ကိုညိုမီးချစ်ပါလား””ဟု မေးသည် ။ ““ပါတယ်ဗျ ”” နေမျိုးဝေ လွယ်ထားတဲ့ အိတ်ထဲက စာစောင်တွေ
လုံးထွေး မီးရှို့ပြီးဟိုတစ်ခုဒီတစ်ခု လှမ်းပစ်သည် ။ ကိုညိုကတားသည် ““ဟေ့လူ တောမီးလောင်မယ် ”” ဘာညာလုပ်သည် ။ ကျွန်တော်က ““ဟာ မိုးတွင်းကြီး ဘာမှမဖြစ်ပါဘူး””လို့ ၀င်ပြောသည် ။
မီးရောင်တွေ ရှိတော့ အကြောက်နဲနဲပြေလာသလိုရှိသည် ။ တင်မောင်အေးက
““ဟေ့ကောင်လမ်းရှာကွ ”” ဟု လှမ်းကောသည် ။ ““နင့်ဂျီးဒေါ်ကြီး လျှောက်ရဲရင် ဒီစွတ်ကြောင်းအတိုင်း လိုက်ယုံဘဲ”” လို့ပြောသည် ။ ကိုညိုက ““လျှောက်ကြမယ်ဗျာ ဘယ်မှာဖြစ်ဖြစ် သိပ်မထူးပါဘူး”” ဆိုတော့ ...... ဒီလိုနဲ့ ကျွန်တော်တို့ ........... ကိုသန်းဝင်း အရှေ့ နေမျိုးဝေ အနောက်ဆုံးက လိုက်၍ အလယ်က ကျွန်တော်တို့ လျှောက်လေသည်။ ၁၅ မိနစ် လောက် လျှောက်မိကြလျှင် ““ဟား”” ဟု အရှေ့ဆုံးက ကိုသန်းဝင်း အော်သံကြားလေသည် ။ ““ဘာတုံးဟေ့”” ““ဟား ဟိုမှာလေ ........”” ယောကျာ်း မိန်းမ ကလေး အလောင်းများ ပုပ်ပွနေတာ မြင်မကောင်းရှုမကောင်းဖြစ်သည် သုံးလေး ဆယ် လောက်ရှိမည် ။ အနံ့အသက်ကလည်း အော်ဂလီဆန်နေသည် ။
တင်မောင်အေးလှည့်ပြေးဖို့လုပ်သည် ကျွန်တော်နဲ့နေမျိုးဝေက လှမ်းဆွဲထားသည် ။ ကိုညိုက မိုးလင်းသည့်တိုင် ကုန်းကောင်းကောင်းမှာ ထိုင်နေကြဖို့ပြောသည် ။ ကိုသန်းဝင်း နေမျိုးဝေ ကျွန်တော် ဆက်လျှောက်မည်ပေါ့ ။ တင်မောင်အေးကဘာမျှမပြော ဒီလို နှင့် သုံးမဲ ၁ မဲ ကြားနေမဲ တစ်မဲ လူသေတော ကို ဖြတ်လျှောက်ရန် ဆုံးဖြတ်သည် ။
အားလုံး နှာခေါင်းပိတ်၍ ဇွတ်ပေလျှောက်သည် ။ မကြာလှ ကျော်သွားသည် ။နောက်ပြန်လှည့်ကြည့် သည် ။ အတုအယောင် ဘာမျှမတွေ့ ။ စောန အလောင်းတွေ ပုပ်ပွနေတာတွေ မရှိတော့ ။
အခုမှ စဉ်းစားမိသည် လူတွေ အများကြီး ဒီမှာလာသေစရာမရှိ ။ နာဂစ်ကလည်း သုံး နှစ်ပင်ကျော်ပြီ ဟု ...............
ဒီလိုနှင့် ကျွန်တော်တို့ ဗြိုက်တောတွေထဲဖြတ်လာရာမှာ ........ ““ ဖြုန်း ...... ဖရူး ...... ဖရူး ... ””
ဟူသော အသံ နှင့်အတူ မဲမဲတကောင် ဖြတ်ပြေးသွားတာ တွေ့လိုက်သည် ခဏအကြာ ““ အိ အိ ”” ဟုအော်သံကြားရသည် ။ ကိုသန်းဝင်းက တောဝက်ထင်တယ်ဟု ရေရွတ်သည် ။
နေမျိုးဝေက ““ခွေးပါရင် အပိုင်ဘဲ ”” ဟု ပြောသည် ။
နာရီကို မီး ထိုးကြည့်သည် ည ၁ နာရီကျော်ပြီ အချိန်ကုန်လို့ကုန်မှန်းမသိ လူတွေ နုံးလာသည် ။ ရှေ့နားမှာ ကုန်းပြောင်ပြောင်နဲ့ ဇရပ်လို တစ်ခု တွေ့သည် ။ အမိုးအကာတော့မရှိ အောက်က တမံသလင်းခင်း ထားသည် ။
မထူးတော့ ခဏ နားမှဖြစ်မည် ။ ဇရပ်လိုထဲတွင် ခဏ၀င်ထိုင်ကြသည် ။ ဂျာနယ်တွေ ဖြန့်ခင်း၍ထိုင် သည် ။ ရွာသားတွေပြဖို့ ဂျာနယ်တွေ အထပ်လိုက်ဆောင်လာတဲ့နေမျိုးဝေကို ကျေးဇူးတင်သည် ။ စာပေကျေးဇူးကြီးလှသည် ။ တချို့ ဂျာနယ်တွေကို လုံးလိပ်၍ မီးရှို့ကာ ဟိုဒေါင့်ဒီဒေါင့် မကြာမကြာလှမ်း ပစ်သည် ။ ပါးစပ်ကလည်းပြောသေးသည် ““သရဲက ဆိုဒီယံမီးသာမကဘူး ရှို့မီးလည်း ကြောက်တယ်ကွ ””
မိုးမရွာလို့ တော်သေးသည် ။ မိုးရွာလျှင်အအေးပတ်၍ သေနိုင်သည် ။
ဇရပ်ထဲတွင် သစ်လုံးအတိုအစတွေ ရှိသည် ရေစိုနေ၍ မီးရှို့၍မလောင် ။ ဒီလို နှင့်ငုတ်တုတ် ငိုက်ကြ သည် ။ ............
................ ဂစ် ....... ဂစ် ............... ဂစ် .....................
ဟုသော အသံကြီး ကောင်းကင်က ထွက်လာသည် ။ ကျွန်တော်တို့ ထိတ်လန့်နေသည် ။ ““ငှက်ဆိုးထိုး””တယ်ဟု ကိုညိုကပြောသည် ။ နေမျိုးဝေက ““ ငှက်ကောင်းဗျ အဲဒါလင်ကောင်ပိုးလို့ခေါ်တယ် ကျွန်တော်တို့ ဘက်မှာ ဒီကောင်က လူကို အကျိုးပြုတယ် ......... ကြွက်ဖမ်းစာတယ်လေ ... နာဂစ်မှာ မုန်တိုင်း စက်ကွင်းက ရှောင်လို့မရအောင်ကျယ်တော့ ဒီကောင်တွေ မျိုးပြုတ်သွားတယ် ကြွက်တွေပေါတာ ဒါ့ကြောင်လဲ တစ်ခုပါတာပေါ့ဗျာ အခု ဒီကောင့်အသံကြားရတာ ကျွန်တော် စိတ်ချမ်းသာသွားတယ် ”” ဟု ဆိုလေသည် ။
ကျွန်တော်က ... ““ဟင် ခင်ဗျားကလည်း ကျွန်တော်တို့ ကြောက်မှာစိုးလို့ ဖြီးပြန်ပြီ ”” ဆိုတော့ ...
ကိုသန်းဝင်းက ““ ဟုတ်တယ်ဗျ နေမျိုးဝေပြောတာ အမှန်ဘဲ ”” ဟု ရှေ့နေလိုက်သည် ။
ဒီလို နှင့် ကျွန်တော်တို့ နိုင်ငံရေးစကားဘက်ရောက်သွားပြန်သည် ။ ““တင်မောင်အေးရေ ခင်ဗျားတရားဟောမှာကို သဘောကျလို့ ဦးရှင်ကြီး နှမတော်တွေ လာဆွဲတာလားမသိဘူးနော် ””ဟုကျနော်က နောက်သည် ။
ကျနော်က ““ရောင်ထုံးကြီး နှင့် အဖိုးကြီးက သိုက်ချုပ်ဘိုးဘိုးကြီးလို ရာထူးဖြစ်မယ်ဗျ”” ဆိုတော့ ကိုညိုက ““နတ်စိမ်း စီအီးစီ ထဲက တစ်ယောက်ယောက်နေမှာပေါ့ ””ဆိုတော့ ရယ်ရသေးသည် ။
““နတ်စိမ်းတွေ ပါတီဆိုတာကို မကြားဘူးကြဘူး အတော်ခေတ်မမှီဘူးဗျ”” လို့ နေမျိုးဝေက နတ်ဝေဘန် ရေးစသည် ။ ““အခေါ်အဝေါ်ကွာလို့နေမယ်ကွ နတ်သဘင်ညီလာခံတို့ဘာတို့ ဆိုတာရှိတယ်မလား သူတို့လည်း တို့လိုဘဲ ရှိမယ်ကွ ””လို့တင်မောင်အေးက အကြောက်ပြေစကားဝင်စလာသည် ။
““ခင်ဗျားတို့ တကယ့်လူတွေဗျာ တတ်လည်းတတ်နိုင်တယ် ခုနကတော့ သေပြီမှတ်နေတာ လန့်ဖြန့်နေကြတာ နည်းနည်းလေး အသက်ရှုချောင်တာနဲ့ ဇာတိကပြလာပြီ ””လို့ကိုသန်းဝင်းက ထောက် သည် ။
““ငါတို့ ပါတီရဲ့ အကြောင်း ပြောပြတော့ အဘိုးကြီးက ခေါင်းတညိမ့်ညိမ့်နဲ့ကွ ... ငါက ဥပဒေပြုတယ်ဆိုတာ ဘာညာနဲ့ ပြောနေတော့ အဘိုးကြီးက ငါတို့ ဆီမှာတော့ အစောဆုံးရောက်တဲ့သူက ဥပဒေပြုတာဘဲ ဆိုတာကို ငါကသဘောမပေါက်ဘူး ။ ””
““ဟို မောင်ရှင်လောင်း ကိုရင်လေးဆိုတာ ဦးရှင်ကြီးများလားကွာ ”” လို့တင်မောင်အေးက စပ်စု သည် ။ ““ နင့်ဂျီးဒေါ်ကြီး ငါက နတ် လ၀က မှမဟုတ်တာ သိမလားဟ ငါသိတာတော့ ကောင်လေး နတ်မဲပေးလို့ မရဘူး ၁၈ နှစ်မပြည့်လို့ ”” ဟုနေမျိုးဝေက လုပ်သည် ။
ဂျာနယ်တွေ လုံးထွေးမီးရှို့ပြီးဟိုဒီပစ်ပြန်သည် ။ ကိုညိုက သူ့အင်တာဗျူးပါသော ဂျာနယ်လေးတွေ မီးထဲပါသွားမှာဆိုးသောကြောင့် ဓါတ်မီးရောင်နှင့် ဖြဲရှာသည် ။ နေမျိုးဝေက အသုံးချ ပညာရေးကျွမ်းကျင်သည် ဂျာနယ်တွေ ဒီအချိန်မှာထုတ်ပြီး မီးရှို့ရကောင်းမှန်းသိသည် ။ အလင်းရောင်က အကြောက်ပြေစေသည်ကတော့ အမှန် ။ အိတ်ထဲက ဂျာနယ် တစ်ထပ်ကြီး အတော်ပါးသွားပြီ ရောင်နီက မတက်သေး ( ကနေဒါမှာ သေနေလို့ဖြစ်မည် )။
ဒီလိုနှင့် ခြောက်ခြားစရာ ညဥ့်ကို ထက်ဝက်ကျော်ခဲ့ပြီ ။ ကျွန်တော် ငုတ်တုတ် ငိုက်၍ မှေးကနဲ ပျော်သွားသည် ။ ၀ူးဝူး ၀ါးဝါးတွေ ကြားရသည် ကိုညိုက အတင်းလှုပ်နှိုးသည် ။ မဲမဲ မဲမဲ နှင့် လူရိပ်တွေလို ကျွန်တော်တို့ နားနေတဲ့ကုန်းပတ်လည်မှာတွေ့ရသည် ယိမ်းထိုးလှုပ်ရှားနေ၍ ကုန်းကုန်းကွကွသဏ္ဍန်တွေ ဖြစ် သည် ။ နေမျိုးဝေ မီးရှို့ထားသော စာစောင် အလုံးတွေ နှင့် လှမ်းလှမ်းပြစ်နေသည် ကုန်းကုန်းကွကွ အရိပ်မဲတွေ နေရာကိုတော့မရောက် မီးရောင် အစပ်လောက်က ဟန်ရေးပြနေကြတာဖြစ်သည် ကျွန်တော်တို့တစ်ပတ်လည်တွင် အရေအတွက် သုံးလေးဆယ်လောက်ရှိသည် ကိုသန်းဝင်း ဘုရားစာတွေ ကပေါက်တိကပေါက်ချာထရွတ် နေသံကြားရသည် နေမျိုးဝေကတော့ စိန်ခေါ် ဆဲဆိုနေသည် သူလဲ အရှေ့တော့ထွက်မလိုက် ။
ကျွန်တော်က ““ခင်ဗျား မီးလုံးနဲ့ လိုက်ပစ်ကြည့်ပါလား””ဟု ပြောသည် ။ ကိုညိုနဲ့တင်မောင်အေးက တား သည် ။ နေမျိုးဝေ တောစီးဘိနပ်ကို ပြင်စီးသည် ။ပုဆိုးတိုတိုဝတ်သည် ။ ဂျာနယ်လက်ကျန်တွေ ၁၀ လုံးလောက် လုံးလိပ်ပြီး စုကိုင်သည် တစ်ခုကို မီးတို့၍ ကုန်းအောက်ကို ဆင်းပြီး မဲမဲတွေနောက်ဆဲဆိုလိုက် သည် ။ အနားရောက်တော့ မီးလုံးနှင့် ပြစ်သည် ။ ကျွန်တော်တို့ ကြည့်နေရာ မဲမဲသဏ္ဍန်တွေ မမြင်ရတော့ နေမျိုးဝေ ပြစ်ကောင်းဆဲ လက်ထဲက စာရွက်လုံးတွေ ကုန်တော့ ပြန်လှည့်လာသည် ။
အနီးကပ်အူလိုက်သော ခွေးအူသံတွေ ခြောက်ချား စရာ ကြားရသည် ။ အုပ်စုလိုက်အူညည်း နေသလိုဖြစ်သည် ။ ထိုအခိုက် ရောင်နီတက်လာသည်လို့ထင်သည် အရှေ့ဘက်က အနီရောင်အလင်းရလာ သည် ။ ၀မ်းသာမှု ခဏသာခံသည် ရောင်နီမဟုတ် မီးလုံးကြီးတစ်လုံးကောင်းကင်က တရွေ့ရွေ့ ချဉ်းကပ်လာတာဖြစ်သည် ။ ကျွန်တော်တို့ ကုန်း အပေါ်က ကျော်၍ မီးများတဖွားဖွားကျကာ ရွေ့သွားသည် ။
ကျွန်တော်က ..““ ဟေ့လူ ခင်ဗျားကို သရဲတွေက တန်ပြန်တော်လှန်ရေး လုပ်တာဖြစ်မယ်ဗျ ”” ဟုစတော့
နေမျိုးဝေ မချိသွားဖြဲရယ်သည် ။
သရဲတွေက မီးကို မီးနဲ့ တိုက်သည်လား မဝေခွဲတတ် ။ မကြာလှ တရွှီးရွှီးနဲ့ အသံတွေကြားရသည် ။ ဘယ်ဘက်ကမှန်းမခန့်မှန်းတတ် ။ မြွေသံတွေဟုထင်၍ ခေါင်းနပန်းကြီးသွားသည် ။ ဓါတ်မီး တွေ နဲ့ ပတ်လည်ကို ထိုးကြည့်သည် ။ ဘာမှမတွေ့ရ ။ အသံကရပ်မသွား ဒီကြားထဲ ခေါင်းဖြုတ်၍ မီးတိုင်လုပ်ထွန်းထားသော ဓါတ်မီးတစ်လက် မီးသီးကျွမ်းသွားသည် ။ ပတ်ဝင်းကျင်တခုလုံး မှောင်မဲသွားသည် ။ စာရွက်တွေလည်း မီးရှို့စရာ မကျန်တော့ ။ အမှောင်ထုက စိတ်ကို ပိုခြောက်ချားလာစေသည် ။ လက်မှ နာရီကို မီးထိုးကြည့်သည် ။ ၄း၃၀ တော်သေးသည် အလင်းရောင် တက်လာတော့မည် ။
ဒီလို နှင့် ခြောက်ချားစရာ ညက ကုန်လွန်သွားသည် ။ ရောင်နီတက်လာပြီ ( အွန်လိုင်းပေါ် ) ။ အလင်းရောင်ရလေပြီ ။ ကျွန်တော်တို့လည်း ခြေကုန်လက်ပန်းကျနေပြီ ။ ပတ်ဝန်းကျင်မှအသံပလံများလည်း ပြောင်းသွားပြီ။ ငှက်လေးများ အသံ ပကျီပကျာ ကြားရသည် စိတ်ကြည်နှုးစရာကောင်းသည် ။ လုံခြုံသည်ဟု ခံစားလာရသည် မှေးကနဲ အိပ်ပျော်သွားသည် ။ ကျွန်တော်သာမဟုတ် ။ အားလုံး ။
““ ဟေ့လူတွေ ........... ဟာ .................... ဒီမှာ လာငိုက်နေတယ် ဘာလို့ ညက ပြန်မလာ တာလဲ ””ဟူသော ကိုသန်းနိုင်ဦး အသံကြားမှ လန့်နိုးကုန်တော့သည် ။ ““ကျွန်တော်တို့ညက စိတ်ပူနေတာ မနက်လင်းမှ ထရှာတော့ ခင်ဗျားတို့ ဒီနားတင် အိပ်နေကြတာကိုးဗျ ”” ဟူသော စကားကြားရတော့ ကျွန်တော်တို့ ကြောင်ကုန်သည် ။
““ဘာလဲဟ ဒီနားတင်ဆိုတာ ”” နေမျိုးဝေက မေးတော့ ““ ဟိုမှာလေ စက်လှေကပ်ထားတာ ””
ဟုတ်သည် ကျွန်တော်တို့ ဓနိတန်းလေးကျော်လိုက်သည်နှင့် ညကဆိုက်ကပ်ထားသော စက်လှေကို လှမ်းတွေ့ရ သည် တခေါ်လောက်ပင်မရှိ ။
ဖြစ်မှဖြစ်ရလေ ကျွန်တော်တို့ တညလုံး ဆင်းရဲဒုက်္ခခံ၍ ခြောက်ချားစဖွယ်ကုန်ဆုံးခဲ့သော ည ။ အမှန်က နီးနီးလေးဖြစ်သည် ။
ဒါဘဲဖြစ်သည် ။ ကျွန်တော် .......... နာနာဘာဝကို မယုံ ................ နေမျိုးဝေ .......... ပိုဆိုး ........
ယခု ကျွန်တော်တို့ ဘာကို ပြန်လည် ဆုံးဖြတ်ရမည်နည်း ။
.....................................................................
......................................................................
အောင်မျိုးဦး
(၀၁၅၀၀၆၁၀)
တွဲဘက်အထွေထွေအတွင်းရေးမှူး
မတူကွဲပြားခြင်းနှင့်ငြိမ်းချမ်းရေးပါတီ

No comments: