Sunday, May 11, 2014

လူငယ်တွေကို ဘယ်နားထားမှာလဲ

ကျွန်တော့်ဘ၀မှာ ကံကောင်းတယ်လို့ ပြောလို့ရတဲ့ အချက်က လူငယ်တွေနဲ့ ရင်းရင်းနှီးနှီး စကားပြောခွင့် ရခြင်းပါပဲ။ ကျွန်တော့်ပင်ကိုယ်ဗီဇကိုက ဆရာလုပ်တတ်၊ ဆိုင်ဆိုင် မဆိုင်ဆိုင် မနေနိုင် မထိုင်နိုင် ပြောတတ်ဆိုတတ်တာကြောင့် ကျွန်တော်ဟာ တစ်ခါတလေမှာတော့ လူငယ်တွေရဲ့ အထင်ကြီး လေးစားသမှုကို ခံရတတ်ပြီး၊ တစ်ခါတစ်ခါမှာတော့ ဆရာကြီးလုပ်လွန်းတယ်လို့ အထင်ရောက် ခံရတတ်ပြန်ပါတယ်။

အခုတလော လူငယ်တွေနဲ့ အလုပ်တွေအတူ လုပ်နေရပြန်တယ်။ တချို့က စွာတယ်၊ တချို့က ပုံမှန်ပဲ၊ တချို့ကျတော့ ပုံမှန်အောက် ရောက်နေတယ်။ ဒါကလည်း အကြောင်းအမျိုးမျိုး ရှိပြန်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော့်ကိုယ်ပိုင် အတွေ့အကြုံအရတော့ အချိန်တွေဟာ ပုံမှန်ကုန်လွန်နေတာဖြစ်ပြီး၊ ကိုယ်က တိုးတက်အောင် မလုပ်နိုင်ဘူးဆိုရင် နှမျောစရာ ကောင်းလှပါတယ်။ ဒါ့ကြောင့် ကြုံတိုင်း လူငယ်တွေကို ကျွန်တော် မြှောက်ပေးပါတယ်၊ သူတို့ လုပ်ချင်တာကို ရဲရဲဝံ့ဝံ့ လုပ်ချလိုက်ဖို့ပါ။ ခက်တာက သူတို့မှာလည်း ဘယ်ဟာကို ဘယ်လို စ လုပ်ရမှန်း မသိဖြစ်နေကြတာပါ။

ကျွန်တော်က လူငယ်တွေကို ကြည့်ရင် ကျွန်တော်နဲ့ ပြန်ပြန်ယှဉ်မိတယ်။ တစ်နေ့က လုပ်ငန်းတစ်ခုကို တာဝန်ခံ ဆောင်ရွက်နေသူကို အသက် မေးကြည့်တော့ အသက်က ၂၃ နှစ်တဲ့။ ကျွန်တော်က အသက် ၂၃ နှစ်မှာမှ အလုပ် စလုပ်တာ ဖြစ်ပါတယ်။ သူကတော့ လုပ်ငန်းတစ်ခုရဲ့ တာဝန်ခံ ဖြစ်နေပြီ၊ နိုင်ငံရပ်ခြားတွေ ဘာတွေလည်း သွားလာခဲ့ပြီးပြီ။ ဒါဆိုရင် တော်တဲ့လူငယ်လို့ ယေဘုယျ ကျွန်တော် ကောက်ချက်ချပါတယ်။

နောက်တစ်ယောက်ကို မေးတော့ အသက်က ၂၅ နှစ်ပါ။ နိုင်ငံရပ်ခြားမှာ ကျောင်းတက်၊ အလုပ် လုပ်ခဲ့လို့ ပြန်လာခဲ့ပြီးနောက် ရန်ကုန်မှာ လုပ်ငန်းတစ်ခုရဲ့ စီမံခန့်ခွဲရေးဆိုင်ရာ တာဝန်ခံလုပ်နေပါတယ်။ သွက်သွက်လက်လက် တက်တက်ကြွကြွနဲ့ အင်္ဂလိပ်ဘာသာစကားကိုလည်း ကျွမ်းကျင်နိုင်နင်းစွာ ပြောဆိုတတ်ပြီး အလုပ် လုပ်နေတဲ့ သူ့ကို ကြည့်ရတာ ကျွန်တော်ပါ တက်ကြွလာပါတယ်။ ကျွန်တော် ၂၅ နှစ် အရွယ်မှာ ပထမဆုံးအကြိမ် နိုင်ငံခြားကို ရောက်ဖူးတာပဲ ရှိပါသေးတယ်။ ဒီလူငယ်ကတော့ ဆရာကြီး ဖြစ်နေပါပြီ။

ဒီတော့ လူငယ်တွေထဲမှာလည်း တော်တဲ့သူတွေ ရှိသလို ပုံမှန်အဆင့်အတန်း ရှိတဲ့သူတွေ၊ ပုံမှန်အောက်ကို ရောက်နေသူတွေ ရှိပါတယ်။ ပုံမှန်လောက်ရှိသူတွေကတော့ ကိုယ့်အခြေအနေ ကိုယ်သိလို့ ကြိုးစားနေသူတွေဖြစ်ပြီး၊ ပုံမှန်အောက် ရောက်နေသူတွေအတွက်တော့ ကျွန်တော်က ကြားကနေ နေမထိ ထိုင်မသာဖြစ်ပြီး ရင်လေးနေမိပါတယ်။ တချို့က လုပ်နိုင်ကိုင်နိုင်တဲ့ အနေအထားတစ်ခုမှာ ရှိနေပါရက်နဲ့ မလုပ်ကြဘဲ နေသာသလို နေနေကြပါတယ်။ တချို့ကတော့ အသက်သာ ၃၀ ရှိနေပြီ၊ ဘ၀မှာ ဘာလုပ်ရင် ကောင်းမလဲလို့ စဉ်းစားနေတုန်းတွေလည်း တွေ့ရပြန်ပါတယ်။

လူငယ်တွေ ဘာလုပ်မှာလဲ၊ ဘာလုပ်သင့်သလဲ

သာမန်လူငယ်တွေရဲ့ ဘ၀ဟာ ပညာချွန်တယ်ဆို (တစ်နှစ်တစ်တန်း မှန်မှန်အောင်တယ်ဆို) မိဘတွေက ၁၀ တန်းလောက်အထိတော့ ရုန်းကန်ကြိုးစားပြီး ကျောင်းထားပေးပါတယ်။ တချို့လည်း ဘွဲ့ရတဲ့အထိ မိဘက တာဝန်ယူပေးပါတယ်။ တချို့ကျတော့ ငယ်ငယ်ရွယ်ရွယ်နဲ့ပဲ ကျောင်းနုတ်ခံရပြီး မိဘကို ၀ိုင်းကူခဲ့ရပါတယ်။ တချို့လည်း ၁၀ တန်းအောင်ပြီး အဝေးသင်တက္ကသိုလ်တက်ရင်း အလုပ် လုပ်ရပါတယ်။ ဘ၀မှာ စတင် ရုန်းကန်ရပါတော့တယ်။ ဒီနေရာမှာ လူငယ်တွေ အနေနဲ့ ဘာလုပ်သင့်သလဲ၊ ဘာလုပ်ရမှာလဲဆိုတာကို နည်းနည်း ပြောပြချင်ပါတယ်။

ကျွန်တော့်အသက် ၁၇ နှစ် ၀န်းကျင်လောက်က စတင်ပြီး မိခင်နဲ့ရင်းနှီးတဲ့ လူကြီးမိဘတွေက ကျွန်တော့်ကို အလုပ် လုပ်ခိုင်းပါတယ်။ ကျွန်တော်က မလုပ်ပါဘူး။ ကျွန်တော် ဘွဲ့တစ်ခု ရချင်တယ်၊ ကျွန်တော်ဟာ ဘွဲ့တစ်ခုကို ရရှိထားသူ ဆိုတာမျိုး ဖြစ်ချင်ခဲ့ပါတယ်။ တကယ်တော့ မြန်မာပြည်က ဘွဲ့တွေဟာ တန်ဖိုး မရှိပါဘူးလို့ ဝေဖန်တာကို ခံရပါတယ်။

စစ်အစိုးရရဲ့ ပညာရေးကို နှိပ်ကွပ်ထားမှုကြောင့် ကျောင်းသားလူငယ်တွေဟာ မြို့စွန်တွေမှာ ကျောင်းတက်ကြရပြီး ဘွဲ့တွေကလည်း ဘာမှတန်ကြေး မရှိပါဘူး။ ဒီလိုဆိုရင် အဲဒီလို တန်ကြေး မရှိတဲ့၊ ပေါပေါပဲပဲ ပေးနေတဲ့ ဘွဲ့ကိုပဲ ရထားသလားလို့ မေးလာမှာကို ကျွန်တော် မခံနိုင်ပါဘူး။ ဒါ့ကြောင့် ကျွန်တော် ဘွဲ့တစ်ခု ရဖို့အတွက် လူကြီး၊ မိဘ၊ ဆရာသမားတွေနဲ့ အတိုက်အခံလုပ်ပြီး ဘွဲ့တစ်ခု (လက်မှတ်တစ်ခု) ကို ဖွင့်လိုက် ပိတ်လိုက် ကျောင်းတွေကို ကျွန်တော် တက်ရင်း စောင့်ယူခဲ့ပါတယ်။

ဒီတော့ လူငယ်တွေလည်း ပိုင်းပြတ်မှုတစ်ခုတော့ ရှိသင့်ပါတယ်။ အဖျင်းဆုံး အနေနဲ့ အဆင့်အတန်း မရှိဘူးဆိုတဲ့ ဘွဲ့တစ်ခုကို ရအောင် ယူမယ်၊ အလုပ်တစ်ခုတော့ ဖြစ်အောင် လုပ်မယ်ဆိုပြီးပေါ့။ အလုပ် လုပ်တဲ့ နေရာမှာလည်း ၀ါသနာပါတာကို လုပ်ခဲ့ရင် ပိုပြီး အပင်ပန်းခံနိုင်တယ်၊ အဆင်းရဲခံနိုင်တယ်၊ အောင်မြင်ဖို့လည်း လမ်းစပေါ်တတ်ပါတယ်။

ငွေရပြီးရော လုပ်ရင်တော့ ငွေရတဲ့အခါ ကျေနပ်စရာ ကောင်းပေမယ့် လိုချင်တဲ့ ငွေလောက် မရတဲ့အခါ ဒါမှမဟုတ် ငွေအပြင် တခြားကျေနပ်စရာ တစ်ခုခုကို တောင့်တတဲ့အခါမှာ အလုပ်အပေါ် ကျေနပ်မှုလျော့လာတတ်ပါတယ်။ ဒါ့ကြောင့် လူငယ်တွေအနေနဲ့ ဘာလုပ်မှာလဲ၊ ဘာလုပ်သင့်သလဲဆိုတာကို ကျေနပ်အောင် သေသေချာချာ စဉ်းစားသင့်ပါတယ်။

အဲဒီလို စဉ်းစားတာကို တစ်ခါတလေမှာ ကိုယ်တိုင်ကိုယ်ပိုင် အရည်အချင်းနဲ့ စဉ်းစားဆုံးဖြတ်နိုင်ပေမယ့် တစ်ခါတလေမှာတော့ လူကြီး၊ မိဘ၊ ဆရာသမား၊ အပေါင်းအသင်းတွေရဲ့ အားနဲ့ပါ စဉ်းစားဆုံးဖြတ်ရပါတယ်။ စီနီယာတွေရဲ့ လမ်းညွှန်မှုကို ယူတတ်ရပါတယ်။ ဆွေးနွေးပွဲတွေ တက်တာ၊ စာပေဟောပြောပွဲတွေ နားထောင်တာ၊ စာဖတ်တာ စတဲ့ လုပ်ဆောင်မှုတွေကနေလည်း စိတ်ကူးဥာဏ်တွေ ရှင်သန်စေပြီး ဆုံးဖြတ်ချက်ကို ခိုင်မာစေပါတယ်။ လူငယ်ဆိုတာကို ကျွန်တော်က အသက် ၂၀ ကနေ ၃၀ ကြားလို့ သတ်မှတ်ပါတယ်။

လူငယ်တွေရဲ့ အား

လူငယ်တွေမှာ စွမ်းဆောင်နိုင်တဲ့ အားတွေ ရှိပါတယ်။ တကယ် ကြိုးစားရင်၊ ကြိုးစားတဲ့ လမ်းကြောင်းကလည်း မှန်နေရင်၊ တည့်မတ် လမ်းညွှန်နိုင်တဲ့ ဆရာသမားကလည်း ရှိနေရင် လိုချင်၊ ရောက်ချင်တဲ့ နေရာကို ရောက်ဖို့က ဖြစ်နိုင်ပါတယ်။ အကောင်းဆုံးကတော့ အသက် ၂၀ အရွယ်လောက်မှာ ကိုယ်တကယ် လုပ်ချင်နေတဲ့ အလုပ်ကို ရောက်နေရင်၊ လုပ်နေရရင် ကောင်းပါတယ်။ အသက် ၂၀ ကနေ ၂၅ နှစ်အထိဟာ အလုပ်လုပ်ဖို့ အကောင်းဆုံးနဲ့ အတက်ကြွဆုံး အရွယ် ဖြစ်ပါတယ်။

အသက် ၂၅ ကနေ အသက် ၃၀ ကြားမှာတော့ ကိုယ်လုပ်ချင်တာတွေကို ဖြည်းဖြည်းချင်း တီထွင် ဖန်တီး လုပ်နိုင်ဖို့ ကောင်းနေပါပြီ။ ပြီးခဲ့တဲ့ လေးငါးနှစ် အတွေ့အကြုံတွေကနေ အဲဒီထက် သာတဲ့ ကောင်းတဲ့ တခြားလူတွေ မလုပ်နိုင်လောက်တဲ့ အလုပ်တွေကို လုပ်ပြနိုင်မယ်ဆိုရင် အလွန်ကောင်းပါတယ်။ သာမန်အလုပ်၊ သူများ ခိုင်းတာလုပ်တဲ့ အလုပ်တွေကနေ သူများကို လမ်းညွှန်ပေးရတဲ့အလုပ်၊ အလုပ်တစ်ခုလုံးကို တာဝန်ယူ၊ တာဝန်ခံ လုပ်နေရတဲ့ အလုပ်နေရာမျိုးကို ရောက်နေတာမျိုး ဖြစ်သင့်ပါပြီ။

အသက် ၃၀ လောက်ကစပြီး စီမံခန့်ခွဲမှုနေရာကို တာဝန်ယူရတဲ့သူ ဖြစ်သင့်ပါပြီ။ အဲဒါမှပဲ အလုပ် လုပ်ရာမှာ တိုးတက်တဲ့ လမ်းကြောင်းမှန်ကို ရောက်နေသူလို့ ယေဘုယျကောက်ချက်ဆွဲနိုင်ပါတယ်။ ဒါပေမဲ့ အလုပ်တစ်ခုမှာ ကိုယ်ဟာ အောင်မြင်နေသူ ဒါမှမဟုတ် မအောင်မြင်သူဆိုတာ တခြားလူက ဆုံးဖြတ်တာထက် အဲဒီ ကာယကံရှင်ကိုယ်တိုင် ဆုံးဖြတ်ချက်ချတာ (ကိုယ့်ကိုယ်ကိုယ် ဆန်းစစ်တာ) က ပိုကောင်းပါတယ်။ ဒါ့ကြောင့် လူငယ်တွေဟာ အားသုံးရမယ့် အချိန်မှာ ယောင်တောင်ပေါင်တောင် မလုပ်ဘဲ သေသေချာချာ အချိန်ကိုက် အချိန်ပြည့် အလုပ်ကို ကြိုးစားသင့်ပါတယ်။ ကိုယ့်ခွင်ကို တိုးယူလို့ အစွမ်းပြ လုပ်ကိုင်သင့်ပါတယ်။

လူငယ်တွေကို ဘယ်နားထားမှာလဲ

လူငယ်တွေဟာ အလုပ်အကိုင် အခွင့်အလမ်းတွေ အများကြီးနဲ့ ဒီနေ့ခေတ်မှာ ကြုံနေကြရပါတယ်။ စိတ်ဓာတ်ကောင်းပြီး ဖန်တီးလိုစိတ် ရှိသူတွေအတွက် အလုပ် တွေက ပေါမှပေါပါပဲ။ လူငယ်တွေအတွက် နေရာကို လူငယ်တွေကပဲ ဖန်တီး ရယူရမှာ ဖြစ်ပါတယ်။ အလုပ်တွေက စိတ်ချရတဲ့လူ၊ နောက်ပြန် မကြည့်ရတဲ့ လူတွေကို လိုအပ်နေပါတယ်။

ဘာမှ မလုပ်တတ်ဘူး၊ သင်ယူလိုစိတ်လည်း မရှိဘူး၊ အပင်ပန်းလည်း မခံနိုင်ဘူးဆိုရင် လူငယ်တွေဟာ ဘာမှ ဖြစ်လာမှာ မဟုတ်ပါဘူး။ အချိန်တွေကို ဖြုန်းနေသလို ဖြစ်မှာပါ။ ဒီနေ့ခေတ်မှာ လူငယ်တချို့ဟာ အချိန်တိုအတွင်းမှာ မြန်မြန်ဆန်ဆန် အောင်မြင်ချင်တယ်၊ ချမ်းသာချင်တယ်၊ ဖြတ်လမ်းတွေကို ရှာချင် လျှောက်ချင်ကြပါတယ်။

စိတ်ထက်သန်တာက ကောင်းပါတယ်၊ ဒါပေမဲ့ အောင်မြင်သူတိုင်းဟာ အလွယ်တကူ အောင်မြင်တာ မဟုတ်ပါဘူး။ အခက်အခဲပေါင်းစုံကို အားကုန်ထုတ် ကြိုးပမ်းပြီးမှ အောင်မြင်ကြတာ၊ ချမ်းသာကြတာ ဖြစ်ပါတယ်။ တခဏချင်းမှာပဲ အောင်မြင်သွားသူတွေ၊ ကြီးပွားသွားသူတွေလည်း ရှိနိုင်ပါတယ်။ ဒါပေမဲ့ အရည်အချင်း မပါဘဲ ကံကြောင့် ကြွေတစ်လှည့် ကြက်တစ်ခုန်မျိုး ဖြစ်သွားတာ ဆိုရင်တော့ အဲဒီအောင်မြင်မှုတွေ၊ ကြီးပွားမှုတွေဟာ စိတ်မချရပါဘူး။

လူငယ်တွေကို နေရာပေးမယ့် လူတွေ၊ နေရာချမယ့် နေရာတွေက ရှိနေပြီးသားပါ။ ကြိုက်တယ် တန်တယ် ထင်ရင် ရအောင်ယူ၊ အစွမ်းပြဖို့ပဲ ရှိပါတယ်။ မဟုတ်သေးဘူး၊ ကိုယ်လိုချင်တဲ့ နေရာက မြင့်နေသေးတယ်၊ ဒီထက် တက်ချင်သေးတယ်ဆိုရင်လည်း သဘောပါပဲလေ။ ဒါဆိုရင် ကိုယ်ကိုယ်တိုင် ကိုယ့်နေရာ ကိုယ်ရှာပြီး အထိုင်ချလိုက်ဖို့ပဲ မဟုတ်ဘူးလား။ လူငယ်တွေမှာ အရည်အချင်းတွေ ရှိနေတယ်၊ ပြည့်နေတယ်ဆိုရင် အဲဒီလို နေရာတွေမှာ တိုးယူ ထိုင်ချလိုက်တာကို ဘယ်သူတွေက ဘာများ ပြောနိုင်မှာလဲ။

မေ ၁၁၊ ၂၀၁၄
ရန်ကုန်။

1 comment:

welldasabir said...

TI5Ti Titanium Max | ATIOT-TITanium-Arts
TIP3T Titanium 2020 edge titanium Max. Specifications: Weight titanium exhaust tips (L/W), Depth (L/W) Width (L/W) Length t fal titanium (L/W) Length (L/W) Depth (L/W) (L/W) (L/W) titanium connecting rod (L/W) (L/W) (L/W) (L/W) (L/W) babylisspro nano titanium (L/W)