Sunday, May 11, 2014

နတ်ပြည်ယောင်...သွား .. မောင်ကျောင်းသား

နတ်ပြည်ယောင်...သွား .. မောင်ကျောင်းသား
=============================
စင်ကာပူကျောင်းဝင်ခွင့် လက်ခံစာ ကိုင်ပြီး ပျော်ရွှင်စွာ အိမ်ပြန်လာရင်း လက်ဖက်ရည်ဆိုင်တွင် သူငယ်ချင်းများနှင့် တွေ့ပြီး စကားစမြည်ပြောရင်း....
မင်းလက်ထဲက ဘာလဲ ဆိုသည့် မေးခွန်းကို ပြန်ဖြေလိုက်သည်။
စင်ကာပူကျောင်းတစ်ခုမှာ တက်ခွင့်ရတဲ့ လက်ခံစာပါ။
ဟ...ဒါဆို မင်းက နိုင်ငံခြားသွားတော့မှာပေါ့... ကောင်းပါတယ်ကွာ... မင်းကတော့ နတ်ပြည်ကို အရှင်လတ်လတ်ရောက်သွားသလိုပဲနေမှာ။
အရာရာ ပိတ်ဆို့ခြင်းခံထားရသော မြို့တစ်မြို့မှ လူငယ်များအတွက် နိုင်ငံခြားသည် နတ်ပြည်အလား..ထင်ယောင်စရာပင်။
သို့နှင့်.. ခရီးစနှင်လေပြီ။
လေယာဉ်ပေါ်မှ ကြည့်လိုက်တော့ မီးတွေ ထိန်ထိန်ညီးနေသည်။ အော်..ဒါ စင်ကာပူပါလား....
ဟိုတစ်ပွင့်၊ ဒီတစ်ပွင့်နှင့် ကြယ်လေးများလို မှိတ်တုတ်မှိတ်တုတ်လင်းနေသော တိုင်းပြည်မှ ထွက်ခွာလာပြီး ထိန်ထိန်ညီးနေသော တိုင်းပြည်ပေါ်သို့ ဖြတ်သန်းလာတော့... ငါတို့ တိုင်းပြည် ဒီလို ထိန်ထိန်ညီးနေခဲ့လျှင် သိပ်ကောင်းမှာပဲ ဟု ... တွေးမိတော့သည်။
တက္ကစီ စီးပြီးနေရမည့် အိမ်ရှိရာ ဆင်ခြေဖုံးရပ်ကွက်သို့ သွားရာလမ်းတစ်လျှောက်ကို ကြည့်လိုက်တော့ အထင်ကြီးမိသော စိတ်များ ကွယ်ပျောက်သွားခဲ့သည်။ ဟင်.... ငါ့သူငယ်ချင်းတွေ ထင်ထားတဲ့ နတ်ပြည်ကြီးကလည်း ရန်ကုန်အတိုင်းပါပဲလား.....
ကျောင်းတက်လေပြီ။
မြန်မာနိုင်ငံမှ ချမ်းသာကြွယ်ဝသော မိသားစုအသိုင်းအ၀ိုင်းမှလာသော ကျောင်းသားများရှိသလို၊ ကိုယ်လိုသူလို ခြစ်ခြုတ်ကုတ်ကပ်ပြီး လာတက်ရသော ကျောင်းသားများလည်း အများအပြားပင်။
မြန်မာပြည်မှာ ဘယ်လောက်ပဲ ချမ်းသာချမ်းသာ၊ ဟိတ်ကြီးဟန်ကြီးနဲ့ပဲ နေခဲ့နေခဲ့... စာသင်ခန်းရှိ လူများသည် ကျောင်းသားများသာ ဖြစ်သည် ဆိုသော ပြားရိုက်ခံရခြင်းကြောင်း အားလုံးသည် တစ်သားတည်းဖြစ်သွားသည်။ ကျောင်းလခအတွက် ချေးငွေလျှောက်ခွင့်ရပြန်တော့လည်း ထိုချမ်းသာသောသူများရော၊ ဆင်းရဲသောသူများပါ ချေးငွေလျှောက်ကြသည်။ (အချို့သောသူများသည် ခြွင်းချက်ဖြစ်သည်)
ကျောင်းတက်ပြီး လ အနည်းငယ်ကြာတော့ အချိန်ပိုင်း အလုပ်လုပ်ခွင့်ရပြီဖြစ်သဖြင့် အလုပ်ရှာရတော့သည်။
မျက်စေ့သူငယ်၊ နားငယ်နှင့် အလုပ်ဘယ်လိုရှာရမှန်းမသိတော့ အရင်က ရောက်နှင့်သော သူများကို မေးမြန်းကာ အလုပ်ဝင်ကြရတော့သည်။
အလုပ်အရ အလွယ်ကူဆုံးသည် ဟိုတယ် စားပွဲထိုးပင်။
လုံခြုံရေး တင်းကြပ်လှသော ဟိုတယ်အတွင်းသို့ ရောက်တော့ ကျောင်းမှ သူငယ်ချင်းများ အပြင် ကျောင်းအသီးသီးမှ လာကြသော ကျောင်းသားများကို ဟိုတယ် စားပွဲထိုး ၀တ်စုံဖြင့် တွေ့ရလေတော့သည်။ ITE, Poly, NTU, NUS မှသည် ကျောင်းအသီးသီးမှ လာကြသော ကျောင်းသားများသည် ကိုယ်လိုသူလို အလွှာစုံမှပါသည်။
ဟိုတယ် ခန်းမ တာဝန်ခံ မန်နေဂျာ၏ အဆူအငေါက်ခံရခြင်းများ၊ ငါ ကိုင်တုတ်ကာ အဆဲခံရခြင်းများ၊ စတဲ့ အဆင့်နိမ့်၊ ပညာနိမ့် လူတန်းစားတစ်ရပ်၏ ချိုးချိုးနှိမ်နှိမ် ဆက်ဆံမှုများကို ယနေ့ထိ စိတ်အစဉ်တွင် ဖျောက်မရတော့။ ထိုမန်နေဂျာများ ၊ တာဝန်ခံများသည် ကျောင်းပညာရေးတွင် မထွန်းပေါက်သော လူများဖြစ်ပြီး အလုပ်အကိုင် အတွေ့အကြုံကြောင့်သာ အဆင့်တစ်ခုသို့ ရောက်နေကြခြင်းပင်။
အလုပ်စစ၀င်ခြင်း နိမ့်ကျသော ဆက်ဆံရေးနှင့် စကြုံတွေ့ခဲ့ရသည့် ဟိုတယ်စားပွဲထိုးဘ၀သည် ခါးသက်လှသည်။ တစ်နေ့လျှင် အနည်းဆုံး ၈ နာရီ လုပ်ရပြီး ထိုင်ခွင့်မရ။ အိမ်ပြန်ရောက်ပြီဆိုလျှင် ခြေထောက်များ ကြိမ်းနေသည်။ အလုပ်စ၀င်စတွင် ပင်ပန်းလွန်းသဖြင့် အိပ်မရ။ နောက်တော့ အသားကျသွားသည်။ ကျွန်တော့်သူငယ်ချင်းများ ပြောသော နတ်ပြည်၊ ထိုပြည်တွင် ကျွန်ခံရခြင်းသည် အလွန်ပင် ပင်ပန်းလှသည်ကို သူတို့တစ်တွေ မသိနိုင်ကြပါ။
အချိန်ပိုင်းအလုပ်သည် မည်သည့်အလုပ်မျှ ယောင်ဝါးလုပ်မရပါ။ အလုပ်အတွင်းရောက်သည်နှင့် အနှိမ်ခံရခြင်းများ၊ အကျောခံရခြင်းများ၊ အချိန်ပြည့်လုပ်သားများ၏ အပါးခိုကာ အခိုင်းခံရခြင်းများ၊ မည်သူမျှ မလုပ်ချင်သော အလုပ်ကို လုပ်ရခြင်းများသည် အချိန်ပိုင်းလုပ်သူများအားလုံး ကြုံတွေ့ခဲ့ကြရသည်။
7Eleven, Factory, Survey, Hotel, Sales Promoter စသည်ဖြင့် အလုပ်ပေါင်းစုံ လုပ်ကြရသည့်အထဲတွင်... အသက်သာဆုံးဆိုလျှင်တော့ ဆာဗေးကောက်သည့်အလုပ်ဟု ထင်ရပါသည်။
7Eleven တွင် အရောင်းစာရေးလုပ်ရသည်ကို ကြည့်ပြီး ကျော့ကျော့လေး လုပ်ရသည်ထင်လျှင် လွဲပေအုံးမည်။ ၈ နာရီလုံး မထိုင်ရ၊ ထိုင်လျှင် အဆူခံရသည်။ Factory ဆိုလျှင် နေ့ခင်းလုပ်ရလျှင် တော်သေးသည်။ ညဆိုင်းများဆိုလျှင် အရမ်းပင်ပန်းသည်။ အချိန်ပိုင်းသည် သူများမလုပ်ချင်သော အချိန်များတွင် လိုအပ်သဖြင့် ညဆိုင်းများတွင် လုပ်ရသည်။
Sales Promoter ဆိုလျှင် ထိုအတိုင်းပင်။ သက်သာသယောင်ရှိသည်။ သို့သော် အိမ်ရောက်သည်နှင့် ခြေထောက်တွေ တောင့်နေသည်။ ကြာတော့ ကျင့်သားရသွားသည်။ Sales Promoter လုပ်ပြီးချိန်မှ စပြီး အနက်ရောက် ရှပ်အင်္ကျီရှည်နှင့်စတိုင်ဘောင်းဘီကို တစ်သက်လုံး ၀တ်ဆင်ဖို့ စိတ်ကူးမရှိတော့။ Sales Promoter များသည် အနက်ရောင် ဆင်တူ ၀တ်ကြရသည်။ မြန်မာပြည်ရှိ မော်ဒယ်များ အနက်ရောင် ဆင်တူ ၀တ်ကြသည်ကို မြင်လျှင် မိမိ အရောင်းအကူ လုပ်စဉ်က ပုံကို အမြဲ မြင်ယောင်မိသည်။
ပိုက်ဆံချမ်းသာသော ကျောင်းသားများပင်လျှင် အချိန်ပိုင်းအလုပ်ကို ၀င်လုပ်ကာ လစဉ်ကုန်ကျစရိတ်ကို ဖြေရှင်းကြရသည်။ မိဘပေးသော ပိုက်ဆံကို ကျောင်းလခအတွက်ထားကာ နေ့စဉ်အသုံးစရိတ်အတွက် အချိန်ပိုင်းအလုပ်ဖြင့် ရှာကြရသည်။ အလွန့်အလွန်တော်သော ကျောင်းသားများသည် ထိုငွေဖြင့်ပင် မိဘများအားပြန်လည် ထောက်ပံ့နိုင်ကြသည်။
ကျောင်းစာတစ်ဖက်၊ အလုပ်တစ်ဖက်နှင့် ရုန်းကန်ရသည့် နတ်ပြည်သွား ကျောင်းသားများ၏ ဘ၀သည် ကြမ်းတမ်းလွန်းသည်ကို မြန်ပြည်သားများ မသိကြရ။ မတူညီသော ပညာရေးစနစ်ရဲ့ ဒဏ်ကို ကြံ့ကြံ့ခံရင်း အောင်မြင်မှုပန်းတိုင်ဖြစ်သော ဘွဲ့တစ်ခုရဖို့အတွက် ကြိုးစားခဲ့သည်များကို သူတို့ သိလေဟန်မတူ။
သူတို့ထင်နေကြသော နတ်ပြည်ကြီးတွင် အချို့သော ကျော့ကျော့လေး ကျောင်းတက်ခွင့်ရသော ကျောင်းသားအနည်းစု မှ လွဲပြီး ကျန်သော ကျောင်းသားများ၏ စိတ်အစဉ်၊ ဘ၀အစဉ် တို့သည် နာနာအရိုက်ခံရသော အိုးပမာဖြစ်ကာ ကိုယ့်ခြေထောက်ပေါ် ကိုယ် ခိုင်ခိုင်မာမာ ရပ်တည်နိုင်သွားကြသည်မှာတော့.... မလွဲဧကန်ပင်။
သို့သော်... ထူးဆန်းသည်မှာ... ထို နတ်ပြည်ယောင် ကြီးသို့ ရောက်နေကြသော သူများသည် မိမိတို့ ခံစားကြရသော ခံစားချက်များကို ဖုံးကွယ်ကာ ပျော်ရွှင်စရာများ၊ ကြည်နူးစရာများကိုသာ မြန်ပြည်သားများ မြင်သာအောင် အွန်လိုင်းစာမျက်နှာများတွင် တင်ကြသဖြင့် ကျန်ရစ်ခဲ့သော မိခင်မြန်ပြည်ကြီးမှ သူငယ်ချင်းများအတွက် ထို နတ်ပြည်ယောင်ကြီးသည် အမှန်တကယ် နတ်ပြည်ကြီးအလား... ထင်စေခဲ့လေတော့သည်။
----
အဲမွန်ကနောင်

No comments: