် တစ်ခါက လူတွေကို အရမ်းကူညီတတ်တဲ့ လူတစ်ယောက်ဟာ သေဆုံးပြီးနောက် ကောင်းကင်ဘုံရောက်ပြီး နတ်သားဖြစ်သွားခဲ့တယ်။ နတ်သားဖြစ်သွားသည့်တိုင် သူဟာ လူ့ပြည်ကိုဆင်းပြီး လူတွေကို အကူအညီတွေ ပေးခဲ့ပြန်တယ်။ လူတွေဆီကနေ ပျော်ရွှင်ခြင်းရနံ့တွေ ရှုရှိုက်နိုင်ဖို့ သူမျှော်လင့်ကြိုးစားခဲ့တယ်။ တစ်နေ့မှာ နတ်သားဟာ အခက်အခဲကြုံနေပုံရတဲ့ လယ်သမားတစ်ဦးနဲ့ ဆုံခဲ့တယ်။ လယ်သမားက နတ်သားကိုတွေ့တာနဲ့ "ကျွန်တော့်အိမ်ကကျွဲ သေသွားလို့ လယ်တွေကို ကျွန်တော် ဆက်မထွန်နိုင်ဖြစ်နေပါတယ်" လို့ ရင်ဖွင့်တယ်။ လယ်သမားစကားကို ကြားတော့ နတ်သားက သန်မာတဲ့ ကျွဲတစ်ကောင် ဖန်ဆင်းပေးလိုက်တယ်။ လယ်သမားဆီကနေ ပျော်ရွှင်ရနံ့ကို နတ်သားရှုရှိုက်လိုက်မိတယ်။ နောက်တစ်နေ့မှာ နတ်သားက စိတ်ပျက်လက်ပျက် ထိုင်ငေးနေတဲ့ လူတစ်ယောက်နဲ့ ဆုံပြန်တယ်။ နတ်သားကိုတွေ့တော့ အဲဒီလူက "ကျွန်တော်ငွေတွေ လူလိမ်လို့ ကုန်ပြီဗျာ၊ ရွာပြန်ဖို့ လမ်းစရိတ်မရှိလို့ပါ" လို့ ပြောတော့ နတ်သားက သူ့အတွက် လမ်းစရိတ် ထုတ်ပေးလိုက်တယ်။ အဲဒီလူဆီက ပျော်ရွှင်ရနံ့က နတ်သားဆီကို လွင့်လာခဲ့တယ်။ တစ်နေ့မှာ နတ်သားဟာ ကဗျာဆရာတစ်ဦးကို တွေ့ပြန်တယ်။ ကဗျာဆရာက ငယ်ရွယ်နုပျို ချောမောပြီး၊ ငွေကြေးလည်း ပြည့်စုံသလို၊ လှပတဲ့ဇနီးတစ်ဦးကိုလည်း ပိုင်ဆိုင်ထားတယ်။ ဒါပေမယ့် အဲဒီကဗျာဆရာ မပျော်ခဲ့ဘူး။ ကဗျာဆရာကို နတ်သားက "ဘာကြောင့်မပျော်သလဲ? ဘာများကူညီရမလဲ?" လို့မေးတော့ ကဗျာဆရာက "ကျွန်တော့်မှာ ဘာမဆိုရှိတယ်။ ဒါပေမယ့် တစ်ခုပဲ လိုအပ်နေတယ်။ ကျွန်တော့်ကို ပေးနိုင်မလား?" လို့ နတ်သားကို ပြန်မေးတယ်။ "ပေးနိုင်ပါတယ်။ အလိုရှိတာ တောင်းဆိုပါ" လို့ နတ်သားဆိုတော့ "ပျော်ရွှင်ခြင်းကို ကျွန်တော်လိုအပ်နေတယ်" လို့ ကဗျာဆရာက ပြောပါတယ်။ ကဗျာဆရာ စကားကြောင့် နတ်သားအခက်တွေ့သွားခဲ့တယ်။ တအောင့်ကြာမှ "ကောင်းပြီ" ဆိုပြီး ကဗျာဆရာပိုင်ဆိုင်သမျှ အားလုံးကို ယူဆောင်သွားခဲ့တယ်။ ကဗျာဆရာရဲ့ အောင်မြင်မှုကို ယူသွားတယ်၊ ဥစ္စာပစ္စည်းတွေကို ယူသွားတယ်၊ သူ့ရဲ့ရုပ်ရည်ကို ယူသွားတယ်၊ ဇနီးချောရဲ့ အသက်ကိုယူပြီး နတ်သားထွက်သွားခဲ့တယ်။ တစ်လကြာပြီးနောက် ကဗျာဆရာဆီ နတ်သားပြန်ရောက်လာခဲ့တယ်။ အဲဒီအချိန်မှာ ကဗျာဆရာက ကြမ်းပြင်ပေါ်မှာ လဲလျောင်းပြီး ဆာလောင်လို့ သေလုမျောပါး ဖြစ်နေခဲ့တယ်။ နတ်သားက ကဗျာဆရာကို အရာအားလုံးပြန်ပေးပြီး ထွက်သွားခဲ့တယ်။ လဝက်လောက်နေပြီ ကဗျာဆရာကို နတ်သားသွားကြည့်ပြန်တယ်။ ဒီအချိန်မှာ ကဗျာဆရာက ဇနီးသည်ကို ပွေ့ဖက်ပြီး နတ်သားကို ကျေးဇူးတင်နေခဲ့တယ်။ ပျော်ရွှင်ခြင်းတွေကို သူရခဲ့လို့ပါပဲ.... အထီးကျန်ဆန်ခဲ့ဖူးသလား? ပျော်ရွှင်တဲ့ အရသာကို ခံစားခဲ့ဖူးသလား? အထီးကျန်တယ်၊ ပျော်ရွှင်တယ်ဆိုတာ နှိုင်းယှဉ်မှုတွေကိုပြတဲ့ နာမဝိသေသနတွေဖြစ်တယ်။ အထီးကျန်တာကို မခံစားဖူးရင် ပျော်ရွှင်တဲ့အရသာကို ဘယ်လာခံစားတတ်မလဲ? လူတွေကလည်း လူတွေပါပဲ.. လက်လွတ်ရခါနီးမှ၊ လက်လွတ်သွားမှ တန်ဖိုးထားရကောင်းမှန်း သိတော့တယ်။ တကယ်တော့ ပျော်ရွှင်ခြင်းက ကိုယ်နဲ့အနီးဆုံး နေရာမှာ အမြဲရှိနေခဲ့ပါတယ်။ ဗိုက်အရမ်းဆာတဲ့အချိန် ခေါက်ဆွဲခြောက်လေးတစ်ထုပ် ရှိတာလဲ ပျော်ရွှင်ခြင်းပဲ အရမ်းမောပန်းနွမ်းနယ်တဲ့အချိန် ကျောခင်းစရာ နေရာလေးတစ်ခုရှိတာလဲ ပျော်ရွှင်ခြင်းပဲ အားရပါးရ ငိုနေတဲ့အချိန် ဘေးမှာရှိတဲ့ လူတစ်ယောက်က တစ်ရူးလေးတစ်ရွက် ကမ်းပေးလာတာလဲ ပျော်ရွှင်ခြင်းပဲ မနက်နိုးလာတာနဲ့ လှပတဲ့ နေရောင်ခြည်ကို တွေ့နိုင်တာလဲ ပျော်ရွှင်ခြင်းပါပဲ။ ပျော်ရွှင်ခြင်းမှာ တိကျတဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက်တွေ မရှိခဲ့ဘူး။ သာမန်ကိစ္စလေး တစ်ခုလည်း ပျော်ရွှင်ခြင်းတွေ ပေးဆောင်နိုင်ပါတယ်။ ဘယ်လောက်အထိ ပျော်ရွှင်သလဲ? ပျော်ရွှင်ခြင်းရဲ့ အတိုင်းအတာကို ကိုယ့်ရဲ့ရောင့်ရဲတဲ့စိတ်နဲ့ပဲ ခန့်မှန်းဆုံးဖြတ်နိုင်ပါတယ်။ သူငယ်ချင်းတို့ရဲ့ စိတ်မှာ ပျော်ရွှင်ခြင်းတွေ ပြည့်နေခဲ့ပြီလား? ဒါမှမဟုတ် စိတ်ပျက်ခြင်းတွေနဲ့ ပြည့်နေခဲ့သလား? ပျော်ရွှင်ခြင်းတွေ တံခါးလာခေါက်တဲ့အခါ ကိုယ့်ရင်ခွင်တံခါးကို ကျယ်ကျယ်ဖွင့်ထားပေးပါ။ ပျော်ရွှင်ခြင်းတွေ ကိုယ့်ရင်ဘတ်ထဲ အလုံးအရင်းနဲ့ ဝင်ရောက်နိုင်ပါစေ...
No comments:
Post a Comment