Thursday, August 19, 2010

ခွင့်လွတ်စိတ်

Matthiola incana (紫罗兰)ဆိုတဲ့အပင်က သူ့ကိုနင်းချေတဲ့ခြေထောက်ကိုတောင် သူ့ကိုယ်ပေါ်က ရနံ့တွေနဲ့ မွှေးကြိုင်စေသတဲ့.... ဒါဟာ ခွင့်လွတ်ခြင်းပဲဖြစ်တယ်။
ကျွန်တော်တို့က ကျွန်တော်တို့ရဲ့ ဦးနှောက်ထဲမှာ တခြားလူတွေ ဘယ်လို ပြုမူနေထိုင်သင့်တယ်ဆိုတဲ့ ကန့်သတ်ချက်တချို့ကို ထည့်ထားတတ်တယ်။ အကယ်၍ တစ်ဖက်သားက ကိုယ့်ကန့်သတ်ချက်ကို ဆန့်ကျင်ရင်၊ မလိုက်နာရင် သူတို့ကို မုန်းတီးတတ်ကြတယ်။ တခြားလူက "ကျွန်တော်တို့"ရဲ့ ကန့်သတ်ချက်ကို အရေးမလုပ်တာနဲ့ ကျွန်တော်တို့ စိတ်တိုမုန်းတီးရတာဟာ ရယ်စရာကောင်းမနေဘူးလား?
တစ်ဖက်သားကို ခွင့်မလွတ်တာနဲ့ တစ်ဖက်သားကို ဆုံးမရာရောက်တယ်လို့ လူအများက ထင်ကြတယ်။ တနည်းအားဖြင့် "မင်းကိုငါခွင့်မလွတ်မချင်း မင်းကံဆိုးမယ်မှတ်" ဆိုသလိုဖြစ်တယ်။ တကယ်တော့ ဒေါသအခိုးအငွေ့တွေနဲ့ အိပ်မပျော်၊ စားမဝင်ဘဲ တကယ့်ကံဆိုးသူက ကျွန်တော်တို့ ကိုယ်တိုင်ဖြစ်နေပါတယ်။

လူတစ်ယောက်ကို စိတ်တိုဒေါသထွက်တဲ့အခါ မျက်စိမှိတ်ပြီး ကိုယ့်ခံစားချက်ကို ခံစားကြည့်ပါ။ ကိုယ့်ခန္ဒာကို ခံစားကြည့်ပါ။ တခြားလူမှာအပြစ်ရှိတယ်လို့ ကိုယ်ခံစားမိရင် ကိုယ်ကိုယ်တိုင်လည်း မပျော်ရွှင်နိုင်ပါဘူး။

လူတစ်ယောက်မှာ ကိုယ်ကြိုက်သလို လုပ်ပိုင်ခွင့်၊ ကိုယ်နားလည်သလို နေနိုင်ခွင့်ရှိတယ်။ ဒါပေမယ့် တစ်ဘက်လူ အားနာစိတ်ရှိအောင် လုပ်ဖို့က မလွယ်လှတဲ့အပြင် "ကိုယ့်စားဝတ်နေရေး"ကိုလည်း ထိခိုက်စေတယ်။
လူအကြိုက် နတ်မလိုက်နိုင်ဆိုသလို မိုးသက်လေပြင်းကျလို့ ကိုယ့်အိမ်မြေအောက်ခန်း ရေမြှုပ်သွားတယ်ဆိုပါစို့။
"ရာသီဥတုကို ငါတစ်သက် လုံးဝခွင့်မလွတ်နိုင်ဘူးကွာ" လို့ သင်ပြောနိုင်မလား?
ငှက်တစ်ကောင် ကိုယ့်ခေါင်းပေါ် မစင်စွန့်ချတာနဲ့ ငှက်ကို မုန်းတီးလို့ ရနိုင်မလား? တကယ်လို့ မရနိုင်ခဲ့ရင် ဘာဖြစ်လို့ တခြားသူကိုလည်း မုန်းတီးနေကြဦးမလဲ? လေပြင်းမုန်တိုင်း၊ ငှက်တွေကို ထိန်းချုပ်နိုင်တဲ့အာဏာ ကျွန်တော်တို့မှာ မရှိသလို တခြားလူကိုလည်း ကျွန်တော်တို့ မထိန်းချုပ်နိုင်ခဲ့ဘူး။ ဘုရားသခင်က လူတွေကို မုန်းတီးဖို့ လောကကြီးကို တည်ခဲ့တာမဟုတ်ဘူး။ တစ်ဖက်သားကို နာကျင်တယ်၊ မုန်းတီးတယ်ဆိုတဲ့အရာတွေကို လူတွေကပဲ ဖန်တီးခဲ့တာဖြစ်တယ်။

ခွင့်လွတ်တာနဲ့ပတ်သက်ပြီး ပြောရရင် ပထမဦးဆုံး မိဘတွေကို ခွင့်လွတ်ရမယ်။ လောကကြီးမှာ ခြောက်ပစ်ကင်းတဲ့ မိဘတွေမရှိဘူး။ ကိုယ်ငယ်ရွယ်စဉ်မှာ "ရာနှုန်းပြည့် မိဘကောင်းပီသရမယ်"ဆိုတဲ့ စာအုပ်တွေ၊ ကျမ်းတွေ ဈေးကွက်ထဲမှာ မရှိခဲ့သေးဘူး။ အိမ်ထဲ၊ အိမ်ပြင်၊ မိသားစုတာဝန် နောက်တခြားကိစ္စအဝဝကို သူတို့လုပ်ဆောင်ကြရတယ်။ သူတို့ဘက်က ချွတ်ယွင်းတာပဲဖြစ်ဖြစ်၊ အမှားလုပ်မိတာပဲဖြစ်ဖြစ် သူတို့ကို ခွင့်လွတ်ရမယ်။ သူတို့ကို တစ်ရက်ခွင့်မလွတ်နိုင်ရင် ကိုယ်လည်း တစ်ရက်နေ့ကူးကောင်းလိမ့်မှာ မဟုတ်ဘူး။

"အကယ်၍ အရမ်းဆိုးသွမ်းယုတ်မာတဲ့ လူတစ်ယောက်ကို ကျွန်တော်ခွင့်လွတ်ရမလား?" လို့ သင်မေးကောင်း မေးလိမ့်မယ်။

ကျွန်တော့်မှာ Sandy ဆိုတဲ့ မိတ်ဆွေတစ်ဦးရှိတယ်။ ၁၉၈၇ခုနှစ် ဇန်နဝါရီလမှာ စိတ္တဇလူနာတစ်ဦးဟာ သေနတ်ကိုင်ပြီး သူအိမ်ထဲကျူးကျော်ဝင်ရောက်ခဲ့တယ်။ အဲဒီလူဟာ ပန်းကောင်းတစ်ပွင့်လို ဖူးပွင့်နေတဲ့ သူ့သမီး(၃)ယောက်ကို ပစ်သတ်သွားခဲ့တယ်။
ဒီအဖြစ်ဆိုးက စန္ဒီကို စူးစူးနစ်နစ် နာကျင်စေခဲ့တယ်။ သူ့နာကျင်မုန်းတီးမှုတွေကို ဘယ်သူက ဘာနဲ့မျှ မနှိုင်းပြတတ်ခဲ့ဘူး။
အချိန်တွေ တဖြည်းဖြည်း ကုန်လွန်လာတာနဲ့အမျှ သူငယ်ချင်းမိတ်ဆွေတွေရဲ့ အားပေးနှစ်သိမ့်မှုကြောင့် ခွင့်လွတ်ခြင်းလမ်းကြောင်းပေါ် သူရောက်လာခဲ့တယ်။ နာကျင်မုန်းတီးခြင်းတွေကို သူစွန့်ပြီး လူသတ်သမားကို ခွင့်လွတ်ခဲ့တယ်။ ရှိသမျှအချိန်တွေ အသုံးပြုပြီး လူတွေကို သူအကူအညီပေးတယ်။ သူတစ်ပါးကိုပေးတဲ့ အကူအညီနဲ့ စိတ်ရဲ့တည်ငြိမ်ခြင်း၊ ခွင့်လွတ်ခြင်းကို သူရယူတယ်။

အတွေ့အကြုံအရ ကံကြမ္မာဆိုးတွေကြောင့် ဖြစ်ပေါ်လာတဲ့ နာကျင်မုန်းတီးခြင်းတွေကို လူ့ဝန်းကျင်မှာ ဂရုစိုက်ခြင်းအဖြစ် သူပြောင်းလဲပစ်နိုင်ခဲ့တယ်။ အကယ်၍ စန္ဒီကိုမေးခဲ့ရင် "နာကျင်မုန်းတီးခြင်းကို စွန့်လွတ်လိုက်တာ ကိုယ့်ကိုယ်တိုင်အတွက်ပဲဖြစ်တယ်။ ကိုယ်ကောင်းကောင်းမွန်မွန် ရှင်သန်ဖို့အတွက်ဖြစ်တယ်" လို့ သူပြန်ဖြေပါလိမ့်မယ်။
စန္ဒီနဲ့အဖြစ်တူတဲ့ လူတွေမှာ နှစ်မျိုးနှစ်စားရှိကြောင်း ကျွန်တော်သတိထားမိတယ်။ ပထမတစ်မျိုးက ကိုယ့်ဘဝကို နာကျင်မုန်းတီးခြင်းရဲ့အရိပ်အောက်မှာ ရှင်သန်စေတဲ့လူနဲ့ နောက်တစ်မျိုးက အဲဒီနာကျင်မုန်းတီးခြင်းတွေကို ကိုယ်ချင်းစာစိတ်၊ နားလည်စိတ်အဖြစ် ပြောင်းလဲနိုင်သူဖြစ်တယ်။
ဝမ်းနည်းကြေကွဲစရာ၊ ဖျားနာတာ၊ အထီးကျန်တာနဲ့ မျှော်လင့်ချက်မဲ့တာတွေဟာ လူတိုင်းရှောင်လွဲလို့ မရနိုင်တဲ့အရာတွေဖြစ်တယ်။ တနည်းနည်း၊ တစ်ချိန်ချိန်မှာ လူတိုင်းကြုံတွေ့နိုင်တယ်။ အဖိုးတန်ပစ္စည်း ဆုံးရှုံးခံရတဲ့လူတိုင်း အချိန်အတိုင်းအတာတစ်ခုထိတော့ ခံစားရစမြဲပါပဲ။ အဲဒီလိုခံစားပြီးနောက် ကိုယ်ပိုကြံ့ခိုင်သွားသလား? ပိုပျော့ညံ့သွားသလား? ဒါဟာ အဓိကအချက်ပဲဖြစ်တယ်။

မူရင်းရေးသားသူ -- Andrew Mathus



graphical counter

No comments: