Friday, March 29, 2013

စင်ကာပူ

စင်ကာပူ
...........

၁။
ဟိုးတစ်ချိန် တုန်းကတော့
ငါတို့ကို တူအောင် တုမယ်ဆိုတဲ့မြို့
လေဆိပ်မှာ ကတည်းက စည်းကမ်းကျတဲ့ အလှကိုငေး၊ နေစရာတွေ ငေး၊
နားစရာတွေ ငေး။
မလိုသူတွေက ပွဲစားမြို့လေးတဲ့
ဒါပေမဲ့ သူဟာကမ္ဘာလေးတစ်ခုပါ
ဒီကမ္ဘာလေးကို အစစ်အတုခွဲပြီး အလှရှာမဲ့
မြန်မာအဖေနဲ့ သမီးကို မသင်္ကာတဲ့ မျက်လုံးနဲ့။

၂။
ရန်ကုန်ရေ နင်ဘယ်လောက်ပြတ်ကျန်ခဲ့ပြီလဲ
ငါတို့ မပြောရဲတော့ဘူး
တစ်နေ့တစ်လံပေါ့ စင်ကာပူရယ်
သစ်ပင်တွေ ပန်းတွေက စနစ်တကျပွင့်ပြီး
စနစ်တကျ ကြွေရတယ်
လူတွေရော ဒီလိုပဲလား
တို့အမျိုးတွေ အတွက် စိတ်ပူလိုက်တာ

၃။
သုတ်သုတ်သွား၊ သုတ်သုတ်လာ၊ သုတ်သုတ်စား၊ သုတ်သုတ်နား၊ အလုပ်တအားလုပ်၊ လူရောင်စုံကြားထဲမှာ
အပြုံးမှာ စေတနာပါတာ မြန်မာ
အမုန်းချင်းပြိုင်ရင် ရှုံးနေမှာ မြန်မာ
စင်ကာပူရေ ရေကြည်ရာ မြက်နုရာဆိုပေမဲ့
တို့လူမျိုးက ဂျစ်ပစီတော့ မဟုတ်ဘူး
မြေနဲ့၊ ရေနဲ့ ဇာတိနဲ့လူမျိုး စင်ကာပူရဲ့
ငါတို့ကို မင်း ၀မ်းစာကျွေးထားရပေမဲ့
မင်း ကျန်းမာရေး မထိခိုက်စေရအောင်
မြန်မာတွေ နေတတ်ခဲ့ပါတယ်။

၎။
ကမ်းခြေချန် ကီဘိလစ်မှာ အပန်းဖြေတော့
ပက်လက်လှန်ပြီး မှောက်ခုံပျံတဲ့ လေယာဉ်ပျံတွေ ကြည့်မိ
ပိုက်ဆံတွေ တအားထားခဲ့ရပြီး
ဉာဏ်ပညာတွေ ဘယ်လောက် ယူသွားနိုင်လဲ
ကိုယ်ကနားပြီး စိတ်ကမနားနိုင်ဘူး စလုံးရေ။

၅။
ငါတို့ ဧရာဝတီကိုကျ
နာဂစ်ဆိုတဲ့ နာမည်လှလှလေးနဲ့
ဘီလူးစီးသလို ၀င်မွှေသွားတဲ့ ပင်လယ်မ က
စလုံးကျမှ စည်းကမ်းတကျ ညင်သာနေတာ
ငါ မခံစားနိုင်ဘူး။

၆။
အီကွေတာ အောက်ကမြို့ကလေး
ပွင့်သမျှ ပန်းမမွှေးဘူး
မင်းရဲ့ ကောင်းသတင်းကတော့
မွှေးမြပါတယ်
ငါတို့များကျတော့ ဘယ်တော့မွှေးမလဲ။

၇။
တို့မြေမှာ သာရေးနာရေးတောင် တွေ့ဖို့မလွယ်တဲ့ အမျိုးတွေ၊ သူငယ်ချင်းတွေ
ပင်နီစူလာပလာဇာမှာ အစုံတွေ့ရ
ပေးဖို့လား၊ ရဖို့လား၊
အသာစံဖို့လား၊ အနာခံဖို့လား
တို့မြန်မာတွေ အလကားမဟုတ်ဘူးနော်
စင်ကာပူ ခင်ဗျားကြီးအရိပ်မှာ
လွတ်လပ်စွာ ကျန်းမာချမ်းသာထားပါ။

၈။
ပြောစရာရှိလို့သာ ပြောရ
ပြောဖို့မလိုပါဘူး။
အိမ်သည် ဧည့်သည်
မပူရအောင် ထားပေးတဲ့
စင်ကာပူ ကျေးဇူးပါ။
အဲဒီလို ကျေးဇူး ကိုယ့်တိုင်းပြည်ကိုလည်း ကျေးဇူးတင်ချင်လိုက်တာ။

၉။
စင်ကာပူက မြန်မာအားလုံး
မလွမ်းဘူးပြောတဲ့ လူမရှိ
အားလုံးမကြိုက်ဘူး ပြောတဲ့လူချည်းပဲ
ကျွန်တော်လည်း မကြိုက်ပါဘူး
ဒါပေမဲ့ အဲဒါရှော့ခ်ရှိတယ်။

၁၀။
အမှန်ကိုလည်း ပြောမရ
အမှားကိုလည်း ပြောမရ
သတ္တိရှိလို့ ပြောပြန်ရင်လည်း အမုန်းခံရ
ကြာလာတော့ သတ္တိရှိလာမှာတောင် ကြောက်ရ။

၁၁။
“ဆရာ အစိုးရအသစ်နဲ့ အဆင်ပြေလားဟင်
ကျွန်တော် မပြန်နိုင်တာ သုံးနှစ်ရှိပြီ
အိမ်ကပိုက်ဆံ သိန်းတစ်ရာသုံးပြီး ထွက်လာတာ အခုထိ မကျေသေးဘူး။
ကျွန်တော် ကွန်ပျူတာနဲ့ ဘွဲ့ရလာတာ
အခု ဒီဟိုတယ်မှာတော့ ၀ိတ်တာပေါ့။
သိပ်ပြန်ချင်တာပေါ့
ပိုက်ဆံမကျေသေးတော့ မိသားစုကိုမျက်နှာပူလို့
သင်္ကြန်မှာ ပိတောက်တွေပွင့်လားဟင်...”
စလုံးမှာ မေးတဲ့စကား
မင်းပြန်လာမှာ သိပ်စိုးရိမ်တာပဲ
အဆင်ပြေလားဆိုတဲ့ မင်းရဲ့မေးခွန်းက
သင်္ကြန်မှာ ပိတောက်မပွင့်သလို
ငါ့ရင်ကို ပြာကျစေတယ်
ငါတို့က အခုချိန်ထိ ညံ့နေကြသေးတာကိုး
ခွင့်လွှတ်ပါ သားလေးရယ်။

၁၂။
လူကြီးတွေက ပြည်ပနိုင်ငံကို အထင်မကြီးနဲ့တဲ့ ပြည်ပကို ရောက်နေကြတဲ့
မြန်မာပြည်ဖွားတွေ အားလုံးဟာ
ပြည်ပတိုင်းပြည်ကို အထင်ကြီးလို့
ရောက်နေကြတာ မဟုတ်ဘူး
ကိုယ့်တိုင်းပြည်မှာ အထင်သေးစရာနဲ့
အဆင်မပြေမှုတွေပဲ နေ့တိုင်းတွေ့နေရလို့
ပြည်ပရောက် မြန်မာတွေရဲ့ တုံ့ပြန်မှု။

၁၃။
အဲဒီလိုတော့ မပြောပါနဲ့
ကျွန်တော်က ပြည်တွင်းမှာပဲ
နေသူဆိုတော့ ခံရခက်တယ်
တကယ်က ဘာမဆိုခွဲဝေယူကြပါတယ်
(အာဏာရှိသူနဲ့ ခရိုနီတွေ)
ကိုယ်တွေတော့ လုံးဝ(လုံးဝ)မပါဘူး။

၁၄။
MRT ရထားပေါ်မှာ iPhone ဖွင့်လိုက်တာနဲ့
ကမ္ဘာကြီးက ကိုယ့်ရှေ့ရောက်လာ
မြန်မာတွေ မညံ့ပါဘူး စင်ကာပူမှာပေါ့
မြန်မာပြည်မှာတော့ ကဗျာဆရာအပါအ၀င်
အားလုံးညံ့နေသေးတယ်။

၁၅။
အမှန်တရားကို ချစ်တယ် သတ္တိမရှိဘူး
သတ္တိမရှိရင် အမှန်တရား မရနိုင်ဘူး
လူတချို့က မိုက်ရိုင်းရဲရင် လိမ်ရဲရင်
အာဏာရမယ်၊ အာဏာရရင် ရူးမယ်
ပိုက်ဆံချမ်းသာမယ်
ဒါဆို လုပ်ချင်ရာ လုပ်မယ်
လူများလို့ နိုင်ပေမဲ့ မမှန်ရင် မနေပါနဲ့
လူနည်းပြီး ရှုံးပေမဲ့ မှန်ရင် နေကြပေးပါ။

၁၆။
ဒီလိုပညာနဲ့ ဒီလိုလုပ်ရည်ကိုင်ရည်နဲ့
ဒီလောက်လွမ်းနေတာ မလွမ်းရအောင်
မြန်မာပြည်က သူဌေးတွေဆီမှာ
ပြန်လာလုပ်ပါလားဆိုတော့
စလုံးရောက် မြန်မာဆရာဝန်တစ်ဦးက
“စင်ကာပူကသူဌေးက
လူကို လူလို တန်ဖိုးထားတယ်
မြန်မာပြည်က သူဌေးက
လူ့တန်ဖိုးနားမလည်တဲ့ ပေါင်းစားတွေချည်းပဲ”တဲ့
ကျွန်တော် ဘာပြန်ပြောရမှန်းမသိဘူး
ဘယ်တော့မှ ပြောနိုင်မှန်းလည်း
မသိဘူး။

၁၇။
သေသေချာချာ
ပြောနိုင်တာကတော့
ပြည်ပရောက်
မြန်မာတွေအားလုံးကို
ပြည်တွင်းက
မြန်မာတွေ အားလုံးက
ရင်တွေပြာကျလောက်အောင်
လွမ်းနေကြ
ဒီထဲမှာ အမေတွေက
ပိုဆိုးတာပေါ့
ရန်ကုန်မြို့က
အင်တာနက်ဆိုင်ဂျီတော့မှာ
မျက်ရည်တွေချည်းပဲ။

၁၈။
စင်ကာပူက အဖြူ၊
အမည်း၊ အညို
ဘယ်သူနဲ့ပြောပြော
အလွမ်းနဲ့စပြီး အလွမ်းနဲ့ဆုံးတော့
စင်ကာပူဆိုတာ
အလွမ်းတွေစုနေတဲ့
အလွမ်းမြို့ကြီးလား ထင်ရတယ်
ဘယ်သူမှတော့ မျက်ရည်မလွယ်ပါဘူး
မင်းသား၊ မင်းသမီးမှ မဟုတ်တာ
အလွမ်းက တွန်းထုတ်လိုက်တော့
မျက်ဝန်းတာ ကျိုးရတာပေါ့။

၁၉။
ချစ်သူကိုလည်း ချစ်တယ်
အဖေ၊ အမေကိုလည်း ချစ်တယ်
မောင်နှမတွေကိုလည်း ချစ်တယ်
ဇာတိရပ်ရွာကိုလည်း ချစ်တယ်
တကယ်ဆိုချစ်ရဲ့သားနဲ့
ဘာလို့ခွဲရက်တာလဲ
သုခနဲ့ ဒုက္ခပေါင်းထားတဲ့ စင်ကာပူရဲ့မာယာမှာ
ငါတို့အားလုံး နစ်ခဲ့ရပြီ
တချို့ ပျော်ရွှင်စွာနစ်
တချို့ ၀မ်းနည်းစွာနစ်
မြန်မာပြည်တော့ ချစ်ကြသူတွေချည်းပဲ
ကဲ အားလုံး
“ကမ္ဘာမကြေ မြန်မာပြည်
ဒါတို့ပြည်၊ ဒါတို့မြေ တို့ပိုင်တဲ့မြေ”
စင်ကာပူရေ တို့လူမျိုးကိုချစ်ပါ
အမှန်တရား၊ ရိုးသားမှုနဲ့ မြန်မာတွေပါ
“ဒါတို့ပြည်၊ ဒါတို့မြေနဲ့ တို့ပိုင်တဲ့မြေ”။ ။
................................................

စောဝေ

Via http://www.heinnfivestrings.blogspot.com/2013/01/blog-post_6446.html#more

Thursday, March 28, 2013

ကလေးများကို ဆုံးမခြင်း

ဘုရားရှင်သည် ဇေတ၀န်ကျောင်း၌ သီတင်းသုံး နေတော်မူ၏။ နွေးဦးနံနက် နေခြည်နုနုသည် ကျောင်းတော်ကို အနွေးဓာတ် ပေးနေ၏။ အရိယာတို့ ကျက်စားရာ သာဝတ္ထိ မြို့တော်သည် နွေးထွေးစွာ အေးချမ်းနေ၏။ နွေဦးရာသီဖြစ်၍ ကောင်းကင်ပြင် ကြည်လင်နေသည်။ ကျောင်းရိပ်ခိုသည့် ကျေးငှက် သာရကာတို့ အစာရှာ ထွက်နေကြလေပြီ။ အတောင်သာလျှင် ၀န်ရှိသည့် ငှက်တို့နှင့် အလားတူသော ဘုရားရှင်နှင့် တပည့်သား သံဃာတော်တို့ မြို့တွင်းသို့ ဆွမ်းခံဝင်ရန် အချိန်ကျရောက်လေပြီ။ ထို နံနက်ခင်း၌ ဘုရားရှင်သည် မြို့တွင်းသို့ တစ်ပါးတည်း ဆွမ်းခံကြွတော်မူ၏။
ဘုရားရှင် ဆွမ်းခံ ကြွတော်မူသည့် လမ်းတစ်နေရာ၌ ခုနစ်နှစ် ရှစ်နှစ်အရွယ် ကလေးတစ်အုပ် အုတ်အော်သောင်းနင်း ဖြစ်နေ၏။ ကလေးတို့သည် လမ်းဘေးရှိ ခြုံတစ်ခုကို ၀ိုင်းရံထားကြ၏။ ခြုံထဲသို့ ခဲနှင့် ပစ်ပေါက်နေကြသည်။ ခြုံထဲ၌ ပိတ်မိနေသော မြွေတစ်ကောင်သည် ကလေးတို့ ပစ်ခတ်သည့် ခဲဒဏ်ကြောင့် သေလုမြောပါး ဖြစ်နေ၏။ ကလေးများဆီသို့ တပြစ်ပြစ် ထွေးခဲ့ရ၍ သူ့တံတွေးတို့ ခန်းခြောက်လေပြီ။ ရှိရှိသမျှ သူ့မာန်တို့လည်း ကုန်လေပြီ။ ပါးပျဉ်းထောင်၍ မြွေမာန် မပြနိုင်တော့ဘဲ တွန့်လိမ်လျက်သာ လဲလျောင်းနေရလေတော့၏။
မြွေဆီသို့ အာရုံရောက်နေကြသော ကလေးတို့သည် ဘုရားရှင် ကြွတော်မူလာသည်ကို သတိမထားမိလိုက်ကြပေ။ ဘုရားရှင်သည် ကလေးများ အနီးသို့ ချဉ်းကပ်၍ ကလေးတို့ကို ပျူပျူငှာငှာ စကားဆိုတော်မူ၏။
“ကလေးတို့ . . . ဘာဖြစ်လို့ မြွေကြီးကို နှိပ်စက်နေကြတာလဲ . . .။ သတ်နေကြတာလား . . .။”
နှုတ်လေးသည့် ကလေးများ ခေါင်းငုံ့ မျက်လွှာချလျက် တိတ်ဆိတ်နေကြ၏။ တစ်ချို့က အချင်းချင်း မျက်လုံးနှင့် စကားပြောနေကြ၏။ ဘုရားရှင်ကိုကား မျက်နှာချင်း မဆိုင်ရဲကြပေ။ ရဲတင်း၍ နှုတ်သွက်သည့် ကလေးတို့ကား ဘုရားရှင်ကို တစ်ယောက်တစ်ပေါက် ပြန်လည် လျှောက်ထားကြ၏။
“ဘုန်းဘုရား . . . သတ်တာတော့ မဟုတ်ဘူးလေ . . .။”
“သူက သားတို့ကို ကိုက်မှာ . . .။ သူ မကိုက်နိုင်အောင် သားတို့က အရင်ချတာ . . .။”
“မြွေကြီး တော်တော်တော့ နာနေပြီ . . .။ ဘုန်းဘုရား ရောက်လာလို့ပေါ့။ မဟုတ်ရင် သေလောက်ပြီ . . .။”
“အဲဒီ မောင်သာမဆိုတဲ့ကောင် ကလေးပေမယ့် တော်တော် လက်ဖြောင့်တယ်။ သူပစ်တဲ့ခဲ အားသိပ်မပြင်းလို့သာပေါ့။ သူပစ်လိုက်ရင် ချက်တိုင်းချက်တိုင်း မြွေကို ထိတာချည်းပဲ။”
ကလေးအဖွဲ့တွင် အငယ်ဆုံးဖြစ်သူ မောင်သာမသည် ဘုရားရှင်၏ အနီး၌ ရှိနေ၏။ မောင်သာမသည် သူ ကျုးလွန်မိသော ပြစ်မှုအတွက် ကြောက်လန့် ရှက်ရွံ့နေ၏။ အထူးသဖြင့် ဘုရားရှင်၏ ရှေ့တော်မှောက်၌ နာမည်ဖော်၍ အပြောခံလိုက်ရသောကြောင့် မနေတတ် မထိုင်တတ် ဖြစ်နေ၏။ ခေါင်းငုံ့လျက် မျက်လွှာချထားရင်း လက်ချောင်းများကို ချိုးနေ၏။ မောင်သာမ၏ အခြေအနေကို ရိပ်စားမိသော မောင်ဝဏ္ဏသည် မောင်သာမ၏ အနီးသို့သွား၍ မောင်သာမ၏ ပခုံးကို ဖွဖွဆုပ်ကာ အသံတိတ် အားပေးနေ၏။ ငိုမယောင် မျက်နှာထားနှင့် မျက်တောင်သာ ပေကလပ် ပေကလပ် တွင်တွင်ခပ်ရင်း အောက်နှုတ်ခမ်းကို အပေါ်သွားများနှင့် ဖိကိုက်နေသူ မောင်သာမသည် ဒဏ်ရာရနေသော မြွေကြီးကို မ၀ံ့မရဲ လှမ်းကြည့်လိုက်ပြီး ၀မ်းသာအားရ အော်လေ၏။
“ဟော . . .။ မြွေကြီး ပြေးတော့မယ်။ မသေဘူး။”
ကလေးအားလုံး မြွေဆီ ကြည့်လိုက်ကြပြီး ဘုရားရှင်နှင့် မောင်သာမတို့ ရှိရာဘက်သို့ ပြေးလာကြ၏။ မြွေလည်း တစ်ခြားတစ်ဘက်မှ ထွက်သွား၏။ သေလုမျောပါး ဒဏ်ရာရနေသော မြွေ မသေဘဲ လွတ်မြောက်သွား၍ စိုးရွံ့ထိတ်လန့်မှု သက်သာပြီး လွတ်လပ်ပေါ့ပါးသွားသည့် မောင်သာမကို ကြည့်၍ ဘုရားရှင် ပြုံးတော်မူ၏။ မောင်သာမ၏ ခေါင်းကို ယာလက်တော်ဖြင့် ညင်သာစွာ ပုတ်လျက် နှစ်သိမ့်အားပေးတော်မူ၏။
“ဟုတ်ပါတယ် . . . မောင်သာမ . . .။ မင့်မြွေကြီး မသေပါဘူး။ ဒဏ်ရာတော့ ရသွားတာပေါ့။ သက်သာသွားမှာပါ . . .။ ကလေးတို့ . . . စိတ်ပူမနေကြပါနဲ့။”
ဘုရားရှင်၏ အနီးအပါး၌ ၀န်းရံနေကြသော ကလေးတို့သည် ကိုင်ဆောင်ထားသည့် ခဲများကို လမ်းဘေးသို့ လွှင့်ပစ်လိုက်ကြ၏။ ဘုရားရှင်၏ ရှေ့တည့်တည့်၌ ရှိနေကြသော ကလေးတို့သည် ဘုရားရှင်၏ အသရေ ပြည့်ဝသော မျက်နှာတော်ကို အတန်ကြာအောင် ငေးစိုက် ကြည့်နေကြ၏။ ဘုရားရှင်၏ နောက်တော်၌ ရှိနေသော ကလေးတစ်ယောက်သည် ဘုရားရှင်၏ သင်္ကန်းတော်ကို ဘုရားရှင် မသိအောင် ညင်ညင်သာ ကိုင်ကြည့်ရင်း သူ့ဘေးက ကလေးတစ်ယောက်ကို လျှာထုတ်ပြနေ၏။ ကလေးများ အားလုံး ဘုရားရှင်နှင့် ရင်းနှီးကျွမ်းလိုကြဟန် တူသည်။
“ကလေးတို့ . . . ငါ့နောက်မှာ မနေကြနဲ့။ ရှေ့ကို လာခဲ့ကြ”ဟု ဘုရားရှင်က ခေါ်တော်မူလိုက်၏။
ထိုအခါ ကလေးများအားလုံး ဘုရားရှင်၏ ရှေ့တော်မှောက်၌ စုဝေးမိလေသည်။ ဘုရားရှင်၏ သင်္ကန်းတော်ကို တိတ်တဆိတ် ကိုင်ကြည့်ခဲ့သော ကလေးငယ်သည် သူ၏ ခိုးကြောင်ခိုးဝှက် ကိစ္စကို ဘုရားရှင် သိလေသလားဟု သံသယဖြစ်မိ၏။ သို့သော် ဘုရားရှင်က သူ့ကို ငေါက်ငမ်းလိမ့်မည် မဟုတ်ဟူ၍ကား သူ အခိုင်အမာ ယုံကြည်ထားသည်။
“ကလေးတို့ . . .။ သက်ရှိ သတ္တ၀ါ အားလုံးဟာ ချမ်းချမ်းသာသာ နေချင်ကြတယ်။ ကလေးတို့ ပျော်ချင်ကြတယ် မဟုတ်လား။ ဘေးကင်းချင်ကြတယ် မဟုတ်လား။ လူလိမ္မာဆိုတာ စာနာတတ်ရတယ်။ ကြင်နာတတ်ရတယ်။ ကိုယ် ချမ်းသာဖို့၊ ကိုယ်ဘေးကင်းဖို့ သူတစ်ပါးကို ညှင်းဆဲတဲ့သူ၊ လက်နက်နဲ့ တိုက်ခိုက်တဲ့သူဟာ ဘ၀သံသရာမှာ ချမ်းသာသုခ မရရှိနိုင်ဘူး။ ကိုယ်ချင်းစာတတ်မှ၊ သူတစ်ပါးကို ငဲ့ညှာတတ်မှ ချမ်းသာမယ်။ နားလည်ကြရဲ့လား။”
“မှန်ပါ ဘုရား . . .။”
“ကလေးတို့ . . . ဒီ သာဝတ္ထိ မြို့ထဲမှာ။ ကိုယ်အင်္ဂါ မပြည့်စုံတဲ့သူတွေ၊ ရုပ်ရည်အဆင်း မလှပတဲ့သူတွေ မြင်ဖူးကြတယ် မဟုတ်လား။”
“ဘုန်းဘုရား . . . သစ်ပင်ပိလို့ ခြေတစ်ဘက် ပြတ်သွားတဲ့ စဏ္ဍာလကြီး ၀စ္ဆလို လူမျိုးလား . . .”
“ဟုတ်တာပေါ့ . . .။”
“ရက်ကန်းသည်မကြီး ၀ိသာဆိုရင် သွားခေါခေါ မျက်လုံးစွေစွေနဲ့။ အသားအရေကလည်း ခြောက်ကပ်နေတာပဲ။ ကျက်သရေကို မရှိဘူး။”
“ဟုတ်ပြီ . . . ကလေးတို့။ ကိုယ်အင်္ဂါချို့တဲ့သူတွေ၊ အရုပ်ဆိုး အကျည်းတန်သူတွေ၊ နောက်ပြီး အားအင်ချိနဲ့သူတွေ၊ လေးလံထိုင်းမှိုင်းသူတွေ၊ ကြောက်ရွံ့ထိတ်လန့်လွယ်သူတွေ၊ အနာရောဂါ များသူတွေ၊ အခြွေအရံ အပေါင်းအသင်းမရှိဘဲ အထီးကျန်နေရသူတွေဟာ အတိတ်ဘ၀က သူတစ်ပါးကို သတ်ဖြတ်ညှင်းဆဲခဲ့လို့ ခုဘ၀မှာ အဲဒီလိုတွေ ဖြစ်နေကြရတာပဲ။
တစ်ချို့ ကလေးတွေ ငယ်ငယ်ရွယ်ရွယ်နဲ့ သေဆုံးသွားရတာ၊ တစ်ချို့ အရွယ်မရင့်သေးဘဲ သေဘေးဆိုက်ရတာတွေလည်း ကလေးတို့ မြင်ဖူး ကြားဖူးကြတယ် မဟုတ်လား။ အဲဒါတွေလည်း သတ်ဖြတ်ညှင်းဆဲခြင်းရဲ့ အကျိုးဆက်ကို ခံယူလိုက်ကြရတာပဲ။”
“သဘောပေါက်ပါပြီ ဘုရား . . .။”
“ဘုန်းဘုရား . . . မသတ်ဖြတ် မညှင်းဆဲဘဲ သနားကြင်နာတတ်တဲ့ သူဆိုရင် ဘ၀တိုင်း ဘ၀တိုင်း ရုပ်ချောမှာပေါ့။ အသက်ရှည်မှာပေါ့. . .။ ဒါဆိုရင်တော့. . . ကိုယ်ချင်းစာပြီး ကြင်နာမှ ဖြစ်မယ် . . .။”
“ကလေးတို့ . . . သနားကြင်နာတတ်တဲ့သူတွေ ရုပ်ဆင်းရူပကာ ချောမောလှပတာ၊ ရက်ရက်စက်စက် နှိပ်စက်သတ်ဖြတ်တတ်တဲ့ ဒေါသအိုးတွေ အရုပ်ဆိုး အကျည်းတန်တာကတော့ ဘ၀သံသရာမှာ မပြောနဲ့ ခုဘ၀မှာကိုပဲ ထင်ရှားတယ်။ ဒေါသထွက်နေတဲ့သူတွေ၊ စိတ်ဆိုးနေတဲ့သူတွေ၊ စိတ်ညစ်နေတဲ့သူတွေဟာ ရုပ်ရည်လှလို့လား။
မျက်နှာထား ပုပ်သိုးသိုးနဲ့ အရုပ်ဆိုးနေကြတာ မဟုတ်လား။
သနားကြင်နာတတ်တဲ့ သူတွေကတော့ ဖော်ရွေတဲ့ အပြုံးနဲ့ လှနေကြတာ မဟုတ်လား။ ပင်ကိုယ်က ဘယ်လောက် ချောမောလှပတဲ့ သူပဲဖြစ်ဖြစ် ဒေါသထွက်နေရင် လှတော့လို့လား။ အပြုံးပန်းကတော့ အကျည်းတန်သူကိုတောင် လှစေနိုင်တယ်။ ငိုမဲ့တဲ့ ကလေးနဲ့ ပြုံးရယ်တဲ့ ကလေး ဘယ်သူက ပိုလှသလဲ။ ဘယ်သူက ပိုပြီး ချစ်စရာ ကောင်းသလဲ။ တောက်ပတဲ့ အကြင်နာ အပြုံးတစ်ပွင့်ဟာ လောကတစ်ထောင်ကို ကမ္ဘာတစ်ထောင် လင်းလက်စေနိုင်တယ် ကလေးတို့ . . .။”
ဘုရာရှင်၏ မေတ္တာ ကရုဏာ ကြွယ်ဝသော အပြုံးဓာတ်သည် ကလေးများထံ ကူးရောက်ပြန့်နှံ့သွား၏။ ဖြူဖြူစင်စင် အပြစ်ကင်းသော ကလေးတို့ မြတ်နိုးဖွယ် ပြုံးပျော်နေကြသည်။ ကလေးများနှင့် ဘုရားရှင်တို့ အတိုင်အဖောက်ညီညီ အပြန်အလှန် စကားဆိုနေကြရာ မောင်သာမလည်း ရဲစိတ်ဝင်လာပြီး နှုတ်ဆိတ်မနေနိုင်တော့ပေ။ ဘုရားရှင်ကို ရိုသေစွာ လက်လုပ်ချီရင်း ချိုကြည်စွာ လျှောက်ထားလိုက်၏။
“ဘုန်းဘုရား . . . သား . . . တစ်သက်လုံး သတ်ဖြတ်တာတွေ၊ ညှင်းဆဲတာတွေ မလုပ်တော့ပါဘူးဆိုတာကို ဘုန်းဘုရားသိအောင် သူငယ်ချင်းတွေသိအောင် ကတိပေးပါတယ် ဘုရား . . .။”
ကလေးအားလုံး မျက်လွှာချထားလျက် ဘုရားရှင်ကို လက်အုပ်ချီနေကြသည်။ ကလေးငယ်တို့သည် နုနယ်သူတို့ သဘာဝအလျောက် မိုက်မှားမိခဲ့ကြ၏။ သို့သော် မျိုးကောင်းမျိုးသန့် ကလေးများ၊ မိကောင်းဖကောင်းတို့၏ သားထူးသားမြတ်ကလေးများ၊ ပါရမီရှင်လေးများ ဖြစ်ကြသည့် အားလျော်စွာ ဘုရားရှင်၏ ဆုံးမသွန်သင်မှုကို ခံယူရရှိသောအခါ ကလေးအားလုံး ဉာဏ်အလင်း ပေါက်သွားကြလေ၏။
အရွယ်ပင် ငယ်သော်လည်း အရိယာမဂ် ပထမအဆင့်ထိ ရောက်သွားကြ၏။ အရိယာ သူတော်စင်လေးများ ဖြစ်သွားကြပြီး တစ်သက်တာလုံး သတ်ဖြတ်မှု ညှင်းဆဲမှုများကို ရှောင်ကြဉ်ကြလေ၏။ ဘုရားရှင်ကိုလည်းကောင်း၊ ဘုရားရှင်၏ အဆုံးအမ မှန်သမျှကိုလည်းကောင်း၊ ဘုရားရှင်၏ တပည့်သား သံဃာတော် အားလုံးကိုလည်းကောင်း အသက်ထက်ပင် မြတ်နိုးနိုင်သော အာဂယောက်ျားလေးများ ဖြစ်သွားကြလေ၏။ အရွယ်ရောက်သောအခါ သာသနာတော်ကို အားတက်သရော ထောက်ပံ့ကြလေ၏။
:)
ရှင်အာစာရ

မြန်မာပြည်မှမြန်မာလူမျိုး

Tuesday, March 26, 2013

ဗုဒ္ဓဟောကြားခဲ့သော သာသနာတော်၏ အနာဂတ်

ဗုဒ္ဓဟောကြားခဲ့သော သာသနာတော်၏ အနာဂတ်
(www.infinitydhamma.com)

ဗုဒ္ဓမြတ်စွာဘုရားသည် ကပိလဝတ်ပြည် နိဂြောဓာရုံကျောင်း၊ ရွှေသလွန်ထက်၌ သီတင်းသုံးနေတော်မူစဉ် အရှင်သာရိပုတ္တရာ၊ အရှင်အာနန္ဒာ အစရှိသော သံဃာတော်ရှစ်ကျိပ်၊
ရွှေသင်္ကန်းတစ်စုံ လာရောက်လှူဒါန်းသော မိထွေးတော် ဂေါတမီနှင့် သာကီဝင်မင်းသား, မင်းသမီး ငါးရာ၊ စုစုပေါင်း ငါးရာရှစ်ဆယ်သော ပရိသတ်တွေ၏ ရှေ့မှောက်၌ အရှင်သာရိပုတ္တရာ၏ တောင်းပန်
လျှောက်ထားချက်အရ ဗုဒ္ဓမြတ်စွာဘုရားရှင်သည် အရဟတ္တဖိုလ် ဈာန်သမာပတ်ဝင်စားပြီး အဇိတရဟန်းငယ်မှာ နောင်အနာဂတ် ကာလ၌ အရိမေတ္တေယျ ဘုရားဖြစ်တော်မူမည့် အကြောင်း ဟောကြားရာတွင် သာသနာငါးမျိုး ကွယ်ပပုံအကြောင်းကို ထည့်သွင်းဟောကြားခဲ့လေသည်။

“ချစ်သား သာရိပုတ္တရာ...ငါဘုရား ပရိနိဗ္ဗာန်စံဝင်ပြီး ကာလကြာသော် တဖြည်းဖြည်း သာသနာဆုတ်ယုတ် လာပြီးလျှင် သာသနာငါးထောင်ပြည့်တဲ့အခါ ငါဘုရားရဲ့ သာသနာတော်ကြီး ကွယ်ပျောက်လိမ့်မည်။”

ဗုဒ္ဓမြတ်စွာဘုရားရှင် ပရိနိဗ္ဗာန်စံဝင်ခါနီးအချိန်တွင် နောက်ဆုံးသာဝက သုဘတ္တပရိဗိုလ်အား
ဟောကြားခဲ့သော တရားဒေသနာတော်၌ သမ္မာဝိဟနေယျုံ-ငါဘုရား၏ သာသနာတော် အတွင်းမှာ နေထိုင်သီတင်းသုံးကြသည့် ရဟန်းသာမဏေအားလုံး သီလ၊ သမာဓိ၊ ပညာ ပြည့်စုံစွာဖြင့် ပရိယတ်၊ ပဋိပတ်များကို ပွားများကျင့်ကြံအားထုတ်ကြမည်။ ဒါယကာ ဒါယိကာမများကလည်း ပစ္စည်းလေးပါး ထောက်ပံ့လှူဒါန်းမှုတွေ ပြုနေသမျှကာလပတ်လုံး အနှစ်ငါးထောင်မက နှစ်ပေါင်းများစွာ တည်ရှိနေမည် ဖြစ်သည်။

ထိုဒေသနာတော် ဟောကြားချက်အရဆိုလျှင် သာသနာတော်ကြီး ကြာမြင့်စွာ အရှည်အခန့်တည်တံ့ 
နိုင်ဖို့အရေး၊ သာသနာတော်ကြီး မကွယ်မပျောက်ဖို့အရေးသည် သာသနာ့ဝန်ထမ်း ရဟန်း၊ သာမဏေများ နှင့် ပစ္စည်းလေးပါး လှူဒါန်းထောက်ပံ့ကြသည့် ဒါယကာ ဒါယိကမများအပေါ်တွင် အဓိက တည်မှီလျက် ရှိလေသည်။ အနာဂတဝင် ကျမ်းအလိုအရ သာသနာငါးထောင်ပြည့်လျှင် ကွယ်ပမည့် သာသနာငါးမျိုးရှိ၏။

ထိုငါးမျိုးမှာ---
* ပရိယတ္တိ သာသနာ
* ပဋိပတ္တိ သာသနာ
* ပဋိဝေဓ သာသနာ
* လိင်္ဂ သာသနာ
* ဓာတု သာသနာ-တို့ ဖြစ်သည်။ 

ပါဠိမြန်မာ တွဲ၍ ဖွင့်ဆိုကြည့်မည်ဆိုလျှင်
* စာသင် စာချ ပြုလုပ်နေခြင်းကို ပရိယတ္တိ သာသနာ။
* တရားဟော, တရားပြ, တရားအားထုတ်နေခြင်းကို ပဋိပတ္တိ သာသနာ။
* ထိုးထွင်း၍ သိခြင်း, ဈာန်တရား မဂ်တရား ဖိုလ်တရား-တို့ကို ရရှိခြင်းကို ပဋိဝေဓ သာသနာ။
* ရှင်သာမဏေများ ကျူးလွန်လျှင် ရှင်သာမဏေအဖြစ်မှ လျှောကျစေသော သိက္ခာပုဒ်ဆယ်ပါးကို လိင်္ဂ သာသနာ။
* မြတ်စွာဘုရားရှင်၏ ဓာတ်တော်, မွေတော်တွေကို ဓာတု သာသနာ။

မြတ်စွာဘုရား ပရိနိဗ္ဗာန်စံပြီးနောက်ကာလ နှစ်ပေါင်းတထောင်ကျော်လောက်စပြီး သာသနာငါးမျိုး အစဉ်အတိုင်း ကွယ်ပလာလိမ့်မည်ဖြစ်သည်။
ထိုသို့သော ခေတ်ကာလရောက်လျှင် အမျိုးယုတ်သော မင်းတို့သည် တရားမစောင့်လတံ့၊ မင်း တရားမစောင့်၍ အမတ်၊ စစ်သူကြီးတို့လည်း တရားမစောင့်လတံ့၊ အမတ်, စစ်သူကြီး တရားမစောင့်၍ ပြည်ရွာ နိဂုံးသူတို့ တရားမစောင့်လတံ့။ ထို့ကြောင့် ရာသီဥတုဖောက်ပြန်၍ မိုးကောင်းစွာ မရွာ မိုးမရွာ၍ ကောက်ပဲ သီးနှံစပါးတွေမရ၊ မရတော့ ဒကာ ဒကာမတွေက ရဟန်းသံဃာတို့အား ပစ္စည်းလေးပါး မလှူဒါန်းနိုင်၊ မလှူနိုင်၍ လာဘ်လာဘတွေ မရ ရှားပါးလာကုန်၏။ စာသင်စာချ ရဟန်းတွေ လာဘ်လာဘမရ၊ ရှားပါးလာတဲ့အခါ လာဘ်လာဘတွေပေါများဖို့အတွက် ကြံစည်လုပ်ဆောင်သည့်ရဟန်းတွေ များပြားလာတော့၏။

လူပုဂ္ဂုလ် ဒကာ ဒကာမတွေကလည်း စာသင် စာချရဟန်းတွေ၊ ဘုန်းကြီးတွေကို မလှူဒါန်း၊ မကြည်ညိုကြတော့ဘူး၊ ထိုအခါ ရဟန်းတွေကလည်း စာသင်စာချ ပရိယတ္တိလုပ်ငန်းတွေကို စိတ်မဝင်စားဘဲ ဘယ်လိုနည်းမျိုးနဲ့ ပစ္စည်းလေးပါး လာဘ်လာဘရပါ့မလဲ၊ လူပုဂ္ဂိုလ် ဒကာ ဒကာမတွေ အထင်ကြီး ကိုးကွယ်မှုရအောင် ဘယ်လိုလုပ်ရပါ့မလဲဟူ၍သာ တွေးတောကြံစည်နေသောကြောင့် ပရိယတ္တိသာသနာတော်ကြီး တဖြည်းဖြည်း ကွယ်စပြုလာတော့သည်။

အခြေခံ ပရိယတ်စာပေတွေ မသင်၊ စာမတတ်၊ စာမတတ်တော့ တရားမဟောနိုင်၊ ဝိပဿနာတရားတွေ မပြနိုင်တော့ ကျင့်ရမည့်တရားတွေ မသိ၊ မသိတော့ မကျင့်နိုင်၊ မကျင့်နိုင်ကြ၍ ပဋိပတ္တိသာသနာတော်ကြီး ကွယ်လေတော့၏။ အခြေခံအကြောင်းဖြစ်သော ပရိယတ္တိ၊ ပဋိပတ္တိ သာသနာနှစ်မျိုး မရှိခဲ့လျှင် အကျိုးဖြစ်သော မဂ်, ဖိုလ်, နိဗ္ဗာန်ကို မရနိုင်တော့ပါ။ ထိုအခါ ပဋိဝေဓ သာသနာတော်ကြီး ကွယ်လေပြီ ဖြစ်သည်။

ထိုခေတ်ကာလရောက်လျှင် သာသနာ့ဝန်ထမ်း ရဟန်းတော်တွေကလည်း ဖန်ရည်စွန်းသောသင်္ကန်းကို ဝတ်ရုံထားခြင်းဖြင့် အကျိုးမရှိနိုင်တော့ဟု ယူဆကြပြီး ဦးခေါင်း၌ဖြစ်စေ, လည်ပင်း၌ဖြစ်စေ, သင်္ကန်းစ ကလေး တထွာ, တမိုက် ဆုပ်ချီထားကြပြီး အိမ်ထောင်ပြု၊ မိန်းမယူ၊ သားသမီးတွေမွေး၊ စီးပွားရေး, ကြီးပွားရေးလုပ်၊ ကုန်ထုတ်ကုန်သွယ် အရောင်းအဝယ်တွေ လုပ်ကြတော့မှာဟု ဆိုသည်။

ထိုသို့ လောကီအာရုံ ကာမဂုဏ်တွေ ခံစားနေကြရာမှ ကာလအတန်ကြာညောင်းလာသောအခါ သင်္ကန်းစဆောင်ထားရုံဖြင့် ဘာအကျိုးရှိမလဲဆိုပြီးတော့ ချုံတွေ၊ ငုတ်တွေ၊ တိုင်တွေပေါ်မှာ သင်္ကန်းစတွေကို တင်ထားကြလိမ့်မည်။ ထိုအခါ ရဟန်းအသွင်၊ သာမဏေ အသွင်တွေ ပျောက်ကွယ်ကြလိမ့်မည်။ ထိုအခါ လိင်္ဂသာသနာ ကွယ်လေပြီ ဖြစ်သည်။

ဓာတုသာသနာ ကွယ်ပြီဆိုတာကတော့ မြတ်စွာဘုရားရှင်၏ ဓာတ်တော်တွေ ပရိနိဗ္ဗာန်စံဝင် ကွယ်ပျောက်ခြင်းကို ဆိုလိုခြင်းဖြစ်သည်။ ဤတွင် ဓာတုသာသနာ ပရိနိဗ္ဗာန်စံဝင်ခြင်း သုံးမျိုးရှိကြောင်း တွေ့ရပြန်၏။ ယင်းမှာ---
* ကိလေသ ပရိနိဗ္ဗာန်
* ခန္ဓ ပရိနိဗ္ဗာန်
* ဓာတု ပရိနိဗ္ဗာ...ဟူ၍ ဖြစ်သည်။

ကိလေသ ပရိနိဗ္ဗာန် ဆိုသည်မှာ---
ဘုရားဖြစ်သည့်နေ့သည် ကိလေသာပရိနိဗ္ဗာန် စံဝင်သောနေ့ ဖြစ်သည်။ ဘုရားဖြစ်တော့ လောဘ, ဒေါသ, မောဟ, မာန, ရာဂ စသော ကိလေသာတွေ ကွယ်ပျောက်ချုပ်ငြိမ်းသွား၏။ အရဟတ္တမဂ်ဉာဏ်နှင့် ကိလေသာတွေကို အပြီးအပိုင် သတ်ဖြတ်လိုက်လိုက်ပြီဖြစ်၍ ကိလေသာတွေ ကုန်ခန်းငြိမ်းအေးသွားခြင်းကို ကိလေသ ပရိနိဗ္ဗာန်ဟု ခေါ်ဆိုလေ၏။

ခန္ဓ ပရိနိဗ္ဗာန် ဆိုသည်မှာ---
မြတ်စွာဘုရား၏ ခန္ဓာချုပ်ငြိမ်းသွားခြင်းကို ခေါ်ဆိုခြင်းဖြစ်သည်။ မဟာသက္ကရာဇ် (၁၄၈)ခုနှစ် ကဆုန်လပြည့်နေ့ ညဥ့်သန်းခေါင်ယံအချိန် ကုသိနာရုံ မလ္လာမင်းတို့၏ အင်ကြင်းဥယျာဉ်တောမှာ ပရိနိဗ္ဗာန် စံဝင်သွားခြင်းကို ခန္ဓပရိနိဗ္ဗာန်ပြုသည်ဟု ခေါ်ဆိုသည်။

ဓာတု ပရိနိဗ္ဗာန် ဆိုသည်မှာ---
ဘုရားရှင်၏ သာသနာငါးထောင်ပြည့်သော အခါကာလရောက်လျှင် လူတွေကလည်း ငါဘုရား၏ သာသနာတော်ကို ပူဇော်သက္ကာရ ပြုကြတော့မည် မဟုတ်။ ထိုအခါ ကျလျှင် လူ့ပြည်၊ နတ်ပြည်၊ နဂါးပြည်၊ ဂဠုန်ပြည်တို့၌ ရှိကြသော ငါဘုရား၏ဓာတ်တော် အားလုံးတို့သည် မဟာဗောဓိပင်သို့ ပြောင်းရွှေ့စုပုံ၍ ငါဘုရားရှင် သက်တော်ထင်ရှားရှိစဉ်ကဲ့သို့ နိမ္မိတရုပ်ပုံသဏ္ဌာန်ဖန်ဆင်း၍ ယမိုက်ပြာဋိဟာ ပြလိမ့်မည်။

စကြာဝဠာတိုက်တသောင်းမှာ ရှိနေကြသည့် နတ်၊ ဗြဟ္မာအပေါင်းတို့က မြတ်စွာဘုရား၏ ဓာတ်တော်တွေ စုဝေးစုပုံပြီး ဓာတုပရိနိဗ္ဗာန် စံဝင်တော့မည့်အကြောင်းကို ကြားသိရသောအခါ နုဿတိ လောကော
-လောကကြီး ပျက်စီးပြီ၊ လောကကြီး အမှောင်ထုကျ ဖုံးလွှမ်းသွားပြီ-ဟု ပြောဆိုပြီးတော့ နတ်၊ ဗြဟ္မာအပေါင်းတွေက ငိုကြွေးပူဆွေးကြလိမ့်မည်။ ထိုသို့ နတ်၊ ဗြဟ္မာတွေက ငိုကြွေးလျက် ဓာတ်တော်များစုဝေးရာ ဗောဓိပင်သို့ လာရောက်ကြပြီး ဖူးမြော်ကြ၊ တရားနာကြ၊ ကြည်ညိုကြတဲ့အခါမှာ ဓာတ်တော်တွေ အားလုံးတို့က နိမ္မိတဘုရားအသွင်ဖြင့် ရောင်ခြည်တော်(၆)ပါး အမျိုးမျိုး အဖုံဖုံလွှတ်ပြီး ဂန္ဓမာဒနတောင်မှာ တရားဟောကြားလိမ့်မည်။ တရားတော်ကို နာကြားရ၍ နတ်-ဗြဟ္မာ ပရိသတ်အပေါင်း ကုဋေတသိန်း အရိယာပုဂ္ဂိုလ်တွေ ဖြစ်ကြလိမ့်မည်။ ဓာတ်တော်, မွေတော် အားလုံး အကြွင်းမရှိ
တေဇောဓာတ် လောင်ကျွမ်းပြီးသကာလ အကြွင်းမရှိ အနုပါဒိသေသ ပရိနိဗ္ဗာန် စံဝင်တော်မူလိမ့်မည်။ ထိုအချိန်ကာလမှစ၍ ဗုဒ္ဓမြတ်စွာဘုရားရှင်၏ သာသနာတော်ကြီး လုံးဝမရှိတော့ဘဲ ကွယ်ပျောက်လိမ့်မည် ဖြစ်သည်။

သို့ဖြစ်၍ ဗုဒ္ဓဘာသာဝင် သူတော်စင်အပေါင်းတို့သည် ပရိယတ်၊ ပဋိပတ်၊ ပဋိဝေဓ ဟူသော သာသာနတော်သုံးရပ် မကွယ်မပျောက် အဓွန့်ရှည်တည်တံ့စေရေးကို စွမ်းအားရှိသမျှ အပတ်တကုတ် အားထုတ်ကြိုးပမ်းကြရမည် ဖြစ်သည်။ သာသနာ့ဝန်ထမ်း ရဟန်းသာမဏေများက ပရိယတ်၊ ပဋိပတ်၊ စာပေကျမ်းဂန်များကို သင်ကြားခံယူ ကျင့်ကြံပွားများကြရန် လိုအပ်သကဲ့သို့ လူပုဂ္ဂိုလ် ဒကာ ဒကာမများအပိုင်းကလည်း စေတနာသဒ္ဓါတရား ပြည့်ဝထက်သန်စွာ ပစ္စည်းဝတ္ထုများ လှူဒါန်းထောက်ပံ့ခြင်းများပြု၍ သာသနာတော်ကြီး စည်ပင်ထွန်းကားရေးကို ကြိုးပမ်းထမ်းရွက်ကြပါရန် တိုက်တွန်းရေးသားအပ်ပေသည်။

မောင်ထည်ဝါ (ပျော်ဘွယ်)
ကျမ်းကိုး။ ။ အရှင်ဥတ္တမ မောဠိ (သာသနဓဇ ဓမ္မာစ၇ိယ) ရေးသားသော ပန်ချင်သူများ ခေါင်းဖြီးထား တရားတော်။
( ဂမ္ဘီရ ၂၀၀၉-ဇူလိုင်လ) 

မေတ္တာဖြင့် စုစည်းသူ
အနှိုင်းမဲ့စာတိုပေစများ

Monday, March 25, 2013

သာသနာ့အလံဖြစ်ပေါ်လာပုံနှင့် တီထွင်သူအမှန်

သာသနာ့အလံဖြစ်ပေါ်လာပုံနှင့် တီထွင်သူအမှန်
********************************

(၁၈၈၅) ခုနှစ်၊ ဧပြီလ(၂၈)ရက်တွင် (သီဟိုဠ်ကျွန်း) သီရိလင်္ကာနိုင်ငံတွင် ကဆုန်လပြည့် (ဗုဒ္ဓနေ့)ကို ခမ်းနားကြီးကျယ်စွာ ကျင်းပရန် အထူးအစီအစဉ်ရှိ နေသည့် ဗုဒ္ဓနေ့ အထိမ်းအမှတ်ပွဲတော်ကြီးနှင့်အခြား ဘာသာရေးပွဲတော်များတွင်ပါ သာသနာ့အလံတော်ကို အမှတ်တရ အဖြစ်လွှင့်ထူရန် စဉ်းစားခဲ့ကြသည်။ ထို့ကြောင့် ဗုဒ္ဓဘာသာဝင်ဖြစ်သော ကိုလံဘို မြို့သူမြို့သားတို့သည် မိရိုးဖလာ ကိုးကွယ်မှုအထိမ်း
အမှတ်အဖြစ် ဗုဒ္ဓအလံတော် တစ်ခုကို တီထွင်ပြုလုပ်ရန်အတွက် ကြိုးပမ်းခဲ့ကြ၏။
ထိုအလံတော်ကို (၁၈၈၅) ခုနှစ်တွင်ပြုလုပ်ခဲ့သော်လည
်း ဗုဒ္ဓအလံတော်ကို ကမ္ဘာအရပ်ရပ်က အသိအမှတ် ပြုလာကြသည်မှာ နှစ်ပေါင်း ၁၀၀ ကျော်ခန့်မျှသာ ရှိပေသေးသည်။ ကမ္ဘာ့ဗုဒ္ဓသာသနာ့အလံတော်အဖြစ် (၁၉၅၁) ခုနှစ်သို့ ရောက်သောအခါမှသာ ကမ္ဘာတစ်ဝန်းလုံးတွင်ရှိသော ဗုဒ္ဓဘာသာဝင်နိုင်ငံများမှ လက်ခံလာခြင်းဖြစ်သည်။

တီထွင်သူ အစစ်

(သာသနာ့အလံကို ကနဦး တီထွင်သောသူသည် ဟင်နရီ စတီးလ် အိုကော့ ( Henry Steele Olcott ) ဟု ထင်နေကြပြီး အမှန်တကယ်မှာ စီ ပီ ဂုဏ၀ဍ္ဎန ခေါ် ကာရိုလစ် ပူဂျသ ဂုဏ၀ဍ္ဎန (Carollis Pujitha Gune Wardene) ဖြစ်သည်။)

ဟင်နရီစတီးအိုကော့ ( H.S. Olcott )
ဟင်နရီစတီးအိုးကော့ သည် အမေရိကန်နိုင်ငံသား အငြိမ်းစားဗိုလ်မှူးကြီး တစ်ဦးဖြစ်သည်။ အောလ်ကော့ကို ၁၈၃၂ခုနှစ်၊ ဩဂုတ်လ၂ရက်နေ့တွင် နယူးဂျာစီပြည်နယ်၊ Orange မြို.၌ ပရိုတင့်စတင့်ခရစ်ယန် မိဘနှစ်ပါးမှ မွေးဖွားခဲ့သည်။ အသက်(၂၉) နှစ်တွင် အမေရိကန်ပြည်တွင်းစစ်
အတွင်းတပ်မတော်သို့ဝင်ရောက်အမှုထမ်းခဲ့ပြီးဗိုလ်မှူးကြီးအဖြစ်အငြိမ်းစား ယူခဲ့သည်။
အတွေးအခေါ်သမိုင်းနှင့် နိုင်ငံရေးနယ်ပယ် မှာထင်ရှားသူ ဖြစ်ပြီး သီအိုဆိုဖီပညာများကို လေ့လာလိုက်စား၍ တစ်စတစ်စ ဗုဒ္ဓ၀ါဒများကို လိုက်စားရင်းမှ ဗုဒ္ဓဘာသာဝင်တစ်ဦး ဖြစ်လာခဲ့သူပင်။
၁၈၆၁ခုနှစ် အမေရိကန် ပြည်တွင်းစစ်တွင် ငွေဝယ်ကျွန်စနစ်ကို တိုက်ဖျက်လိုသော တပ်မတော်မှ ပါဝင်တိုက်ခိုက်ခဲ့သည်။ အောလ်ကော့ သီရိလင်္ကာနိုင်ငံတွင် ရောက်ရှိနေစဉ်အချိန်က ဗုဒ္ဓဘာသာနှင့် ခရစ်ယန်ဘာသာတို. စကားရည်လုပွဲကြီး ကျင်းပနေသည့်အချိန် ဖြစ်သည်။ ဗုဒ္ဓဘာသာဘက်မှ အရှင်ဂုဏာနန္ဒဆရာတော်နှင့် ခရစ်ယန်ဘက်မှ ဓမ္မဆရာ များ ၁၈၇၃ခုနှစ်တွင် ပနာဒူရမြို.၌ ယှဉ်ပြိုင်ခြင်းဖြစ်သည်။ အကဲဖြတ်မှတ်တမ်းများအရ အရှင်ဂုဏနန္ဒက အကိုးအကား ခိုင်လုံပြီး အရည်အသွေးသာကြောင်း သိရသည်။ ဤပွဲ ဖြစ်ပွားပြီးနောက် ဗိုလ်မှုးကြီးအောလ်ကော့သည် သီရိလင်္ကာ၊ ဂေါလေ (Galle) ၌ တရားဝင် ဗုဒ္ဓဘာသာအဖြစ် ကြေငြာခဲ့သည်။ ၁၈၉၁ခုနှစ်တွင်မန္တလေးသို.လာရောက်ပြီး
သံဃာတော်များကို လာရောက်ဖူးမြော် သေးသည်။
စီပီဂုဏ၀ဍ္ဎန(C.P. Gune Wardene)

စီပီဂုဏ၀ဍ္ဎန သည် ၁၈၅၄-ခုနှစ်၊ ဖေဖော်ဝါရီလ (၁၆)ရက်နေ့တွင် ဖွားမြင်သူဖြစ်သည်။ ထိုအချိန်ကာလက သီဟိုဠ်တွင် ခရစ်ယာန်သာသနာ လွှမ်းမိုးနေချိန်ဖြစ်သည်။ ထို့ကြောင့် ဗုဒ္ဓဘာသာ ပြန်လည်ထွန်းကားရေး နှင့် ဗုဒ္ဓဘာသာဝင်တို့ ဆုံးရှုံးနေသော အခွင့်အရေးများ ပြန်ရရေးအတွက် “ဗုဒ္ဓသာသနာ ကာကွယ်ရေး ကော်မတီ” ကို ၁၈၈၄-ခုနှစ် ဇန်န၀ါရီ(၂၇)ရက်နေ့ တွင် ထူထောင်ခဲ့သည်။ ထိုအသင်းတွင် ဟင်နရီစတီး
အိုးကော့ က စီပီဂုဏ၀ဍ္ဎန ကို အကျိုးတော်ဆောင် အဖြစ် ခန့်အပ်သည်။ စီပီဂုဏ၀ဍ္ဎန သည် ဗုဒ္ဓသာသနာ ပြန်လည်ထွန်းကားရေးအတွက် နှစ်ပေါင်း (၄၀)ခန့်အင်တိုက်အားတိုက် ဆောင်ရွက်ခဲ့လေသည်။

စီပီဂုဏ၀ဍ္ဎန က “ခရစ်ယာန်ဘာသာဝင်များ အတွက် ကြက်ခြေနီ အထိမ်းအမှတ် ရှိသကဲ့သို့ ကမ္ဘာ့ဗုဒ္ဓ သာသနာဝင် အားလုံး အသုံးပြုနိုင်ရန် အလံတော်ကို ဗုဒ္ဓနှင့် သက်ဆိုင်သည့် ရောင်ခြည်တော် ခြောက်ပါး ပါသော အရောင်တို့ကို အသုံးပြုရန်” အကြံပေး တင်ပြခဲ့သည်။ ၎င်း အကြံပေး တင်ပြသော ဗုဒ္ဓသာသနာ့ အလံကို ၁၈၈၅-ခုနှစ် ကဆုန်လပြည့်(ဗုဒ္ဓနေ့)၌ တင်ရန် ကော်မတီဝင် အားလုံးက လက်ခံခဲ့ကြသည်။ ၎င်းအလံပုံစံကို သရသ၀ိ သန္ဒရေသ ( Sarasavi Sandaresa ) စာစောင်တွင် အချပ်ပိုထည့်၍ ၁၈၈၅-ခုနှစ်၊ ဧပြီလ(၁၇)ရက် တွင် ဖော်ပြခဲ့သည်။ သို့သော် ထိုစဉ်က အလံပုံစံ တီထွင်သူ၏ အမည်ကို မဖော်ပြခဲ့ချေ။ သို့သော် စီပီဂုဏ၀ဍ္ဎန ကွယ်လွန်ပြီးနောက် နှစ်နှစ်အကြာ ၁၉၂၈-ခုနှစ်၊ မေလ(၁)ရက်နေ့ထုတ် သုဒနမိန စာစောင်နှင့် ကိုလံဘို ဗုဒ္ဓသာသနာ သီအိုဆိုဖီ အသင်း ရာပြည့်စာစောင်တွင် ဗုဒ္ဓသာသနာ့ အလံ တီထွင်ရေးဆွဲသူမှာ စီပီဂုဏ၀ဍ္ဎန ဖြစ်ကြောင်း ဖော်ပြခဲ့သည်။
ထို့ပြင် ဟင်နရီစတီးအိုးကော့ ကိုယ်တိုင်ကလည်း သူ၏မှတ်တမ်းဟောင်း စာမျက်နှာ( ၄၆၉ ) ၌ “ဗုဒ္ဓသာသနာ့ အလံ တီထွင်ရေးဆွဲသူမှာ သူမဟုတ်ကြောင်း” ထုတ်ဖော် ၀န်ခံထားခဲ့သည်။ အလံလွှင့်တင်ရာ (ဗုဒ္ဓနေ့)တွင် အိုးကော့မှာ အိန္ဒိယနိုင်ငံသို့ ရောက်နေခဲ့ပြီး ၁၈၈၆-ခုနှစ်၊ ဇန်န၀ါရီလ(၂၈)ရက်တွင် သီဟိုဠ်သို့ ပြန်လည်ရောက်မှ သာသနာ့ အလံကို ဦးစွာ မြင်ဖူးခြင်း ဖြစ်သည်။ သို့သော် အလံမှာ အနည်းငယ် ရှည်လျားနေသဖြင့် အမျိုးသား အလံများကဲ့သို့ အချိုးအစားကျအောင် ဆောင်ရွက်ရန် အကြံပေးခဲ့သည်သာရှိ၏။

မြန်မာနိုင်ငံ နှင့် သာသနာ့အလံ
*******************
သာသနာ့အလံတော်ကို သီဟိုဠ် ဂိုဏ်းချုပ် ဆရာတော် အရှင်သီရိ သုမင်္ဂလာထေရ် သည် ၁၉၅၀ ပြည့်နှစ်တွင် သီဟိုဠ်နိုင်ငံလုံးဆိုင်ရာ ဗုဒ္ဓသာသနာ ကွန်ဂရက် အဖွဲ့ကြီး၏ ဥက္ကဌ ဒေါက်တာဂျီပီမာလာ
ဆေထေရ် ၏ ဆန္ဒအရ ကမ္ဘာလုံးဆိုင်ရာ ဗုဒ္ဓသာသနာ ကွန်ဂရက် အစည်းအဝေးကြီးကို ဖိတ်ခေါ်၍ အစည်းအဝေးပြုလုပ် ခဲ့သည်။ မြန်မာနိုင်ငံတွင် (၁၉၅၆) ခုနှစ် ဆဌသင်္ဂါယနာ တင်သည့်နေ့မှစ၍ အထက်ပါ ကမ္ဘာ့ ဗုဒ္ဓသာသနာ့အလံတော် ကို သာသနာ့အလံတော်ကြီး အဖြစ် အောင်မြင်စွာ
အတည်ပြုလွှင့်ထူနိုင်ခဲ့လေသည်။ ၁၉၈၀ပြည့်နှစ်တွင် ကျင်းပသည့် သာသနာတော် သန့်ရှင်းတည်တံ့ပြန့်ပွားရေး ဂိုဏ်းပေါင်းစုံ သံဃအစည်းအဝေးမှလည်း ဗုဒ္ဓသာသနာ့ အလံတော်နှင့် ပတ်သက်၍ အညီအညွတ်ဆုံးဖြတ်ပြီး သံဃနာယက လက်စွဲကျမ်းတွင် ပြဋ္ဌာန်း ခဲ့သည်။

အလံတော် အဓိပ္ပါယ်

သာသနာ့အလံတော်ကြီးသည် ငြိမ်းချမ်းသာယာခြင်း၊ သည်းခံခြင်း၊ စိတ်ထားဖြူစင်ခြင်းတို့၏ အထိမ်းအမှတ် အဖြစ် သရုပ်ဖော်ထားပြီး ဗုဒ္ဓဘာသာဝင်တို့သည် ဘုရားရှင်အားအထူးကြည်ညိုကြသဖြင့် ဘုရားရှင်၏ ရောင်ခြည်တော် ခြောက်သွယ် ကွန့်မြူးကာ တရားတော်များ ဟောကြားနေတော်မူခဲ့သည်ကို ရည်ညွန်းကြခြင်းဖြစ်၏။ ထို့ကြောင့် ရောင်ခြည်တော် ခြောက်သွယ် အရောင်ကို အသုံးပြုရန် ဆုံးဖြတ်ခဲ့ခြင်း
ဖြစ်ပါသည်။

အရွယ်အစား/အရောင်

• အကြီး = အလျား - ၉ပေ x အနံ - ၅ပေ
• အလတ် = အလျား - ၄ပေ ၆လက်မ x အနံ - ၂ပေ ၆လက်မ
• အလတ် = အလျား - ၂ပေ ၃လက်မ x အနံ - ၁ပေ ၃လက်မ
• အသေး = အလျား - ၉လက်မ x အနံ - ၅လက်မ ဟူ၍ လေးမျိုး သတ်မှတ်ထားသည်။

ref:KGL
ဗေဒါလမ်း Baydarlan သုတ ရသ ဟာသ ပြည်ပအနုပညာ

ko naing(admin)

Thursday, March 21, 2013

ဗုဒ္ဓဘာသာတရားကို မယုံကြည်လို့မေးသောမေးခွန်းများကို တိကျသောဖြေရှင်းချက်...။

graphical counter
ဗုဒ္ဓဘာသာကိုအဖျက်သဘောနဲ့မေးခွန်းတွေမေးလာခဲ့ရင်ပြန်လည်ဖြေကြားနိုင်ရန်အတွက်
ဒီပိုစ့်ကိုထပ်ဆင့်မျှဝေပေးလိုက်သည်..။။
****************************
ဗုဒ္ဓဘာသာတရားကို မယုံကြည်လို့မေးသောမေးခွန်းများကို တိကျသောဖြေရှင်းချက်...။
**********************************************************

(၁) - ဗုဒ္ဓဘာသာဆိုတာ ဘာလဲ။
(၂) - ဒီလိုဆိုရင် ဗုဒ္ဓဘာသာဟာ ဒဿနပညာရပ် တစ်ခုဘဲပေါ့။
(၃) - ဗုဒ္ဓဆိုတာ ဘယ်သူပါလဲ။
(၄) - ဗုဒ္ဓဟာ သူ့ရဲ့ကြင်ယာတော်နဲ့ သားတော်ကို ပစ်ထားခဲ့တဲ့အတွက်
တာဝန်မဲ့ရာ မရောက်ဘူးလား။
(၅) - ဗုဒ္ဓက ပရိနိဗ္ဗာန် စံသွားပြီဆိုတော့ သူက ကျွန်ုပ်တို့ကို ဘယ်လို ကူညီနိုင်ပါသလဲ။
(၆) - ဗုဒ္ဓဟာ ထာဝရဘုရား (God) လား။
(၇) - ဗုဒ္ဓဟာ ထာဝရဘုရား မဟုတ်ရင် ဘာကြောင့် သူ့ကို လူတွေက ရှိခိုးကိုးကွယ်နေကြသလဲ။
(၈) - ဗုဒ္ဓဘာသာဝင်များဟာ ရုပ်တုကို ကိုးကွယ်ကြတယ်လို့ တချို့လူများက ပြောတာ ကြားဘူးပါတယ်။ ဟုတ်ပါသလား။
(၉) - တရုတ် ဗုဒ္ဓဘာသာ ဘုရားကျောင်းတွေ ထဲမှာ စက္ကူပိုက်ဆံတွေကို မီးရှို့တာတွေ၊ ပြီးတော့ တခြား ထူးထူးဆန်းဆန်း လုပ်ကြတာ တွေ့ကြရပါတယ်။ အဲဒါတွေကို ဘာကြောင့် လုပ်ကြပါသလဲ။
(၁၀) - ဗုဒ္ဓဘာသာဝင်တွေ ကုသိုလ်ဖြစ် လုပ်ငန်းတွေ လုပ်ကြတာ သိပ်မကြားမိပါဘူး။ အဲဒါ ဘာကြောင့်လဲ။
(၁၁) - ဘာကြောင့် ဗုဒ္ဓဘာသာတွေ အမျိုးမျိုး ကွဲပြားနေပါသလဲ။
(၁၂) - သင်က ဗုဒ္ဓဘာသာကို အလွန် အထင်ကြီးတာပဲ။ သင်ဟာ သင့်ဘာသာတရားကို မှန်တယ်လို့ ယူဆပြီး တခြားဘာသာ အားလုံးကို မှားတယ်လို့ ယူဆပုံရတယ်။
(၁၃) - ဗုဒ္ဓဘာသာဟာ သိပ္ပံနည်း ကျပါသလား။

Please Click Here : For English Version

(၁) မေး - ဗုဒ္ဓဘာသာဆိုတာ ဘာလဲ။

ဖြေ - “ဗုဒ္ဓဘာသာ“ ဆိုတဲ့ စကားလုံးဟာ “ဗုဒ္ဓိ“ ဆိုတဲ့ စကားလုံးမှ လာတာပါ။ “ဗုဒ္ဓ“ ဆိုတာ (ကိလေသာ တည်းဟူသော အိပ်ပျော်ခြင်းမှ) “နိုးလာသူ“ လို့ အဓိပ္ပါယ်ရပါတယ်။ ဒါကြောင့် ဗုဒ္ဓဘာသာဆိုတာ နိုးကြားရေး အတွေးအမြင် (ဒဿန) ပညာပါပဲ။ ဒီဒဿနပညာကို ဂေါတမနွယ်ဖွား သိဒ္ဓတ္ထ မင်းသားကနေ ဘုရား ဖြစ်လာတဲ့ ဗုဒ္ဓမြတ်စွာဘုရားက စတင်ဟောပြောခဲ့ပါတယ်။ ဗုဒ္ဓရှင်တော်မြတ်ဘုရားဟာ သက်တော် ၃၅နှစ်မှာ (ကိလေသာ တည်းဟူသော အိပ်ပျော်ခြင်းမှ) နိုးလာပြီးလျှင် ဘုရားအဖြစ်သို့ ရောက်တော်မူပါသည်။ ဗုဒ္ဓဘာသာဟာ နှစ်ပေါင်း ၂၅၀၀ ကျော် ကြာမြင့်ခဲ့ပြီ ဖြစ်လို့ ဗုဒ္ဓဘာသာဝင်ပေါင်း သန်းသုံးရာကျော် ရှိနေပါပြီ။ လွန်ခဲ့တဲ့ နှစ်ပေါင်း တစ်ရာလောက် အထိတော့ ဗုဒ္ဓဘာသာဟာ အရှေ့တိုင်း ဒဿနပညာရပ် တစ်ခုအဖြစ်သာ တည်ရှိခဲ့ပါတယ်။ သို့သော်လဲ ယခုအချိန်မှာ ဥရောပနှင့် အမေရိကတိုက်ရှိ နိုင်ငံပေါင်း များစွာမှာလဲ ဗုဒ္ဓဘာသာဝင် ဦးရေတဖြည်းဖြည်း တိုးပွါးနေပါတယ်။
(၂) မေး - ဒီလိုဆိုရင် ဗုဒ္ဓဘာသာဟာ ဒဿနပညာရပ် တစ်ခုဘဲပေါ့။
ဖြေ - ဒဿနပညာဆိုတာ အင်္ဂလိပ်စကား Philosophy ကို ဘာသာပြန်ထားတာပါ။ အဘိဓာန်များ ဖွင့်ပြချက်အရ ဆိုရင် "philo"ဆိုတာ “ချစ်ခင်ခြင်း မေတ္တာ“ လို့ ဆိုလိုပါတယ်။ "sophy" ဆိုတာ “ပညာ“ လို့ အဓိပ္ပါယ် ရပါတယ်။ ဒီတော့ "Philosophy" ဆိုတာ “ပညာကို ချစ်ခင်ခြင်း“၊ သို့မဟုတ် “မေတ္တာနှင့် ပညာ“ လို့ အဓိပ္ပါယ် ရပါတယ်။ ဒီစကား နှစ်လုံးဟာ ဗုဒ္ဓဘာသာရဲ့ အဓိပ္ပါယ်ကို အပြည့်အ၀ ဖေါ်ပြနိုင်ပါတယ်။ ဗုဒ္ဓဘာသာ တရားက သဘာဝတရားကို ကြည်လင်ပြတ်သားစွာ ကျွန်ုပ်တို့ နားလည် နိုင်ရေးအတွက် အပြည့်စုံဆုံး ဥာဏ်ပညာအရည်အသွေး တိုးတက်အောင် ကြိုးစားကြဖို့ သင်ပေးပါတယ်။ ပြီးတော့ ကျွန်ုပ်တို့ဟာ သတ္တ၀ါအားလုံးရဲ့ မိတ်ဆွေသဖွယ် ဖြစ်နိုင်စေရန် မေတ္တာ ကရုဏာတရား တိုးပွါးအောင် ကြိုးစားဖို့ကိုလဲ သင်ပေးပါတယ်။ ဒါကြောင့် ဗုဒ္ဓဘာသာကို အတွေးအမြင် ပညာတစ်ရပ်လို့ ဆိုနိုင်သော်လဲ သာမာန် အတွေးအမြင်ပညာ မဟုတ်ပါဘူး။ မြင့်မြတ်သော အတွေးအမြင်ပညာ (Supreme Philosophy) သာ ဖြစ်ပါတယ်။
(၃) မေး - ဗုဒ္ဓဆိုတာ ဘယ်သူပါလဲ။
ဖြေ - ခရစ်မပေါ်မီ ၅၆၃ ခုနှစ်မှာ အိန္ဒိယပြည် မြောက်ပိုင်း (ကပိလ၀တ်ပြည်) ဘုရင် သုဒ္ဓေါဓနနှင့် မိဖုရား မယ်တော်မာယာတို့မှ သားကလေးတစ်ယောက် ဖွားမြင်ပါတယ်။ ဒီမင်းသားကလေးဟာ စည်းစိမ်ဥစ္စာ ပြည့်ပြည့်စုံစုံနှင့် ကြီးပြင်းလာရသော်လဲ နောက်ဆုံးမှာ လောကီစည်းစိမ်ဥစ္စာတွေဟာ ချမ်းသာပျော်ရွှင်မှုကို မပေးနိုင်ဘူးဆိုတာ တွေ့လာရတယ်။ ဒီမင်းသားဟာ သူ့ပတ်ဝန်းကျင်မှာ သူတွေ့မြင်ရတဲ့ ဆင်းရဲဒုက္ခတွေကြောင့် အကြီးအကျယ် စိတ်မချမ်းမသာဖြစ်ပြီး လူသားတို့ ချမ်းသာရေးအတွက် သော့ချက်ကိုရှာဖို့ ဆုံးဖြတ်လိုက်တယ်။ အသက်၂၉နှစ် ရှိတဲ့အခါ ဒီမင်းသားဟာ သူ့ရဲ့ကြင်ယာတော် (ယသောဓရာ)နှင့် သားတော်(ရာဟုလာ)ကို ထားခဲ့ပြီးတော့ အဲဒီခေတ်က ဘာသာရေး ဆရာကြီးများရဲ့ အထံမှာ အသိပညာ ဆည်းပူးဖို့ ထွက်လာခဲ့တယ်။ သူတို့ဟာ ဒီမင်းသားကို မြောက်မြားစွာ သင်ကြား ပေးကြသော်လဲ သူတို့ကိုယ်တိုင် ဆင်းရဲဒုက္ခရဲ့ အကြောင်းရင်း ဇာစ်မြစ်ကို မသိကြတဲ့အတွက် ဒီဆင်းရဲဒုက္ခကို ဘယ်လို ကျော်လွန်အောင် လုပ်နိုင်တယ်ဆိုတာကိုလဲ မသိကြဘူး။ သိဒ္ခတ္ထမင်းသားဟာ (ဥရုဝေလတော) မှာ ခြောက်နှစ် ကြာအောင် လေ့လာ ပွါးများ အားထုတ်ပြီးတဲ့ အခါမယ် အ၀ိဇ္ဇာကို ပယ်ခွါနိုင်တဲ့အတွက် (အမှန်တရားကို) ထိုးထွင်းသိမြင်သွားပါတယ်။ အဲဒီအချိန်ကစပြီး သူ့ကို “ဗုဒ္ဓ“ (ကိလေသာတည်းဟူသော အိပ်ပျော်ခြင်းမှ) “နိုးလာသူ“လို့ ခေါ်ဝေါ် သမုတ်ကြပါတယ်။ ဗုဒ္ဓရှင်တော် မြတ်ဘုရားဟာ အဲဒီအချိန်မှစပြီး ၄၅နှစ်ပတ်လုံး အိန္ဒိယပြည် မြောက်ပိုင်းမှာ သူတွေ့သိထားတဲ့ တရားတော်များကို လှည့်လည်ဟောပြော ခဲ့ပါတယ်။

(မှတ်ချက် ။ ။ ဥရုဝေလတော၌ ဒုက္ကရစရိယာ ခြောက်နှစ်ကြာ ကျင့်စဉ်က ဘုရား မဖြစ်သေးပါ။ ထိုအကျင့်မှားကို စွန့်၍ အာနာပါနဈာန် အခြေခံလျက် မဂ္ဂင်ရှစ်တန် ပွါးမှသာ ဘုရားအဖြစ်သို့ ရောက်ပါသည်။) ရှင်တော်မြတ်ဘုရားရဲ့ ကြီးမားလှတဲ့ မဟာ ကရုဏာတော်နှင့် ခန္တီတရားကြောင့် များစွာသော လူတို့ဟာ တပည့်သာဝကအဖြစ် ခံယူကြပါတယ်။ သက်တော် ရှစ်ဆယ် ပြည့်တော်မူတဲ့အခါ သဘာဝအလျောက် အိုခြင်းတရား၊ နာခြင်းတရားများ ဖိစီးနှိပ်စက် ခံရသော်လဲ ချမ်းမြေ့အေးငြိမ်းလျက်ပင် နောက်ဆုံးမှာ ပရိနိဗ္ဗာန်ဝင်စံတော် မူပါတယ်။
(၄) မေး - ဗုဒ္ဓဟာ သူ့ရဲ့ကြင်ယာတော်နဲ့ သားတော်ကို ပစ်ထားခဲ့တဲ့အတွက် တာဝန်မဲ့ရာ မရောက်ဘူးလား။
ဖြေ - ဗုဒ္ဓမြတ်စွာဟာ သူ့ရဲ့ ကြင်ယာတော်နဲ့ သားတော်ကို လွယ်လွယ်နဲ့ ပစ်ထားနိုင်ခဲ့တာ မဟုတ်ပါဘူး။ သူအချိန် အကြာကြီး စဉ်းစားပြီး တွန့်ဆုတ်တွန့်ဆုတ် ဖြစ်နေခဲ့ပါတယ်။ နောက်ဆုံးကျမှ သူ့မိသားစုကို ကျွေးမွေးစောင့်ရှောက် တာထက် တလောကလုံးရဲ့ အကျိုးကို ဆောင်ရွက်တာက ပိုပြီး အကျိုး ကြီးမားတယ်လို့ ဆုံးဖြတ်ပြီး ဒီလမ်းကို ရွေးချယ်လိုက်တာပါပဲ။ ကြီးမားတဲ့ မဟာ ကရုဏာတော်က ဗုဒ္ဓမြတ်စွာကို တလောကလုံးရဲ့ အကျိုးကို ဆောင်စေတာပါပဲ။ ဗုဒ္ဓမြတ်စွာရဲ့ ကိုယ်ကျိုးစွန့်ပြီး အဆင်းရဲအပင်ပန်း ခံမှုကြောင့် တလောကလုံး ကြီးမားတဲ့ အကျိုးကို အခုတိုင် ခံစားနေကြရတာ ဖြစ်ပါတယ်။ ဒါကိုကြည့်ရင် ဗုဒ္ဓမြတ်စွာဟာ တာဝန်မမဲ့ကြောင်း ထင်ရှားပါတယ်။ ဒါဟာ အကြီးမားဆုံးသော စွန့်လွှတ်မှု ကြီးပါပဲ။
(၅) မေး - ဗုဒ္ဓက ပရိနိဗ္ဗာန် စံသွားပြီဆိုတော့ သူက ကျွန်ုပ်တို့ကို ဘယ်လို ကူညီနိုင်ပါသလဲ။
ဖြေ - လျှပ်စစ်ဓါတ်ကိုတွေ့ရှိတဲ့ မိုက်ကယ် ဖာရာဒေး ဟာ ကွယ်လွန်သွားပါပြီ။ သို့သော်လဲ သူ့ရဲ့ တွေ့ရှိချက်က ကျွန်ုပ်တို့ကို အခုတိုင် ကူညီနေပါတယ်။ ရောဂါပေါင်း များစွာကို ကုသတဲ့ ကုထုံးတွေကို တွေ့ရှိတဲ့ လူးဝစ်ပါးစ်ချား ဟာလဲ ကွယ်လွန်သွားပါပြီ။ သို့သော်လဲ သူတွေ့ရှိတဲ့ ကုထုံးတွေက အခုတိုင် အသက်ပေါင်း များစွာကို ကယ်နေဆဲပါပဲ။ ကျော်ကြားတဲ့ အနုပညာ များစွာကို တီထွင် ဖန်တီးခဲ့တဲ့ လီယိုနာဒိုဒါဗင်ချီ ဟာလဲ သေသွားပါပြီ။ သို့သော်လဲ သူဖန်တီးခဲ့တဲ့ အနုပညာတွေက လူတွေကို အခုတိုင် ပျော်ရွှင်မှု ပေးနေဆဲပါပဲ။ မြင့်မြတ်တဲ့ ပုဂ္ဂိုလ်ကြီးများနဲ့ အာဇာနည် ပုဂ္ဂိုလ်ကြီးများ ကွယ်လွန်သွားကြတာ ရာစုနှစ်ပေါင်းများစွာ ကြာသော်လဲ သူတို့အကြောင်းကို ကျွန်ုပ်တို့ ဖတ်ရှုရတဲ့အခါမှာ သူတို့လို နေထိုင် ပြုမူလိုစိတ်များ ကျွန်ုပ်တို့ သန္တာန်မှာ တဖွားဖွား ပေါ်လာပါတယ်။ ဟုတ်ပါတယ်။ ဗုဒ္ဓမြတ်စွာ ပရိနိဗ္ဗာန် စံတာဟာ နှစ်ပေါင်း ၂၅၀၀ ကျော် ကြာသွားပါပြီ။ သို့သော်လဲ ရှင်တော်မြတ်ဘုရားရဲ့ တရားတော်များဟာ အခုတိုင် ကူညီနေဆဲပါပဲ။ ဗုဒ္ဓမြတ်စွာရဲ့ နမူနာကောင်းတွေက လူတွေကို အခုတိုင် အားတက်စေတုန်းပါပဲ။ သူ့စကားတော်တွေက အခုတိုင် လူတွေရဲ့ ဘ၀တွေကို ပြောင်းလဲစေတုန်းပါပဲ။ ဗုဒ္ဓမြတ်စွာမှာသာလျှင် ပရိနိဗ္ဗာန်စံပြီးနောက် ရာစုနှစ်ပေါင်းများစွာ ကြာသည့်တိုင်အောင် ဒီလိုစွမ်းအားများ ရှိနေနိုင်တာ ဖြစ်ပါတယ်။
(၆) မေး - ဗုဒ္ဓဟာ ထာဝရဘုရား (God) လား။
ဖြေ - ဗုဒ္ဓမြတ်စွာဟာ ထာဝရဘုရား မဟုတ်ပါဘူး။ ဗုဒ္ဓမြတ်စွာက သူဟာ ထာဝရဘုရားလို့ဖြစ်စေ၊ ထာဝရဘုရားရဲ့ သားတော်လို့ဖြစ်စေ၊ ထာဝရဘုရားက လွှတ်လိုက်တဲ့ တမန်တော်လို့ဖြစ်စေ မမိန့်ကြားပါဘူး။ ဗုဒ္ဓမြတ်စွာဟာ အလုံးစုံ ပြည့်စုံတဲ့ လူသား တစ်ဦးပါပဲ။ ဒါကြောင့် သူ့လို ကျွန်ုပ်တို့ ကြိုးစားလျှင် ကျွန်ုပ်တို့လဲ သူ့လိုပဲ အလုံးစုံ ပြည့်စုံသူများ ဖြစ်နိုင်ကြောင်း မိန့်ကြားတော် မူပါတယ်။
(၇) မေး - ဗုဒ္ဓဟာ ထာဝရဘုရား မဟုတ်ရင် ဘာကြောင့် သူ့ကို လူတွေက ရှိခိုးကိုးကွယ်နေကြသလဲ။
ဖြေ - ကိုးကွယ်နည်း အမျိုးမျိုး ရှိပါတယ်။ တချို့က တစ်စုံတစ်ခုသော တန်ခိုးရှင်ဘုရား (God) ကို ကိုးကွယ်တဲ့အခါ အဲဒီဘုရားကို ချီးကျူးထောပနာ ပြုကြတယ်။ ဂုဏ်ပြုကြတယ်။ တစ်စုံတစ်ရာ ပူဇော်ပသ ကြတယ်။ ကိုယ်လိုတာကို ဘုရားဆီမှာ တောင်းကြတယ်။ အဲဒီလို လုပ်ကြတာကတော့ မိမိတို့ရဲ့ ချီးကျူးထောပနာသံကို အဲဒီဘုရားက ကြားလိမ့်မယ်လို့ ယုံကြည်လို့၊ ပူဇော်ပသ တာကို လက်ခံလိမ့်မယ်လို့ ယုံကြည်လို့၊ ဆုတောင်းတာကို ဖြည့်ဆည်းပေးလိမ့်မယ်လို့ ယုံကြည်လို့ပါပဲ။ ဗုဒ္ဓဘာသာဝင်တွေ ကတော့ ဒီလို ကိုးကွယ် ဆည်းကပ်မှု မျိုးကို မလုပ်ကြပါဘူး။ တခြား ကိုးကွယ် ဆည်းကပ်မှုတစ်မျိုးကတော့ မိမိတို့ လေးမြတ်ကြည်ညိုတဲ့ ပုဂ္ဂိုလ် တစ်ဦးဦး သို့မဟုတ် တစ်စုံတစ်ရာကို ရိုသေသမှု ဂါရ၀ ပြုကြတယ်။ ဆရာအခန်းထဲ ၀င်လာရင် နေရာက ထ ပေးကြတယ်။ ဂုဏ်သရေရှိတဲ့ လူနဲ့တွေ့ရင်လက်ဆွဲနှုတ်ဆက်ကြတယ်။ အမျိုးသားသီချင်း တီးရင် မတ်တပ်ရပ် အလေးပြုကြတယ်။ ဒါတွေအားလုံးဟာ ရိုသေလေးစားမှုကို ပြတဲ့ အမူအရာတွေ ပါပဲ။ လေးမြတ်ကြည်ညိုမှုကို ဖေါ်ပြကြတာ ဖြစ်ပါတယ်။ ဒီလို အရိုအသေ ဂါရ၀ပြုပြီး ရှိခိုး ကိုးကွယ်မှုဟာ ဗုဒ္ဓဘာသာဝင်များ ပြုလုပ်ကြတဲ့ ရှိခိုး ကိုးကွယ်မှုမျိုးပါပဲ။ တင်ပလ္လင်ခွေ ထိုင်ပြီး ရင်ခွင်ထက်မှာ လက်နှစ်ဖက်ကို ရွရွကလေးချထားတဲ့ ဗုဒ္ဓရုပ်ပွါးတော်ရဲ့ မဟာကရုဏာတော်ဖြင့် ကြည်လင် လန်းဆန်းနေတဲ့ မျက်နှာတော်ဟာ ကျွန်ုပ်တို့ရဲ့ သန္တာန်မှာ ငြိမ်းအေးမှုနဲ့ မေတ္တာတရား တိုးပွါးအောင် ကြိုးစားကြဖို့ ကျွန်ုပ်တို့ကို သတိပေး နေပါတယ်။ အမွှေးတိုင်ရဲ့ အမွှေးနံ့က ကျွန်ုပ်တို့ သန္တာန်မှာ ကောင်းမှုကုသိုလ်တွေ ပျံ့နှံ့နေစေဖို့ သတိပေးနေပါတယ်။ ဆီမီးကတော့ ပညာဆီမီး တန်ဆောင် ထွန်းပြောင်စေဖို့ သတိပေးနေပါတယ်။ ကပ်လှူထားတဲ့ ပန်းများရဲ့ ညှိုးနွမ်းကြွေကျသွားတဲ့ သဘောက ကျွန်ုပ်တို့အား အနိစ္စတရားကို သတိရစေပါတယ်။ ဗုဒ္ဓရုပ်ပွါးတော်ရှေ့မှာ ဦးညွှတ်ရှိခိုးခြင်းက ကျွန်ုပ်တို့ကို တရားဓမ္မ ဟောပြောညွှန်ပြ ဆုံးမတော်မူတဲ့အတွက် ဗုဒ္ဓရှင်တော် မြတ်ဘုရားရဲ့ ဂုဏ်ကျေးဇူးတော်ကို လေးမြတ်ကော်ရော် ပူဇော်ခြင်း ဖြစ်ပါတယ်။ ဒါဟာ ဗုဒ္ဓဘာသာဝင်များရဲ့ ရှိခိုးကိုးကွယ်မှုပါပဲ။
(၈) မေး - ဗုဒ္ဓဘာသာဝင်များဟာ ရုပ်တုကို ကိုးကွယ်ကြတယ်လို့ တချို့လူများက ပြောတာ ကြားဘူးပါတယ်။ ဟုတ်ပါသလား။
ဖြေ - ဒီလို အပြောမျိုးဟာ ဗုဒ္ဓဘာသာကို နားလည်မှားနေတဲ့ လူတွေ ပြောကြတဲ့ စကားတွေပါ။ အဘိဓာန်များကတော့ ရုပ်တုကို ထာဝရဘုရား(God) အဖြစ်နဲ့ ရှိခိုးကိုးကွယ်ကြတာကို ရုပ်တု ကိုးကွယ်မှု လို့ ဖွင့်ပြကြပါတယ်။ သိကြတဲ့အတိုင်းပဲ ဗုဒ္ဓဘာသာဝင်များဟာ ဗုဒ္ဓမြတ်စွာကို ထာဝရဘုရားတစ်ပါး(God) အနေနဲ့ ယုံကြည် သိမှတ်ကြတာ မဟုတ်ပါဘူး။ ဒီတော့ ဗုဒ္ဓဘာသာဝင်များဟာ သစ်သားရုပ်တု၊ သံရုပ်တု၊ ကြေးရုပ်တု စသည်ကို ဘယ်မှာ ကိုးကွယ်ကြပါမလဲ။ သို့သော်လဲ တစ်ခုတော့ ရှိပါတယ်။ ဘာသာတရားတိုင်းမှာ ဘာသာဝင်တိုင်းဟာ အယူအဆ အမျိုးမျိုးကို ဖေါ်ပြဖို့ အမှတ်လက္ခဏာ(Symbol) အမျိုးမျိုးကို အသုံးပြုကြပါတယ်။ ဥပမာ - တာအိုဘာသာမှာဆိုရင် ဆန့်ကျင်ဘက် နှစ်ခုတို့ရဲ့ ညီညွှတ် ပေါင်းစည်းမှုကို ဖေါ်ပြဖို့ရာ ယင်နဲ့ယန်(Ying -Yang) ကို အမှတ်လက္ခဏာအဖြစ် အသုံးပြုပါတယ်။ ဆစ်ဘာသာမှာ ဘာသာရေးဆိုင်ရာ ရုန်းကန်လှုပ်ရှားမှုကို ဖေါ်ပြဖို့ရာ ဓားကို အမှတ်လက္ခဏာအဖြစ် အသုံးပြုပါတယ်။ ခရစ်ယာန်ဘာသာမှာ ခရစ်တော် တည်ရှိခြင်းကို ဖေါ်ပြဖို့ရာ ငါးကို အမှတ်လက္ခဏာအဖြစ် အသုံးပြုကြတယ်။ ခရစ်တော်ရဲ့ လူသားအတွက် အသက်စွန့်လွှတ်မှုကို ဖော်ပြဖို့ရာ လက်ဝါးကပ်တိုင်ကို အမှတ်လက္ခဏာအဖြစ် အသုံးပြုပါတယ်။ ဗုဒ္ဓဘာသာမှာ လူသားတစ်ဦးရဲ့ အလုံးစုံပြီးပြည့်စုံမှုကို
ဖေါ်ပြဖို့ရာ ဘုရားရုပ်တုတော်ကို အမှတ်လက္ဓဏာအဖြစ် အသုံးပြုကြပါတယ်။ ဗုဒ္ဓရုပ်တုတော်က ဗုဒ္ဓရဲ့ တရားတော်များမှာ ပါဝင်တဲ့ လူသားနဲ့ သက်ဆိုင်တဲ့ သဘာဝများကို ကျွန်ုပ်တို့အား သတိရစေပါတယ်။ ဗုဒ္ဓဘာသာဟာ လူသားကို ဗဟိုပြုပါတယ် ထာဝရဘုရား သိ ကို ဗဟိုမပြုဘူး ဆိုတဲ့ အချက်နဲ့ အလုံးစုံ ပြီးပြည့်စုံရေးနဲ့ အသိမှန် အမြင်မှန် ရရေးအတွက် ဗဟိဒ္ဓသန္တာန်ကို မကြည့်ရဘူး၊အဇ္ဈတ္တသန္တာန်ကိုသာ ကြည့်ရမယ်ဆိုတဲ့ အချက်ကိုလဲ ကျွန်ုပ်တို့အား သတိရစေပါတယ်။ ဒါကြောင့် ဗုဒ္ဓဘာသာဝင်တွေဟာ ရုပ်တုကို ရှိခိုးကိုးကွယ်တယ်ဆိုတဲ့ စွပ်စွဲပြောဆိုချက် တွေဟာ မမှန်ပါဘူး။
(၉) မေး - တရုတ် ဗုဒ္ဓဘာသာ ဘုရားကျောင်းတွေ ထဲမှာ စက္ကူပိုက်ဆံတွေကို မီးရှို့တာတွေ၊ ပြီးတော့ တခြား ထူးထူးဆန်းဆန်း လုပ်ကြတာ တွေ့ကြရပါတယ်။ အဲဒါတွေကို ဘာကြောင့် လုပ်ကြပါသလဲ။
ဖြေ - ကျွန်ုပ်တို့ဟာ ကျွန်ုပ်တို့ နားမလည်တဲ့ အရာများကို တွေ့ရတဲ့အခါ အဲဒါတွေကို ကျွန်ုပ်တို့အတွက် ထူးဆန်းနေတတ်ပါတယ်။ အဲဒီလိုဟာတွေကို အထူးအဆန်း တွေပဲလို့ အမှတ်တမဲ့ ဘာသိဘာသာ မနေပဲ အဲဒါတွေရဲ့ အဓိပ္ပါယ်တွေကို ရှာဖွေဖို့ ကြိုးစားသင့်ကြပါတယ်။ မှန်ပါတယ်၊ တစ်ခါတစ်ရံမှာ ဗုဒ္ဓဘာသာဝင်တွေ လိုက်နာ လုပ်ဆောင်နေကြတာတွေဟာ ဗုဒ္ဓတရားတော်မှာ အခြေမခံပဲ နားလည်မှားမှုနဲ့ အများယုံကြည် လက်ခံထားတဲ့ အစွဲအလမ်းပေါ်မှာ အခြေခံထားတာ တွေ့ရတတ်ပါတယ်။ ဒီလိုကိစ္စတွေဟာ ဗုဒ္ဓဘာသာ တစ်ခုတည်းမှာသာ မဟုတ်ပါဘူး။ ဘာသာတိုင်းမှာပဲ ရံဖန်ရံခါ တွေ့ရတတ်ပါတယ်။ ဗုဒ္ဓမြတ်စွာ တရားတော်များကို ရှင်းလင်းပြတ်သားစွာ အသေးစိတ် ဟောပြတော်မူပါတယ်။ အဲဒါကိုမှ ပြည့်ပြည့်စုံစုံ နားမလည်ရင်တော့ ဗုဒ္ဓမြတ်စွာကို အပြစ်ဆိုလို့ မဖြစ်နိုင်ပါဘူး။ ဒါနဲ့ပတ်သက်လို့ မှတ်သားဖွယ် အဆုံးအမ တစ်ခုကတော့ “ရောဂါဝေဒနာ ခံစားနေရသော လူတစ်ယောက်သည် ဆေးဆရာအထံမှ ဆေးကုသမှု ခံယူဖို့ လွယ်ကူပါလျက်နဲ့ ကုသမှု မခံယူလျှင် ဆေးဆရာ၏ အပြစ်မဟုတ်ပေ။ ထို့အတူပင် ကိလေသာရောဂါ အဖိစီး အနှိပ်စက်ခံနေရသူသည် မြတ်စွာဘုရား၏ တရားတော်များ ရှိနေပါလျက်နဲ့ တရားဆေးဖြင့် မကုစားလျှင် မြတ်စွာဘုရား၏ အပြစ်မဟုတ်ပေ။” ဗုဒ္ဓဘာသာကိုပဲဖြစ်စေ၊ တခြား ဘာသာတရားကိုပဲဖြစ်စေ အဲဒီဘာသာတရားအကြောင်း ကောင်းကောင်း နားမလည်သူများက အမှား၊ အမှန်၊ အဆိုး၊ အကောင်းကို မဆုံးဖြတ်သင့်ပါဘူး။
(၁၀) မေး - ဗုဒ္ဓဘာသာဝင်တွေ ကုသိုလ်ဖြစ် လုပ်ငန်းတွေ လုပ်ကြတာ သိပ်မကြားမိပါဘူး။ အဲဒါ ဘာကြောင့်လဲ။
ဖြေ - ဗုဒ္ဓဘာသာဝင်တွေလဲ ကုသိုလ်ဖြစ် လုပ်ငန်းတွေ လုပ်ကြပါတယ်။ သင်မကြားမိတာကတော့ ဗုဒ္ဓ ဘာသာဝင်များဟာ သူတို့လုပ်တဲ့ ကုသိုလ်ကောင်းမှုတွေ အကြောင်းကို ၀ါကြွားပြောဆိုဖို့ မလိုဘူးလို့ ယူဆထားကြလို့ ဖြစ်ပါလိမ့်မယ်။ နှစ်ပေါင်းတော်တော်ကြာဆီက ဂျပန် ဗုဒ္ဓဘာသာ ခေါင်းဆောင် တစ်ယောက်ဖြစ်တဲ့ နစ်ခိုနိရ၀ါနို ဟာ ဘာသာတရားအားလုံး ပေါင်စည်းညီညွတ်မှု တိုးတက်ရေးကို လုပ်ဆောင်တဲ့အတွက် (Templeton Prize) တင်ပယ်လ်တန်ဆုကို ရရှိပါတယ်။ အလားတူပဲ ထိုင်းဗုဒ္ဓဘာသာ ဘုန်းတော်ကြီး တစ်ပါးဟာ မူးယစ်ဆေး စွဲသူများကို ကုသရာမှာ ထူးချွန်တဲ့အတွက် မက်ဆေးဆေး ဆုကို ရရှိခဲ့ပါတယ်။ ၁၉၈၇ ခုနှစ်တုန်းကလဲ အရှင် ကန္တယပိဝတ် ဆိုတဲ့ ထိုင်းဘုန်းကြီးတစ်ပါးဟာ ကျေးလက် တောရွာများမှာရှိတဲ့ အခြေအနေမဲ့ ကလေးများကို နှစ်ပေါင်းများစွာကြာအောင် ပြုစု စောင့်ရှောက်ခဲ့တဲ့ အတွက် ]နော်ဝေ ကလေးများ၏ ငြိမ်းချမ်းရေးဆု} ကို ရရှိခဲ့ပါတယ်။ အနောက်တိုင်း ဗုဒ္ဓဘာသာအဖွဲ့ (Western Buddhist Order) ဟာ အိန္ဒိယပြည်မှာ ဆင်းရဲသားများ အတွက် ကြီးမားကျယ်ပြန့်တဲ့ လူမှုရေး လုပ်ငန်းတွေကို လုပ်ဆောင်နေပါတယ်။ စာသင်ကျောင်းတွေ၊ ကလေးပြုစု စောင့်ရှောက်ရေး ဌာနတွေ၊ ဆေးပေးခန်းတွေ၊ တနိုင် စက်မှုလုပ်ငန်း အသေးစားတွေ တည်ထောင်ပြီး ပြုစု ပျိုးထောင်ပေးနေပါတယ်။ ဗုဒ္ဓဘာသာဝင်များဟာ တခြား ဘာသာဝင်များလိုပဲ သူတစ်ပါးကို အကူအညီ ပေးရတာဟာ သူတို့ရဲ့ ဘာသာတရား လိုက်နာကျင့်ကြံမှုကို ဖေါ်ပြတာပဲလို့ သိမြင်မှတ်ယူကြပါတယ်။ သို့သော်လဲ ဒါတွေကို ကိုယ့်ကိုယ်ကို မထင်ပေါ်စေပဲ တိုးတိုးတိတ်တိတ်ပဲ လုပ်သင့်တယ်လို့ ယုံကြည်ကြပါတယ်။ ဒါကြောင့် သူတို့ရဲ့ ကုသိုလ်ဖြစ်လုပ်ငန်းတွေ အကြောင်းကို သင် သိပ်မကြားရတာ ဖြစ်ပါလိမ့်မယ်။
(၁၁) မေး - ဘာကြောင့် ဗုဒ္ဓဘာသာတွေ အမျိုးမျိုး ကွဲပြားနေပါသလဲ။

ဖြေ - လူတွေ စားသုံးကြတဲ့ သကြားတွေလဲ အမျိုးမျိုး ရှိကြတာ မဟုတ်လား။ သကြားဖြူ၊ သကြားညို၊ ကျောက်သကြား၊ သကြားရည်၊ ရေခဲသကြား စသည် အမျိုးမျိုး ရှိကြတာပဲ။ သို့သော်လဲ အားလုံးဟာ သကြားချည်းပဲ ပြီးတော့ သကြားတိုင်းဟာ ချိုကြတာချည်းပဲ။ မချိုတဲ့ သကြားရယ်လို့ မရှိဘူး။ ဒီလို သကြားအမျိုးမျိုးအစားစား ထုတ်ကြတာက သူတို့ကို သုံးစွဲပုံ သုံးစွဲနည်း အမျိုးမျိုး ရှိကြလို့ပါပဲ။
ဗုဒ္ဓဘာသာလဲ ထို့အတူပါပဲ။ ထေရ၀ါဒ ဗုဒ္ဓဘာသာ၊ ဈင် ဗုဒ္ဓဘာသာ၊ အမိတာဘာ ဗုဒ္ဓဘာသာ၊ ယောဂါစာရ ဗုဒ္ဓဘာသာ၊ ၀ဇီရယာန ဗုဒ္ဓဘာသာ စသည်ဖြင့် ကွဲပြားနေကြသော်လဲ အနှစ်သာရအားဖြင့် အတူတူပါပဲ။ အဲဒီ အနှစ်သာရက
ဘာလဲဆိုတော့ ကိလေသာမှ လွတ်မြောက်ခြင်း၊ ဆင်းရဲမှ လွတ်မြောက်ခြင်းဆိုတဲ့ အနှစ်သာရပါပဲ။ ဗုဒ္ဓဘာသာဟာ သူဖြစ်ပေါ်ရာ ယဉ်ကျေးမှု အမျိုးမျိုးနဲ့ ဟပ်မိအောင် အသွင် အမျိုးမျိုးနဲ့ ဖွံ့ဖြိုး တိုးတက်လာခဲ့ပါတယ်။ အသစ်ဖြစ်တဲ့ မျိုးဆက် အသီးသီးနဲ့ ကိုက်ညီအောင် ရာစုနှစ်များ တလျောက်မှာ ဗုဒ္ဓဘာသာကို ပြန်ပြီး အဓိပ္ပါယ် ဖွင့်ဆိုကြပါတယ်။ ပြင်ပ ပုံပန်းသဏ္ဌာန် အနေနဲ့ အမျိုးမျိုး ကွဲပြားနေတယ်လို့ ထင်ရသော်လဲ အားလုံးရဲ့ ဗဟိုချက်မ အနှစ်သာရကတော့ သစ္စာလေးပါး မဂ္ဂင်ရှစ်ပါးပါပဲ။ ဗုဒ္ဓဘာသာ အပါအ၀င် ဘာသာကြီးများ အားလုံးဟာ ဂိုဏ်း အမျိုးမျိုး ကွဲခဲ့ကြပါတယ်။ သို့သော်လဲ ဗုဒ္ဓဘာသာ ဂိုဏ်းအမျိုးမျိုးဟာ အချင်းချင်း ဘယ်တော့မှ စစ်ပွဲတွေ မဆင်နွှဲခဲ့ကြပါဘူး။ သူတို့ဟာ အချင်းချင်း ဘယ်တော့မှ ရန်မပွါး ခဲ့ကြပါဘူး။ ခုခေတ်မှာဆိုရင် ဂိုဏ်းတစ်ဂိုဏ်းရဲ့ ကျောင်းကန်ဘုရားကို တစ်ခြား ဂိုဏ်းတစ်ခုက သွားရောက်ပြီး အတူတကွ ဘုရားဝတ်ပြုကြပါတယ်။ တခြားဘာသာရေး လောကမှာ တကယ်တော့ အလွန်ရှားပါတယ်။
(၁၂) မေး - သင်က ဗုဒ္ဓဘာသာကို အလွန် အထင်ကြီးတာပဲ။ သင်ဟာ သင့်ဘာသာတရားကို မှန်တယ်လို့ ယူဆပြီး တခြားဘာသာ အားလုံးကို မှားတယ်လို့ ယူဆပုံရတယ်။
ဖြေ - ဗုဒ္ဓမြတ်စွာရဲ့ တရားတော်များကို နားလည် သဘောပေါက်တဲ့ ဗုဒ္ဓဘာသာဝင် မည်သူမဆို တခြား ဘာသာတရား မှားတယ်လို့ မထင်ကြပါဘူး။ တခြားဘာသာတရားများကို ပွင့်ပွင့်လင်းလင်း ဝေဖန်စစ်ဆေးဖို့ရာ စစ်မှန်တဲ့ လုံ့လ၀ီရိယကို ပြုသူမှန်သမျှ ဘယ်သူမှ အဲဒီလို မထင်ကြပါဘူး။ ဘာသာတရား အမျိုးမျိုးကို လေ့လာတဲ့ အခါမှာ ပထမဆုံး သတိပြုမိတာကတော့ ဒီဘာသာတရား တွေဟာ အချင်းချင်း ဘယ်လောက်များများ တူညီကြတယ် ဆိုတဲ့ အချက်ပါပဲ။ အားလုံးသော ဘာသာတရားများက လူသားရဲ့ လက်ရှိ အခြေအနေဟာ ကျေနပ်ဖွယ် မရှိဘူးလို့ ၀န်ခံကြတာပါပဲ။ လူသားရဲ့ အခြေအနေ တိုးတက်လိုရင် စိတ်နေစိတ်ထား အပြုအမူ ပြောင်းလဲဖို့ လိုအပ်တယ်လို့ အားလုံးယုံကြည်ကြပါတယ်။ ဘာသာတရား အားလုံးဟာ မေတ္တာ၊ ကရုဏာ၊ ပေးကမ်းလှူဒါန်းခြင်း၊ လူမှုရေး၊ တာဝန်ဝတ်တရားများ ဆောင်ရွက်ခြင်း စတဲ့ ကျင့်ဝတ်များကို သင်ကြားပေးကြပါတယ်။ ဒီဘာသာတရား အားလုံးက အဆုံးစွန် ပြည့်စုံတဲ့ သဘောတစ်ခုဟာ ပုံသဏ္ဌာန် အမျိုးမျိုးနဲ့ ရှိတယ်ဆိုတာ လက်ခံကြပါတယ်။ ဘာသာတရားများက ဒီ လုံးဝအုပ်စုံ ပြည့်စုံတဲ့ သဘာဝကို ဘာသာစကား အမျိုးမျိုး၊ နာမည်အမျိုးမျိုး၊ အမှတ်အသား အမျိုးမျိုးနဲ့ ရှင်းလင်း ဖေါ်ပြကြပါတယ်။ အရာရာကို တစ်ဘက်သက် ရှုမြင်သုံးသပ်တဲ့နည်းကို အမြင်ကျဉ်းစွာ တွယ်ကပ်ထားကြတဲ့ အခါမှာသာ သည်းမခံနိုင်မှု၊ မာနတရားနဲ့ ကိုယ်သာမှန် စိတ်ထားတွေ ဖြစ်ပွါးပေါ်ပေါက် လာတတ်ပါတယ်။ စဉ်းစားကြည့်ပါ။ အင်္ဂလိပ်၊ ပြင်သစ်၊ တရုတ်၊ အင်ဒိုနီးရှား၊ လူ ၄ ဦး ကော်ဖီပန်းကန် တစ်လုံးကို ကြည့်ကြတယ် ဆိုပါစို့။ အဲဒီပန်းကန်ကို အင်္ဂလိပ်က Cup လို့ခေါ်တယ်။
ပြင်သစ်က Tasse လို့ခေါ်တယ်။ တရုတ်က Pei ၊ အင်ဒိုနီးရှားက cawan လို့ခေါ်တယ်။ အဲဒါ သူ့အခေါ်မှန်တယ်၊ တစ်ခြားလူ့အခေါ် မှားတယ်လို့ ကိုယ့်အဘိဓာန် ကိုယ် ကိုးကားပြီး အကြောက်အကန်
ငြင်းခုံးနေကြပါရော။ အဲဒီအခိုက်မှာ ဗုဒ္ဓဘာသာဝင်တစ်ဦး ရောက်လာပြီး ဘာမှပြောမနေဘဲ ကော်ဖီပန်းကန်ကို ကောက်ယူပြီး မော့သောက်ပြစ်လိုက်ပါတယ်။ ပြီးတော့မှ သူက ဟိုလူလေးယောက်ကို ပြောလိုက်တယ်။ ဒီပန်းကန်ကို ဘယ်လိုပဲ မိတ်ဆွေတို့ခေါ်ခေါ် လိုရင်းက ဒါကို ကော်ဖီသောက်ဖို့ အသုံးပြုတာပါပဲ၊
ငြင်းခုံနေလို့ ဘာအကျိုးရှိမလဲ၊ သောက်ဖို့ပန်းကန်ကို သောက်လိုက်မှ
အမောပြေပြီး လန်းဆန်းလာမှာပေါ့၊ အဲဒါ လိုရင်းပဲ။ ဒါဟာ ဘာသာတရားများအပါ် ဗုဒ္ဓဘာသာက မြင်တဲ့ အမြင်၊ ထားတဲ့ စိတ်ထားပါပဲ။
(၁၃) မေး - ဗုဒ္ဓဘာသာဟာ သိပ္ပံနည်း ကျပါသလား။
ဖြေ - ဒီအမေးကို မဖြေမီ သိပ္ပံ ဆိုတဲ့ စကားလုံးရဲ့ အဓိပ္ပါယ်ကို ရှာကြည့်တာ အကောင်းဆုံး ဖြစ်ပါလိမ့်မယ်။ အဘိဓာန်များက ဒီလိုဖွင့်ပြကြပါတယ်။ "သိပ္ပံ" ဆိုတာ တကယ်ဖြစ်နေတဲ့ သဘာဝတစ်ခုကို လက်တွေ့မျက်မြင် ကြည့်ရှုခြင်းနှင့် စမ်းသပ်ခြင်းတို့အပေါ် အခြေခံပြီး စနစ်တစ်ခု ဖော်ထုတ်တဲ့ပညာ၊ တိတိကျကျ လေ့လာစမ်းသပ် သိရှိထားတဲ့ အရာတစ်ခုနဲ့ ပတ်သက်လို့ သဘာဝကျတဲ့ နည်းလမ်း ဥပဒေသများ သတ်မှတ်ဖေါ်ပြတဲ့ ပညာပါပဲ။ အဲဒီပညာရဲ့ အစိတ်အပိုင်း တစ်ခုခုလဲ သိပ္ပံပါပဲ။ ဗုဒ္ဓဘာသာမှာ ဒီဖွင့်ဆိုချက်နဲ့ မကိုက်ညီတဲ့ အချက်အလက်များ ရှိကောင်း ရှိနိုင်ပါတယ်။ သို့သော်လဲ ဗုဒ္ဓဘာသာရဲ့ လိုရင်း တရားဖြစ်တဲ့ သစ္စာလေးပါးကတော့ သေသေချာချာ ကိုက်ညီပါတယ်။

ပထမဆုံး အမှန်တရားက ဒုက္ခသစ္စာပါ။ ဒီမှာ ဆင်းရဲခြင်းဆိုတာ ကိုယ်တိုင်တွေ့သိ ခံစားရတဲ့ အရာပါ။ သူ့ကို အဓိပ္ပါယ် သတ်မှတ်လို့လဲ ရပါတယ်။ လက်တွေ့ ခံစားသိမြင်လို့လဲ ရပါတယ်။

ဒုတိယ အမှန်တရားက သမုဒယသစ္စာပါ။ လိုချင်တပ်မက်မှု တဏှာကို ဆိုလိုပါတယ်။ ဆင်းရဲဒုက္ခကို ဖြစ်ပေါ်စေတဲ့ အကြောင်းဖြစ်တဲ့ ဒီတဏှာဟာလဲ ကိုယ်တိုင် တွေ့သိ ခံစားရတဲ့ အရာပါ။ အဓိပ္ပါယ် သတ်မှတ်လို့လဲ ရတယ်။ လက်တွေ့ ခံစား သိမြင်လို့လဲ ရပါတယ်။ ဒီဒုက္ခနဲ့ ဒုက္ခရဲ့ အကြောင်းတရား အမှန်ကို ဒဿနပညာဆိုင်ရာ စကားလုံးတွေနဲ့ ရှင်းပြဖို့ မလိုပါဘူး။ ကိုယ်တွေ့ ခံစားသိမြင်ရတဲ့ အရာတွေပါ။

တတိယ အမှန်တရားကတော့ နိရောဓသစ္စာပါ။ ဆင်းရဲကုန်ဆုံးတဲ့သဘော၊ ဆင်းရဲငြိမ်းတဲ့သဘောပါ။ ဒီသဘောကို အနန္တ တန်ခိုးရှင်ဆိုသူ တစ်ဦးဦးကို အားကိုးလို့ မရပါဘူး။ ယုံကြည်ရုံမျှ ဆုတောင်ရုံမျှနဲ့လဲ မရနိုင်ပါဘူး။ ဆင်းရဲဒုက္ခရဲ့ အကြောင်းတရားကို ပယ်သတ်နိုင်မှပဲ ရပါတယ်။

စတုတ္ထ အမှန်တရားကတော့ ဆင်းရဲငြိမ်းစေတဲ့ နည်းလမ်းဖြစ်တဲ့ မဂ္ဂသစ္စာပါ။
ဒီဆင်းရဲငြိမ်းရေး နည်းလမ်းကလဲ ဒဿနပညာ သဘောတရားတွေနဲ့ လုံးဝ မသက်ဆိုင် ပါဘူး။ သတ်မှတ်ပေးထားတဲ့ နည်းလမ်းအတိုင်း လက်တွေ့ ကျင့်မှပဲ ရပါတယ်။ ဒီနည်းလမ်းကလဲ အစမ်းသပ်ခံ နည်းလမ်းပါ။ သိပ္ပံပညာမှာလိုပဲ ဗုဒ္ဓဘာသာကို ရှင်းပြဖို့လဲ အနန္တ တန်ခိုးရှင် အယူအဆကို လက်ခံဖို့ မလိုပါဘူး။ ဗုဒ္ဓဘာသာ ကိုယ်တိုင်က စကြာဝဠာ ကမ္ဘာလောကြီးရဲ့ အလုပ်လုပ်ပုံကို သဘာဝ နိယာမတွေနဲ့ ရှင်းပြထားပါတယ်။ ဒီအချက် အားလုံးက ဗုဒ္ဓဘာသာရဲ့ သိပ္ပံနည်းကျ အနှစ်သာရကို သေချာစွာ ဖေါ်ဆောင် နေပါတယ်။ ဒီမှာလဲ ကျွန်ုပ်တို့ ဗုဒ္ဓမြတ်စွာ အမြဲတစေ ဆုံးမခဲ့တဲ့ အဆုံးအမက ကျွန်ုပ်တို့ဟာ ဘယ်အရာကိုမဆို အကန်းယုံ အရမ်းယုံ မယုံမိကြဖို့၊ မေးမြန်း၊ စုံစမ်း၊ စစ်ဆေး၊ စမ်းသပ်ပြီးမှ ကိုယ်တိုင် တွေ့သိခံစားရတဲ့ အရာပေါ်မှာ အခြေခံပြီး ယုံသင့်မှ ယုံဖို့ပါပဲ။ ဒီအဆုံးအမမှာ တိကျတဲ့ သိပ္ပံနည်းကျ အမြင် ပါဝင်နေပါတယ်။

ရှင်တော်မြတ်ဘုရား ဆုံးမပုံက -
ဗျာဒိတ်စကား ဆိုရုံနဲ့ မယုံကြည်ပါနှင့် အစဉ်အဆက် ယုံကြည်လက်ခံလာတာ
ဖြစ်ရုံနှင့် မယုံကြည်ပါနှင့်။ သတင်းကြားနဲ့လဲ မယုံကြည်ပါနှင့်
မြင့်မြတ်တဲ့ ကျမ်းစာများမှာ ပါရုံနဲ့လဲ မယုံကြည်ပါနှင့်
တဆင့် စကားမျှနှင့်လဲ မယုံကြည်ပါနှင့် စဉ်းစားတွေးခေါ်ရေး တက္ကဗေဒ၊
ဒဿနိကဗေဒတွေနဲ့ ကိုက်ညီရုံမျှနှင့်လဲ မယုံကြည်ပါနှင့်
ပြောတဲ့လူက ယုံကြည်ထိုက်တဲ့ ပုဂ္ဂိုလ် ဖြစ်ရုံမျှနှင့်လဲ မယုံကြည်ပါနှင့်
မိမိဆရာ ဖြစ်ရုံမျှနှင့်လဲ မယုံကြည်ပါနှင့်
သင်ကိုယ်တိုင် ကောင်းတဲ့အရာပဲ၊ အပြစ်ကင်းတဲ့ အရာပဲ၊ ပညာရှိတို့ ချီးမွမ်းအပ်တဲ့ အရာပဲ၊ လက်တွေ့ ကျင့်ကြည့်တဲ့ အခါမှာလဲ မုချ ချမ်းသာစေနိုင်တဲ့ အရာပဲလို့ ကိုယ်တွေ့ သိမြင်ရတဲ့ အခါကျမှပဲ အဲဒါကို ယုံကြည် လက်ခံ လိုက်နာ ကျင့်ကြံပါ။

ဒါကြောင့် ဗုဒ္ဓဘာသာဟာ ပြည့်ပြည့်၀၀ သိပ္ပံ နည်းကျတယ်လို့ မဆိုနိုင်သော်လဲ အတော် ခိုင်မာတဲ့ သိပ္ပံနည်းကျ သဘောသဘာဝတွေတော့ ပါဝင်ပါတယ်။ ပြီးတော့ တခြား ဘာသာတရားတွေထက် ပိုပြီးသိပ္ပံ နည်းကျတယ်လို့တော့ ပြောနိုင်ပါတယ်။
နှစ်ဆယ်ရာစုနှစ်မှာ အကြီးမြတ်ဆုံး သိပ္ပံပညာရှင် ဖြစ်တဲ့ အဲလ်ဘတ်အိုင်းစတိုင်း က ဗုဒ္ဓဘာသာနဲ့ ပတ်သက်လို့ ဒီလိုပြောပါတယ်။
နောင်တစ်ချိန်မှာ စကြ၀ဠာ တစ်ခုလုံး ကိုးကွယ်ကြတဲ့ ဘာသာတရားတစ်ခု ဖြစ်ပေါ်လာလိမ့်မယ်။ အဲဒီဘာသာတရားဟာ ထာဝရဘုရား အယူအဆကို လွှမ်းမိုးသွားလိမ့်မယ်။ တယ် တရားသေ ၀ါဒကိုလဲရှောင်လွှဲနိုင် လိမ့်မယ်။ သဘာဝတရားနှင့် ဘာသာတရား နှစ်ခုလုံးကို လွှမ်းခြုံမိတဲ့ ဒီဘာသာတရားဟာ ရုပ်နာမ်နှစ်ပါးလုံး ကိုယ်တွေ့ ခံစား သိမြင်မှုနဲ့ အဓိပ္ပါယ် ပြည့်ဝတဲ့ ပေါင်းစည်း ညီညွတ်မှုပေါ်မှာ အခြေခံလိမ့်မယ်။ ဒီအချက်တွေကို ဗုဒ္ဓဘာသာက အဖြေပေးလိမ့်မယ်။ တကယ်လို့သာ ခေတ်သစ် သိပ္ပံနည်းကျ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်တဲ့ ဘာသာတရားတစ်ခု ရှိတယ်ဆိုရင် အဲဒီ ဘာသာတရားဟာ ဗုဒ္ဓဘာသာပဲ ဖြစ်လိမ့်မယ်။

Credit - စတုန်း ဘရိတ်ကာ
ဗုဒ္ဓဘာသာကိုအဖျက်သဘောနဲ့မေးခွန်
းတွေမေးလာခဲ့ရင်ပြန်လည်ဖြေကြားနိုင်ရန်အတွက်

Wednesday, March 20, 2013

နယ်မှလူငယ်များအတွက် အလုပ်နေရာရှားနေဆဲ ရန်ကုန်

တွန့်ကြေနေသည့် ဂျာနယ်စာမျက်နှာပေါ်ရှိ ဟိုတစ်ကွက်ဒီတစ်ကွက် ကြော်ငြာများကို လက်ထဲရှိ မင်နီဘောပင်တစ်ချောင်းဖြင့် စိတ်ကြိုက်ရေးမှတ်နေသည့် ကိုရန်နိုင်စိုးတစ်ယောက် ပတ်ဝန်းကျင်တွင် အာရုံမရှိ။

ရန်ကုန်မြို့ လမ်းဘေးလက်ဖက်ရည်ဆိုင်လေးတွင် ထိုင်ရင်းထိုကြော်ငြာစာရွက်လေးက သူ့အာရုံများကို တစ်နေရာတည်းစုစည်းကာ ဆွဲဆောင်ထားသည်။

ဂျာနယ်ထဲမှာပါသည့် လိပ်စာများကို စနစ်တကျရေးမှတ်နေရင်း သူနှင့်ညနေတွင် ချိန်းထားသည့် ဆောက်လုပ်ရေးကုမ္ပဏီတစ်ခုမှ အလုပ်ခေါ်အင်တာဗျူးအတွက်လည်း ရင်ခုန်နေသည်။ ယခုအင်တာဗျူးမှာ သူ မွန်ပြည်နယ်မှ ရန်ကုန်သို့လာပြီး တစ်နှစ်ကျော်အကြာ ခုနစ်ကြိမ်မြောက်ဖြေရမည့် အင်တာဗျူးလည်းဖြစ်သည်။

ကိုရန်နိုင်စိုးကဲ့သို့ လက်ရှိရန်ကုန်မြို့ပေါ်တွင် နယ်မှတက်လာပြီး ပုံမှန်ဘွဲ့တစ်ခုနှင့် လက်ထဲတွင် သင်တန်းဆင်းလက်မှတ်ပေါင်း
စုံကိုင်ကာ မြို့တော်ရန်ကုန်၌ အလုပ်ရှာနေသည့် လူငယ်တို့ကား မရေမတွက်နိုင်အောင် ဒုနဲ့ဒေးပင်။ ကမ္ဘာကမြန်မာကိုအာရုံစိုက် လာသောအချိန်၊ နိုင်ငံရေးအချိုးအကွေ့များနှင့် စီးပွားရေးဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုတို့က ဘက်ပေါင်းစုံ ၀င်ရောက်ရန် ဟန်ပြင်နေသော အချိန်တွင် ရန်ကုန်မြို့သို့ လာရောက်အခြေချ၊နေထိုင်ပြောင်းရွှေ့လာသည့် လူငယ်ထုအတွက် လစာကောင်းကောင်းနှင့် အလုပ်အကိုင်ကောင်းကောင်း ရရှိရန် လက်ရှိတွင် ခက်ခဲနေဆဲဖြစ်သည်။

ရွာတွင်ရှိသည့် ရာဘာခြံနှင့် မွေးမြူရေးအလုပ်ကို စိတ်မ၀င်စားဘဲ တက္ကသိုလ်မှ ဘွဲ့တစ်ခုရပြီးသည်နှင့် စီးပွားရေးမြို့တော်ရန်ကုန်သို့ ခြေလှမ်းတွေပြင်ခဲ့သည့် ကိုရန်နိုင်စိုးမှာ တိုက်တာကြီးတွေ ကြားထဲက နေ့စဉ်ယာဉ်ကြောပိတ်ဆို့မှုတွေ ရှိနေတဲ့ မြို့တော်ရန်ကုန်နှင့် အသားကျလုနီးပါးရှိနေပြီဖြစ်သော်လည်း ဆက်လက်ရပ်တည်ရန် အလုပ်တစ်ခု အမြန်ဆုံးရဖို့လည်း သူ့အတွက် ခက်ခဲနေပြီဖြစ်သည်။

အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာနသို့ အလုပ်သမားမှတ်ပုံတင်ထားသည့် အလုပ်သမား ရှစ်သိန်းကျော်တွင် ပြည်တွင်းအလုပ်အကိုင်နေရာအတွက် ငါးသိန်းကျော်မှာ လက်ရှိကာလအထိ အလုပ်အကိုင်မရရှိသေးကြောင်း နေပြည်တော်အလုပ်သမားညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်ထားသည်။

နယ်မှ အခြေချပြောင်းရွှေ့လာသူ လူငယ်ထုအတွက် မြို့တော်ရန်ကုန်တွင် ရှိနှင့်နေပြီးသော အလုပ်အကိုင်အခွင့်အလမ်းအများစုမှာ အဆက်အသွယ် ကောင်းသူအချို့နှင့် လုပ်ငန်းခွင် အတွေ့အကြုံရှိမှသာ ခေါ်ယူခန့်ထားခြင်းတို့ကြောင့် အလုပ်အကိုင်ရရှိရန် အခက်ခဲဆုံးဖြစ်လာသည်ဟု နယ်မှတက်လာပြီး ရန်ကုန်တွင် အလုပ်ရရန်ကြိုးစားနေသည့် လူငယ်များက ဆိုသည်။

“အချိန်ပိုင်းအလုပ်တွေ လျှောက်ကြည့်တယ်။ သူတို့ဘက်က ဘာမှ အကြောင်းမပြန်တာများတယ်။ ကိုယ်ကဘွဲ့ရထားပေမယ့် ပညာအရည်အချင်းအနိမ့်ပိုင်းတွေကို ဦးစားပေးခေါ်တဲ့အလုပ်ကို ရွေးလျှောက်တယ်။ ကုမ္ပဏီအကြီးတွေက ခေါ်တာတွေကိုတော့ မလျှောက်ဖြစ်ဘူး။ သူတို့နဲ့ အဆက်အသွယ်မရှိတော့ အချိန်ကုန်ပြီး အကျိုးမရှိမှာစိုးလို့ ” ဟု မန္တလေးတိုင်းဒေသကြီး ပုပ္ပါးချိုင်းရွာမှတက်လာသူ ကိုသူရိန်ကပြောသည်။

အလုပ်အကိုင်မရရှိသေးသည့် လူငယ် ရှစ်ဦးအား အသေးစိတ်မေးမြန်းရာတွင် အများစုမှာ ရန်ကုန်မြို့၌ လခကောင်းကောင်းနှင့် အလုပ်အကိုင်ကောင်းရရှိရန် အဆက်အသွယ်နှင့် လုပ်ငန်းခွင်အတွေ့အကြုံ မရှိခြင်းတို့ကြောင့် ခက်ခဲနေဆဲဖြစ်သည်ဟု ၎င်းတို့က ပြောသည်။

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်၏ ထုတ်ပြန်ချက်များအရ မြန်မာနိုင်ငံတွင် အမှန်တကယ်အလုပ်လုပ်နိုင်သော လူဦးရေမှာ ၃၁ သန်းခန့်ရှိပြီး အလုပ်လက်မဲ့နှုန်းမှာ ၁၀ သန်းခန့်ရှိကာ နိုင်ငံခြားသို့သွားရောက် အလုပ်လုပ်ကိုင်သူဦးရေမှာ ၃ သန်းခန့်ရှိနေပြီဖြစ်ကြောင်း ခန့်မှန်းထားသည်။

နယ်မှ ရန်ကုန်မြို့တွင် လာရောက်လုပ်ကိုင်သူအများစု၏ အဓိက အခက်အခဲများမှာ ရန်ကုန်၌ နေထိုင်မှုစရိတ်ကြီးမြင့်ခြင်း၊ အင်္ဂလိပ်စာနှင့် ကွန်ပျူတာအပါအ၀င် အခြားသက်ဆိုင်ရာသင်တန်းများ တက်ရောက်နေရပြီး အသုံးစရိတ် မလောက်ငခြင်းတို့က ၎င်းတို့အတွက် အလုပ်အကိုင်မရရှိပါက ရန်ကုန်တွင်ဆက်လက်နေထိုင်ရန် ခက်ခဲနေဦးမည်ဖြစ်သည်။

ထို့ကြောင့် အချို့သောလူငယ်များက မြို့တော်ရန်ကုန်မှ စိန်ခေါ်မှုများကို မဖြေရှင်းနိုင်ဘဲ လက်ပြနှုတ်ဆက်ပြီး မိမိနေရပ်ရှိ မိဘလက်ငုတ်လက်ရင်း လုပ်ငန်းများကိုသာ ပြန်လည်လုပ်ကိုင်မှုများလည်းရှိသည်ဟု မြတ်မင်္ဂလာပညာဒါန စာသင်ကျောင်းမှ ဆရာတော်က မိန့်ကြားသည်။

ထို့အပြင် နယ်မှတက်လာပြီး အဆက်အသွယ်မရှိသည့် လူငယ်ထုအတွက် ရန်ကုန်မြို့၌ တရားဝင် ဖွင့်ခွင့်ပေးထားသည့် ပြည်တွင်း အလုပ်အကိုင်ရှာဖွေရေးအေဂျင်စီများမှာ ၎င်းတို့အတွက် အလုပ်အကိုင်ရရှိရန်အကူအညီတစ်ခုဟု ထင်မှတ်ထားသော်လည်း အလုပ်ရရှိလျှင် ပေးအပ်ရသည့် ၀န်ဆောင်ခနှုန်းထားမှာ ၎င်းတို့အတွက် အခက်အခဲတစ်ခုလည်း ဖြစ်သည်။ အလုပ်စတင်ရရှိပါက ပထမဆုံးလ၏ လခထက်ဝက်ကျော်ကို အေဂျင်စီအများစုက အကျိုးဆောင်ခအဖြစ် ရယူနေကြကြောင်း ရန်ကုန်မြို့တွင် အေဂျင်စီ တစ်ခုမှရှာဖွေပေးပြီး အလုပ်အကိုင်ရရှိခဲ့သည့် အမျိုးသမီးတစ်ဦးက ပြောသည်။

“လခက နှစ်သိန်းဆို တစ်သိန်းကို အေဂျင်စီက ယူတယ်။ မပေးချင်ပေမယ့်လည်း ပေးရတာပေါ့။ ကိုယ့်မှာ အဆက်အသွယ်
မှ မရှိတာ။ အေဂျင်စီတွေကြောင့်ပဲ နယ်ကလူတွေ အဆက်အသွယ်မရှိဘဲ အလုပ်အကိုင်တွေရသွားကြ တာတွေလည်း ရှိပါတယ်” ဟု အထက်ပါအမျိုးသမီးက ပြောသည်။

ဆယ်စုနှစ်ပေါင်း မြောက်မြားစွာအကြာ မြန်မာနိုင်ငံမှာ ကမ္ဘာ့အင်အားကြီးစီးပွားရေးနိုင်ငံများနှင့် နှုတ်ဆက်ချိန်တို့၏ နိဂုံးအပြီး လက်ဝါးချင်းရိုက်၊ ကျောခြင်းကပ်ကာ စီးပွားရေးဆိုင်ရာအခွင့်အလမ်းသစ်များ ဖန်တီးရန်နိုင်ငံခြားသား ကုမ္ပဏီများကပေးမည့် အခွင့်အရေးသစ်များကို အလုပ်အကိုင်မရရှိသေးသည့် ယင်းလူငယ်များက စောင့်ဆိုင်းလျက်ရှိသည်။

လက်ရှိတွင် အစိုးရမှ ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှုများကြောင့် အလုပ်အကိုင်အခွင့်အလမ်းပေါင်း ခြောက်သောင်းကျော်ကို ဖန်တီးပေးနိုင်ခဲ့ကြောင်း ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းက အခမ်းအနားတစ်ခုတွင် ပြီးခဲ့သည့်လက ပြောကြားခဲ့ဖူးသည်။

အလုပ်အကိုင်အခွင့်အလမ်းပေါင်း မြောက်မြားစွာဖြင့် တည်ရှိနေသည့် ရန်ကုန်မြို့၌ လုပ်ငန်းခွင်မှ လိုအပ်သည့် အရည်အချင်း၊ လုပ်ငန်းခွင်အတွေ့အကြုံတို့နှင့် အလုပ်လျှောက်ထားသူတို့၏ အရည်အချင်းပိုင်း ကွဲလွဲမှုများကြောင့် ယခုလို အခက်အခဲများနှင့် ရင်ဆိုင်နေရဆဲဖြစ်သည်ဟု အိုင်တီကုမ္ပဏီတစ်ခုမှ လူ့စွမ်းအားအရင်းအမြစ် မန်နေဂျာတစ်ဦးက သုံးသပ်သည်။

ထို့ကြောင့် လူဦးရေခြောက်သန်းကျော် နေထိုင်ပြီး စီးပွားရေးလုပ်ငန်းပေါင်းမြောက်မြားစွာ ရှိသည့် ရန်ကုန်မြို့၏ လုပ်ငန်းဌာနအသီးသီးတွင် ကျွမ်းကျင်လုပ်သားပေါင်းမြောက်မြားစွာ လိုအပ်လျက်ရှိသည်။ ယင်းလိုအပ်ချက်အတွက် နယ်မှတက်လာပြီးသည့် လူငယ်ထုကသာ ကဏ္ဍအများစုတွင် ဖြည့်ဆည်းပေးလျက်ရှိသော်လည်း ထပ်မံပြီး အလုပ်အကိုင်ရရှိရန် နေရာအသစ်၊ အခွင့်အလမ်းသစ်များ ဖန်တီးပေးရန် လိုအပ်နေသေးကြောင်း ယင်းလူငယ်တို့က ဆိုသည်။

“ဘယ်လောက်ပဲ အခွင့်အရေးသစ်တွေလာလာ ကျွန်တော်တို့အတွက်တော့ ခက်ခဲနေသေးတယ်” ဟု အသက်၂၀ ကျော်အရွယ်ရှိ ကိုရန်နိုင်စိုးက ညည်းတွားပြောဆိုသည်။ ရန်ကုန်၏ နွေနေပူထဲက တိုးဝင်ဖြတ်သန်းလာသည့် လေပူကြီးကို ရှူရှိုက်ရင်း နွေရာသီတွင် ခုလိုအချိန် သူတို့ရွာက လက်ပံပွင့်တွေကြားမှ တိုးဝင်လာသည့် လေပြည်အေးကို သူလွမ်းမောနေမိသည်။

သို့သော် မြို့ပြစရိုက်သဘာဝကို အားကျခဲ့သည့် ကိုရန်နိုင်စိုးတစ်ယောက် မြို့ပြတွင် ဆက်လက်နေထိုင်နိုင်ရေးအတွက် ညနေတွင် ချိန်းဆိုထားသည့် ကုမ္ပဏီတစ်ခု၏ အလုပ်ခေါ်အင်တာဗျူးအတွက် သူရင်တွေခုန်နေမိတာတော့ အမှန်ပင်။

သို့သော် ယခုကဲ့သို့ အင်တာဗျူးမျိုးမှာ သူ့အတွက်အဆန်းတော့မဟုတ် တစ်နှစ်ကျော်အတွင်း ခုနစ်ကြိမ်မြောက်လည်း ဖြစ်ခဲ့ပါပြီ။ ။

ရေးသားသူ-မိုးညို၊ အေးမြတ်သူ

Monday, March 18, 2013

ရင်လေးဖွယ်ရာ အမျိုးဘာသာ သာသနာ

ရင်လေးဖွယ်ရာ အမျိုးဘာသာ သာသနာ
* * * * * * * * * * * * * * * * * *

၁။ ဗုဒ္ဓမြတ်စွာဘုရားသည် သစ္စာသာသနာတော်ကြီးကို တည်ထောင်နိုင်ရန်အတွက် လေးအသင်္ချေနှင့် ကမ္ဘာတစ်သိန်းကာလကြာအောင် ပါရမီဖြည့်တော်မူခဲ့ရသည်။ ပါရမီဖြည့်သည်ဆိုတာ မိမိရည်ရွယ်ချက်အပြည့်အ၀အောင်မြင်စေ ရန် မြင့်မြတ်သော ကိုယ်ကျင့်စွမ်းအားတို့ကိုအလုံအလောက် ဆည်းပူးစုဆောင်းရခြင်းဖြစ်သည်။ ဘုရားအလောင်းတော်ဘ၀တွင်ခြေလက်အင်္ဂါမြောက်များစွာကို စွန့်လှူခဲ့ရသည်။ မျက်လုံးတော်တို့ကိုစွန့်လှူခဲ့သည်မှာ တန်ဆောင်မုန်း လပြည့်ညအခါ မြူတိမ်ကင်းစင်သော ကောင်းကင်ပြာပြာဝယ် ပေါ်ထွက်နေသော ကြယ်တာရာထက်ပင် အရေအတွက် များမြောင်လှပေ၏။ စွန့်လှူစတေးခဲ့သော ဦးခေါင်းတော်တို့သည်လည်း ထပ်ဆင့် စုပုံထားမည်ဆိုလျှင် ယူဇနာပေါင်းရှစ်သောင်းလေးထောင် နှစ်ပြန်ဆောင်သော မြင့်မိုရ်တောင်ထက်ပင် အရွယ်အစားကြီးမားလှပေ၏။ အသက်သွေးချွေးတို့ကို စွန့်လှူစတေးခဲ့သည်မှာလည်း မဟာသမုဒ္ဒရာလေးစင်းအရေအတွက်ပင် အနှိုင်းအဆမရှိအောင် များမြောင်လှပေ၏။ ဤကဲ့သို့ မိမိအသက်ကိုပင် ငဲ့ကွက်တွယ်တာခြင်း လုံးဝမရှိ၊ ပါရမီဖြည့်တော်မူခဲ့သည်မှာ အားလုံးသော လူ၊နတ်၊ဗြဟ္မာသတ္တ၀ါတို့အား သစ္စာတရား ဟောကြားခြင်းအားဖြင့် သံသရာဝဋ်ဆင်းရဲအတွင်းမှကယ်တင်တော်မူရန်ဖြစ်သည်။

၂။ ထေရ၀ါဒဗုဒ္ဓဘာသာသည်သစ္စာသာသနာဖြစ်သည်။ သစ္စာသာသနာဆိုတာ အမှန်တရား ရင်ဝယ်ထား၍သတ္တ၀ါအများ ချမ်းသာကောင်းစားရန် လမ်းမှန်ညွှန်ပြ သွန်သင်ဆုံးမခြင်းဖြစ်သည်။ “ အတ္တ -ဇီဝ ”ဟုခေါ်သည့် အသက် ၀ိညာဉ် လိပ်ပြာမရှိ၊ ရုပ်-နာမ် သာလျှင် ရှိ၏။ သက်ရှိသက်မဲ့ကမ္ဘာလောကကြီးကို တည်ထောင်သော ဖန်ဆင်းရှင် မရှိ။ အ၀ိဇ္ဇာ -စသောအတိတ်အကြောင်းတရားတို့ကြောင့် ၀ိညာဏ် စသော ပစ္စုပ္ပန်အကျိုးတရားတို့ ဖြစ်ပေါ်လာသည်။ယင်းအကျိုး တရားတို့ကို အစွဲအမှီပြု၍ တဏှာ စသောပစ္စုပ္ပန်အကြောင်းတရားတို့ဖြစ်ပေါ်လာသည်။ ယင်းအကြောင်းတရားတို့ကြောင့် ဇာတိ စသော အကြောင်းတရားတို့ ဖြစ်ပေါ်လာရပြန်သည်။ယင်းအကြောင်းတရားတို့ကြောင့် တဖန် ၀ိညာဏ်စသော အကျိုးတရား ဖြစ်ပေါ်လာရပြန်သည်။ဤကဲ့သို့ အစဉ်မပြတ် အကြောင်းအကျိုး ဆက်စပ်၍ ခြားရဟတ်သဖွယ် ဒုက္ခသံသရာလည်နေခြင်းဖြစ်သည်။ သမ္မာမဂ္ဂင် အကျင့်မြတ်ဖြင့် အကြောင်းတရား အ၀ိဇ္ဇာနှင့်တဏှာကို ပယ်ဖြတ်နိုင်လျှင် အကျိုးတရား ၀ိညာဏ် ၊ ဇာတိတို့ ချုပ်ငြိမ်းချမ်းသာရာ နိဗ္ဗာန်သို့ရောက်နိုင်သည်။ ဗုဒ္ဓမြတ်စွာဘုရားသည် ဤကဲ့သို့ အမှန်တရားကို ပြတ်ပြတ်သားသားထုတ်ဖော်ဟောကြားခဲ့သဖြင့် ထိုခေတ်ကပင် အမှားကို ဖက်တွယ်ထားကြသည့် တိတ္ထိအုပ်စုများကဗုဒ္ဓဘုရားကို နည်းအမျိုးမျိုးဖြင့် ထိုးနှက် ဆန့်ကျင်ခဲ့ကြသည်။

၃။ သာသနာ့ဒါယကာ အသောကမင်းတရားကြီးသည် ခရစ်မပေါ်မီ(၂၃၂)ခုနှစ်တွင်နတ်ရွာလားပြီးသည့်နောက် မင်းတရားကြီး၏ အနွယ်တော်များဖြစ်ကြသော မင်း(၇)ဆက်တို့ခရစ်မပေါ်မီ(၁၈၄)ခုနှစ်တိုင်အောင် မင်းပြုကြသည်။ ထိုနှစ်တွင် မင်းတရားကြီးနောက်ဆုံးအနွယ်တော် ဗြိဟဒြမင်းအား ၄င်း၏ စစ်ဗိုလ်ချုပ်ကြီးဖြစ်သူ ဗြဟ္ဗဏလူမျိုး ပုရှမိတြသည် မာဂဓတိုင်းမှ သျှကသျှာလီစစ်သားအချို့ ၏ အကူအညီဖြင့် ဦးခေါင်းတော်ကိုဖြတ်ကာ မောရိယနန်းတော်ကို လုယူသည်။ မိမိ၏ မျိုးနွယ်ကိုလည်း ဆုံဂ၀ံသဟုခေါ်တွင်စေသည်။ ပုရှမိတြသည် ပါဋလိပုတ်ပြည်မှ ပန်ဂျပ်နယ် နာလန္ဒာမြို့ အထိ ကျောင်း၊စေတီတို့ကို မီးရှို့ ခြင်း၊ ရဟန်းသံဃာတော်တို့အား ရက်စက်စွာ သက်ဖြတ်ခြင်းစသည်တို့ကို ပြုလုပ်သည်။ ရေတွက်၍ မပြ၀ံ့လောက်အောင်များစွာသော သံဃာတော်များနှင့်သာသနာအဆောက်အဦး ကျောင်း၊ စေတီပုထိုးများ မရှုမလှ ပျက်စီးကြရသည်။ရေမတွက်နိုင်လောက်သော လူဒကာ၊ ဒကာမများလည်း သေကြေပျက်စီးခြင်းသို့ ရောက်ကြရသည်။ကျန်ရစ်သူ ဗုဒ္ဓဘာသာဝင်တို့အား ရာဇပရိယာယ်အမျိုးမျိုးဖြင့် ဟိန္ဒူဘာသာသို့ ကူးပြောင်းစေသည်။ ဤအချက်မှာ မစ္စတာအလာတေကာ၏ ရှေးဟောင်းအိန္ဒိယရာဇ၀င်စာအုပ် တွင်ရေးသားဖော်ပြထားသည့် ဆုံဂမင်းတို့၏ ဗုဒ္ဓဘာသာကိုပွဲဦးထွက် ဖျက်ဆီးခဲ့ကြပုံအမြွက်မျှသာဖြစ်သည်။

၎။ ခရစ်နှစ် ( ၁၁၉၃ ) ခုနှစ်တွင် မိုဟာမက်ဂေါ်ရီခေါ် အာဖဂန်စစ်ဗိုလ်ချုပ်ကြီး၏ဗိုလ်မှူးဘတ်တီယာ ခလဂျီနှင့် ဗိုလ်မှူး ကုတ်ဘွဒ္ဒိန်တို့သည် စစ်သားပေါင်း(၆၀၀၀)ခန့်ဖြင့်အိန္ဒိယပြည် ဘီဟာနယ် (မာဂတတိုင်း ) နှင့်ယူပီနယ်တို့ကို တိုက်ခိုက်သိမ်းပိုက်ကြသည်။ ဂယာဒိစကြိတ်ရှိ လူပေါင်းများစွာတိုကို သတ်ဖြတ်ပြီးပစ္စည်းဥစ္စာတို့ကို လုယက်ယူငင်ကြသည်။ ကိုးကွယ်ရာ အဆောက်အဦးပေါင်းမြောက်များစွာကိုလည်း ဖျက်ဆီးပစ်ကြသည်။ သူတို့ စစ်သားပေါင်း (၂၀၀၀) ခန့်သည်ဗုဒ္ဓဂယာသို့ လာရောက်ကြပြီး အဆောက်အဦးများစွာ တို့ကို မီးရှို့ ဖျက်ဆီးခြင်း၊ ပစ္စည်းဥစ္စာတို့ကို လုယက်ခြင်း၊ ရဟန်းတို့ကို ဓား၊ လှံ၊ လက်နက်တို့ဖြင့်သတ်ဖြတ်ခြင်း၊ ရာပေါင်းများစွာသော စေတီပုထိုးတို့ကို ဖျက်ဆီးခြင်း၊များပြားလှစွာသော ရုပ်ထုတော်တို့ကို ရိုက်ချိုးခြင်းများ ပြုလုပ်ကြသည်။ရဟန်းတော်အချို့ မှာ တိဘက်ပြည်၊ နိပေါပြည်နှင့် အိန္ဒိယတောင်ပိုင်းသို့ပုန်းရှောင်ထွက်ပြေးသွားကြရသည်။ ခရစ်နှစ်(၁၂) ရာစုကုန်ခါနီးမှာ မာဂဓတိုင်းကြီးတစ်လျှောက်လုံး ပြာပုံအတိဖြစ်ကာ တောကြီးသေလာ ဟိမ၀န္တာကဲ့သို့ဆိတ်ငြိမ်လျက် ဗုဒ္ဓဘာသာ သာသနာ အရောင်တို့မှာလည်း လကွယ်နေ့ညသန်းခေါင်းယံအချိန်ကဲ့သို့ အမှောင်အတိဖုံးအုပ်ခြင်းကြောင့် ပျောက်ကွယ်ကြရသည်။ ကျန်ရစ်သူ မာဂဓတိုင်းသူ တိုင်းသားတို့မှာအစ္စလာမ်ဘာသာထဲ အဓမ္မဆွဲသွင်းခြင်းခံကြရသည်။ ဘာသာခြားစစ်သားတို့သည် မာဂဓတိုင်းသူ အချောအလှတို့၏ ကာမကိုလည်းအလိုမတူဘဲနှင့် အဓမ္မအရယူ၍ မြိန်မြိန်ရှက်ရှက်ကြီး ခံစားကြလေသည်။

၅။ အိန္ဒိယပြည် ပေါ်တူဂီပိုင် ဂိုအားဘုရင်ခံ အေးရက်စ်ဒေဆောလ်ဒေါန်ဟာ လက်ထက်အေဒီ(၁၅၅၉) အကုန်လောက်တွင် ပေါ်တူဂီစစ်ဗိုလ် ဆာလ်ဗာဒေါ်ရီဘေအီရိုဒေဆော်ဆာသည်ရခိုင်မင်း မင်းရာဇာကြီးထံ ဗိုလ်မှူးအဖြစ် ၀င်ရောက်အမှု့ ထမ်းသည်။ သူနှင့်တွက်ဖက်၍ဖီးလစ်ဒီဗရစ်တိုနီကိုတီ လည်းအမှုထမ်းသည်။ အေဒီ (၁၅၅၉)တွင် ရခိုင်မင်းတရားကြီးသည် တောင်ငူဘုရင် မင်းရဲသီဟသူနှင့် ပူးပေါင်း၍ ပဲခူးကို အောင်မြင်သောအခါ မိမိအားအကူအညီပေးခဲ့သော ဒီဗရစ်တို (ခ) ငစင်ကာ ခေါင်းဆောင်သည့်ပေါ်တူဂီတို့အားသံလျင်ဆိပ်ကမ်းကို ပေးအပ်ခဲ့သည်။ ရခိုင်ဘုရင် ကိုယ်စားလှယ်အဖြစ် နေထိုင်ရသောဒီဗရစ်တို (ခ)ငစင်ကာသည် သံလျင်ကို ခိုင်ခံ့အောင် ခံတပ်များပြုလုပ်၍အင်အားဖြည့်တင်းပြီးနောက် သံလျင်တွင်ဘုရင်တစ်ဆူလို သီးခြားအုပ်စိုးသည်။ ပုသိမ်၊ဒလ စသောသင်္ဘောဆိပ်များကိုလည်း သိမ်းပိုက်ထားသည်။ မြစ်ဝကျွန်းပေါ်နိုင်ငံခြားကူးသန်းရောင်းဝယ်ရေး သော့ချက်များကို အပိုင်အနိုင်ရယူပြီးနောက် မြန်မာတစ်နိုင်ငံလုံးသိမ်းပိုက်ရေးကိုဆက်လက်ပြုလုပ်သည်။ ဗရင်ဂျီ ဘုရားရှိခိုးကျောင်းတစ်ကျောင်း ကို ဆောက်လုပ်၍ ရိုမန်ကက်သိုလစ် ခရစ်ယာန်ဘာသာကို အားပေးသည်။ ဗုဒ္ဓဘာသာ ရဟန်းသံဃာတို့ကိုမလှူမတန်းရ၊ ဗရင်ဂျီဘာသာကို မယူလျှင် မနေနိုင်အောင် သွေးဆောင်သွတ်သွင်းသည်။ ဗုဒ္ဓသာသနိကအဆောက်အဦးများ၊ ဘုရားဆင်းတုတော်များကို ဖျက်ဆီးသည်။ စေတီများအတွင်းရှိ၊ ရွှေဆင်းတု၊ငွေဆင်းတုစသည့် ဌာပနာပစ္စည်းများနှင့် ခေါင်းလောင်၊ ကြေးစည်၊ သံထီး၊ သံတံခွန်အားလုံးသိမ်းယူထုခွဲ၍ နိုင်ငံခြားသို့ ရောင်းချသည်။ ကြေးဘုရား၊ကြေးပစ္စည်းများကို အရည်ကျို၍ အမြောက်လက်နက်များ သွန်းလုပ်သည်။ ရတနာပူရအ၀ရွှေနန်းရှင် မဟာဓမ္မရာဇာ အနောက်ဖက်လွန်မင်းတရားသည် သက္ကရဇ် -၉၇၄၊ အေဒီ(၁၆၁၂)တွင်သံလျင်သို့ တပ်မအလုံးအရင်းဖြင့် ချီတက်၍ တိုက်ခိုက်သိမ်းပိုက်ရာဒီဗရစ်တို(ခ) ငစင်ကာနှင့်တကွ တစ်မြို့ လုံးကို ရသည်။ ဒီဗစ်တို(ခ)ငစင်ကာသည် ဘုရားပုထိုးဖျက်ဆီးသူဖြစ်၍ သံလျင်မြို့ လယ်မြို့ သူမြို့ သားအပေါင်းတို့ရှေ့ တွင် တံကျင်တင်၍ကွပ်မျက်ခြင်း ခံရလေသည်။

၆။ ကုန်းဘောင်ခေတ်မင်းတစ်ပါးဖြစ်သော ပုဂံမင်းသည် သောက်စားမူးယစ်ကာ ကြက်တိုက်၊ဂျိုးတိုက်၊ နွားတိုက်စသည့် မကောင်းမှုအလုပ်တွေနှင့် အပျော်ကြူးနေသော မင်းတစ်ပါးဖြစ်သည်။တိုင်းတစ်ပါးသား ဘာသာခြားဖြစ်သူ တောလိုက်မုဆိုး ဘိုင်ဆတ်သည် ပုဂံမင်းထံ ချဉ်းကပ်၍အကျွမ်းဝင်အောင် ပေါင်းသည်။ ပုဂံမင်းကြိုက်သည့် နိုင်ငံခြားဖြစ် အရက်အမျိုးမျိုးကို နေ့စဉ် ဆက်သသည်။ ကြက်တိုက်၊ ဂျိုးတိုက်၊ နွားတိုက်လည်း အတူတူ၊ပုဂံမင်းသည် ဖား ပေါင်းနေသူကို သမားကောင်းတစ်ဆူ ထင်မှတ်၍ ဘိုင်ဆတ်ကို မြို့ဝန်ရာထူး ပေးကာ သူကောင်းပြုသည်။ ဘိုင်ဆတ်သည်အခွင့်ကောင်းယူ၍ ဗုဒ္ဓဘာသာမြန်မာအမျိုးသမီးအချောအလှလေးတွေကို တစ်ယောက်ပြီးတစ်ယောက် အဓမ္မ သိမ်းပိုက်သည်။ ဤနည်းဖြင့်ဘိုင်ဆတ်မှာ မယားပေါင်း လေးဆယ်ခန့် ရှိသည်ဟု ဆိုကြသည်။ မြို့ သူမြို့ သားများအပေါ်တမင်အကွက်ဆင် အပြစ်ရှာ၍ အမှုလုပ်ကာ ရွှေငွေတောင်းသည်။ မပေးနိုင်သူတွေကိုညှဉ်းဆဲနှိပ်စက်သတ်ဖြတ်သည်။ ဘိုင်ဆတ်သည်မြို့ ဝန်ဘ၀သက်တမ်းငါးနှစ်အတွင်းမှာ မြန်မာလူမျိုးပေါင်း နှစ်ထောင်ခန့် ညှဉ်းပန်းနှိပ်စက်သတ်ဖြတ်သည်။ ဤအကြောင်းကို ပုဂံမင်းသိသောအခါ ဘိုင်ဆတ်ကို မြို့ ဝန်ရာထူးမှ ချပြီးဖမ်းဆီးရေးယူကာ အမရပူရ မြို့ အလယ်တွင် ကားစင်တင် တံကျင်ထိုးပြီးကွပ်မျက်လိုက်လေသည်။

၇။ ယခုအခါ ပြည်ထောင်စုမြန်မာနိုင်ငံသည် ဒီမိုကရေစီစနစ်ကို ကျင့်သုံးပြီးလူ့အခွင့်အရေးများ ရှိလာခြင်းနှင့်အတူ ဂလိုတယ်လိုက်ဇေးရှင်းကမ္ဘာတွင် ပါဝင်သောနိုင်ငံတစ်နိုင်ငံဖြစ်သည်။ သို့ရာတွင် “ ဒီမိုကရေစီ ” “လူ့အခွင့်အရေး” “ဂလိုဘယ်လိုက်ဇေးရှင်း” စသည့် စံနှုန်းများကို ပုထုဇဉ် ( အတ္တဒိဋ္ဌိ မပြုတ်သေးသူ ) လူသားများကသာ ပြဋ္ဌာန်းထားပြီး ပုထုဇဉ်လူသားများကပင် ကျင့်သုံးကြတာဖြစ်သည်။ ပုထုဇဉ်ဆိုသည်မှာ ကိလေသာထူပြောပြီး အတ္တအားကြီး၍ အမှားမကင်းနိုင်သော သတ္တ၀ါများဖြစ်သည်။ ထို့ကြောင့် ဒီမိုကရေစီ၏ နောက်ကွယ်မှ “ငါမိုကရေစီ” တွေ ရှိလာနိုင်သည်။ လူ့အခွင့်အရေး မျက်နှာဖုံးစွပ်ပြီး အတွင်းက ဘီလူးမျက်နှာတွေ ဖြစ်နေတတ်သည်။ဂလိုဘယ်လိုက်ဇေးရှင်းဟု အသံကောင်းပြုကာ အင်အားစုပြီး မူလနိုင်ငံ၏ စီးပွားရေး၊အမျိုးသားရေး၊ ဘာသာရေး၊ လူမှုရေး၊ ယဉ်ကျေးမှုနှင့် နိုင်ငံရေးတို့ကို တစ်စတစ်စနှင့်ဝါးမျိုသွားတတ်သည်။ တူရကီနိုင်ငံသည် မူလက ခရစ်ယာန်နိုင်ငံ၊အင်ဒိုနီးရှားနိုင်ငံသည် မူလက ဗုဒ္ဓဘာသာနိုင်ငံ၊ မလေးရှားနိုင်ငံသည် မူလကဗုဒ္ဓဘာသာနိုင်ငံ၊ အာဖဂန်နစ္စတန်နိုင်ငံသည် မူလက ဗုဒ္ဓဘာသာနိုင်ငံ၊ပါကစ္စတန်နိုင်ငံသည် မူလက ဟိန္ဒူနိုင်ငံ၊ ဘင်္ဂလားဒေ့နိုင်ငံသည် မူလက ဟိန္ဒူနိုင်ငံ၊ထိုနိုင်ငံများသည် ယခုအခါ အစ္စလာမ်ဘာသာဝင်အများဆုံး နိုင်ငံများအဖြစ်ပြောင်းလဲသွားခဲ့ကြပြီ၊ မူလက မဟာယာန ဗုဒ္ဓဘာသာအများဆုံးရှိသည်တောင်ကိုရီးယားနိုင်ငံသည် ယခုအခါ ခေတ်မှီဖွံ ဖြိုးတိုးတက်လာ သော်လည်း ခရစ်ယာန်ဘာသာဝင် အများဆုံး နိုင်ငံအဖြစ်ပြောင်းလဲသွားလေပြီ။

၈။ ကံရာဇာငယ်အစ သီပေါမင်းအဆုံး ရှေးအခါကမြန်မာရာဇ၀င်တွေကို ပြန်ကြည့်လျှင်မြန်မာမြေပေါ်မှာ လူမျိုးခြား၊ ဘာသာခြားများကို မင်းနှင့်တကွ တိုင်းသူပြည်သားများကပျူငှာဖေါ်ရွေစွာ လက်ခံခဲ့ကြသည်။ မြို့ ဝန်အထောက်ဝန် စသည့် ရာထူးများ ပေး၍ပင်သူကောင်းပြုခဲ့ကြသည်။ ထို့နောက် သူ့ကျွန်ခေတ်တွင်လည်းကောင်း၊ လွတ်လပ်ရေးရပြီး ကာလများတွင်လည်းကောင်း၊ လူမျိုးခြားဘာသာခြားတို့သည် မြန်မာနိုင်ငံအတွင်းသို့နည်းအမျိုးမျိုးဖြင့် အခွင့်သာလျှင် သာသလို ၀င်ရောက်နေရာယူ အခြေချလာခဲ့ကြသည်။ထိုသူတို့သည် စီးပွားရေးကို အောက်ခြေချ လာခဲ့ကြသည်။ သူတို့သည် စီးပွားရေးကိုအောက်ခြေသိမ်းကစ၍ ရှာဖွေလုပ်ကိုင်နိုင်စွမ်းရှိကြသဖြင့် ကြီးပွားချမ်းသာလာကြပြီးအချက်အချာကျသော မြို့ ပြဈေးရုံများ၊ ကျေးရွာများတွင် စီးပွားရေးဘက်ကလည်း အသာစီးရကြသည်။ အမျိုးကို မချစ်၊ ဘာသာကို ပစ်၍ မိမိနှင့် မျိုးမတူဘာသာခြားတို့အားကာမစည်းစိမ်လည်းပေး၊ ကလေးတွေကိုလည်း များများမွေးကြသော မြန်မာမိန်းမတို့၏ ကောင်းမှု့ကြောင့် သူတို့လူဦးရေကလည်း တစ်နေ့တစ်ခြား တိုးပွားလာသည်။ ထို့ပြင် တိုင်းရင်းသားဘာသာခြားတို့၏ နည်းအမျိုးမျိုးဖြင့် စည်းရုံးသိမ်းသွင်း ဆွဲဆောင်ခြင်းကြောင့်ဗုဒ္ဓဘာသာကို စွန့်ပြီး ဘာသာခြား ဖြစ်သွားသူတွေလည်း တစ်စတစ်စ များလာသည်။နိုင်ငံခြားမှ ၀င်လာသော စီးပွားရေးလုပ်ငန်းရှင်များကလည်း ဗုဒ္ဓဘာသာဝင်အလုပ်သမားများ၊ နီးစပ်ရာလူများကို ဘာသာရေးမဲဆွယ်လျက်ရှိကြသည်။ လွန်ခဲ့သောတစ်ချိန်က မြန်မာနိုင်ငံမှာ တာဝန်ရှိသူတို့၏ တာဝန်လစ်ဟင်းမှု၊ စီမံခန့်ခွဲရေးလွဲချော်မှု၊ အကျင့်ပျက်ခြစားမှု၊ ဦးဆောင်လမ်းပြလိုအပ်မှုတို့ကြောင့် မြန်မာလူမျိုး အများစုမှာ စီးပွားရေး၊ လူမှုရေး၊ ပညာရေးများ အဆင့်နိမ့်ကျသွားသည်။ သို့ဖြင့်ဗုဒ္ဓဘာသာ မြန်မာတို့သည် စီးပွားရေးကို အကြောင်းပြ၍ မိမိတို့အမျိုးဘာသာသာသနာနှင့်နိုင်ငံတော်၏ နောင်ရေးကို မမျှော်တွေးတော့ဘဲ သန္ဓေတားခြင်း၊ ဖျက်ချခြင်းများပြုလျက် ကလေးမွေးဖွားနှုန်းကို များစွာ လျှော့ချပစ်လိုက်ကြသည်။မိုက်လေစွ……စီးပွားရေးကိုလည်း လက်ကြောတင်းအောင် မလုပ်ကြ၊ အိမ်ထောင်လည်းမပြုကြဘဲလူပျိုကြီး၊ အပျိုကြီး လုပ်နေသူတွေလည်းများလှသည်။ ဤသို့လျှင် ဗုဒ္ဓဘာသာမြန်မာတို့သည် မိမိတို့အမျိုးနှင့် ဘာသာကို မိမိတို့ကိုယ်တိုင် ရွှေမဖြစ်စေဘဲ ရွှံ့ ဖြစ်အောင်လုပ်နေကြသည်ကို မသိရှာကြချေ။ သို့ဖြစ်၍ မြန်မာနိုင်ငံသည် နောင်အနာဂတ်တွင်ဘာသာခြားအများဆုံး နိုင်ငံအဖြစ် ပြောင်းလဲတော့မည်လော။ (၈-၆-၂၀၁၂) နေ့မှစ၍ရခိုင်ပြည်နယ်တွင် ဖြစ်ပျက်ခဲ့သော အရေးအခင်းသည် လူဦးရေအင်အား လျှော့ချနေကြသောဗုဒ္ဓဘာသာမြန်မာတို့အတွက် ပူပူနွေးနွေး သတိသံဝေဂယူစရာ အရေးကြီးသော ပစ္စုပ္ပန်သင်ခန်းစာတစ်ရပ် ဖြစ်ပေသည်။ တောင့်တင်းခိုင်မာသော လူသားအရင်းအမြစ်များလုံလောက်စွာ မရှိလျှင် အန္တရယ်တွေ့ကြုံလာပါက မိမိတို့၏ အမျိုးဘာသာသာသနာနိုင်ငံတော်ကို ဘယ်လို ကာကွယ်ကြမည်နည်း။

ှရင်လေးဖွယ်ရာ သာသနာနှင့် အနာဂတ်ရေး ရှည်မျှော်တွေးလို့ ရှေးယခင်လက်ထက်မှာကထဲက အစဉ်အဆက် အားပျော့လာခဲ့တဲ့လုပ်ငန်းစဉ်တွေကို လွန်စွာကြိုးကုတ် အားထုတ်လိုက်ပါမှ တော်ကာကျပေတော့မည်။ အဓိက လျစ်လျူရှုခဲ့ကြတဲ့ အပတ်စဉ်တွေ့ဆုံတိုင်ပင်မှုတွေနဲ့ တောင့်တင်းခိုင်မာသော လူသားအရင်းအမြစ်တွေ ရရှိလာအောင် အားထုတ်ကြပါကုန်စို့။ အချက် (၇) ချက်ကို ရောက်လေရာမှာ ဆရာဒကာညီညွတ်စွာ အကောင်အထည်ဖော်ပါစို့။

၁။ လက်ကမ်းစာရွက် ရုပ်သံအခွေများဝေပြီး ဘာသာခြားများအန္တရာယ်နဲ့ ဈေးဆိုင်တွေကို ရှောင်ကျဉ်အောင် အားလုံးသိအောင် သတိထားမိအောင် အသိပညာပေးပါ
၂။ ဘာသာခြားစီးပွားရေးတွေကို ရှောင်ကျဉ်စေ၍ ဆောင်ရန်များများဝေငှပြီး ၉၆၉ စာကပ် ကိုယ့်အချင်းချင်းကိုသာ စီးပွားရေးရောင်းဝယ်ကြပါ
၃။ ခနတဖြုတ်စည်းလုံးကြတဲ့ ကောက်ရိုးမီးလို မဖြစ်ရအောင် အပတ်စဉ် စီးပွား လူမှု ဘာသာရေးတွေ တိုင်ပင်ဆွေးနွေးပြီး ဆုံးဖြတ်ချက်ချ အကောင်အထည်ဖော်ကြပါ
၎။ မရှိသေးတဲ့ ကုန်ပစ္စည်း လုပ်ငန်းတွေကို ထူထောင် ရောင်းဝယ်ကြပါ
၅။ မြန်မာလူဦးရေကို ဘာသာခြားတွေနဲ့ ဆတူတိုးပွားနိုင်အောင် နည်းတဲ့နေရာတွေပြန်များလာအောင် လုပ်ဆောင်ကြပါ
၆။ ဘာသာစကားအခက်အခဲများကို လျင်မြန်စွာ ကျော်ဖြတ်ပြီး တန်ပြန်ဘာသာရေး စည်းရုံးဆွဲဆောင်ကြပါ
၇။ စည်းရုံးလို့ရတဲ့ နေရာဒေသ ဗုဒ္ဓဘာသာဦးရေနည်းလာတဲ့နေရာဒေသတွေကို
လက်မလွတ်ရအောင် စောင့်ရှောက်ဖေးမလက်တွဲထားကြပါ။

ဗုဒ္ဓမြတ်စွာ သာသနာကို ကောင်းစွာကြိုတင် မပြုပြင်သော် အမြင်မှိန်မှေး အထင်သေး၍ ယဉ်ကျေးဖွယ်ရာ အဖြာဖြာနှင့် ဘာသာဝါဒ ဟူသမျှတို့ စစကုန်သုဉ်း ပြုတ်ပြုတ်ပြုန်းလိမ့်။

ထွတ်ဘုန်းသာသနာ မှိန်သောခါဝယ် ထွေရာကောင်းနိုး ဝါဒမျိုးဖြင့် အကျိုးမဟဲ့ ဖြစ်ပြန်ခဲ့မူ တကဲ့တိုင်းကြီး ပြည်အနီး၌ တိုင်းသီးပြည်နယ် မျက်နှာငယ်လိမ့်။

သို့နှယ်ကြောင်းရာ စုပေါင်းကာဖြင့် ကောင်းစွာမြှော်ညှိ ဆင်ခြင်မိ၍ တို့၏နယ်မြေ ဒို့အမွေနှင့် ဒို့မေဘာသာ သာသနာကို ဒို့သာကြံ့ကြံ့ စောင့်ရှောက်အံ့ဟု စိတ်ထားမြတ်ဖြင့် နာဂတ်သာသနာ ရေးအရာကို တွေးကာသိုက်မြိုက် ရေးသားလိုက်၏။

သိထိုက်သိရာ သိပြီးခါဝယ် စဉ်လာထင်မြင် ပြင်ကာဆင်လျက် စည်ပင်သာယာ သာသနာနှင့် မြန်မာပြည်ထောင် တိုးတက်အောင်လျှင် ခေါင်းဆောင်ရှေ့သွား ရှင်လူများတို့ ခွဲခြားမေတ္တာ မထားပါဘဲ များစွာခိုသင်း ငုံးခပင်းတို့ မကြွင်းကိုယ်စီ ပိုက်ကိုချီသို့ ညီညီကြိုးကုတ် အားသွန်ထုတ်က ဗုဒ္ဓသာသနာ ပြည်မြန်မာသည် ကမ္ဘာထုတ်ချင်း ထွန်းလိမ့်သောဝ်။

အကိုးအကား
၁။ ရွှေဘို မျိုးချစ်မောင် ဗုဒ္ဓကမ္ဘာဆိုဒ်
၂။ အမရပူရမြို့ မဟာဂန္ဓာရုံဆရာတော် အရှင်ဇနကာဘိဝံသ (အနာဂတ်သာသနာရေး)
ရဲရင့် ဇာနည်