နယ်မှလူငယ်များအတွက် အလုပ်နေရာရှားနေဆဲ ရန်ကုန်
တွန့်ကြေနေသည့် ဂျာနယ်စာမျက်နှာပေါ်ရှိ ဟိုတစ်ကွက်ဒီတစ်ကွက် ကြော်ငြာများကို လက်ထဲရှိ မင်နီဘောပင်တစ်ချောင်းဖြင့် စိတ်ကြိုက်ရေးမှတ်နေသည့် ကိုရန်နိုင်စိုးတစ်ယောက် ပတ်ဝန်းကျင်တွင် အာရုံမရှိ။
ရန်ကုန်မြို့ လမ်းဘေးလက်ဖက်ရည်ဆိုင်လေးတွင် ထိုင်ရင်းထိုကြော်ငြာစာရွက်လေးက သူ့အာရုံများကို တစ်နေရာတည်းစုစည်းကာ ဆွဲဆောင်ထားသည်။
ဂျာနယ်ထဲမှာပါသည့် လိပ်စာများကို စနစ်တကျရေးမှတ်နေရင်း သူနှင့်ညနေတွင်
ချိန်းထားသည့် ဆောက်လုပ်ရေးကုမ္ပဏီတစ်ခုမှ အလုပ်ခေါ်အင်တာဗျူးအတွက်လည်း
ရင်ခုန်နေသည်။ ယခုအင်တာဗျူးမှာ သူ မွန်ပြည်နယ်မှ ရန်ကုန်သို့လာပြီး
တစ်နှစ်ကျော်အကြာ ခုနစ်ကြိမ်မြောက်ဖြေရမည့် အင်တာဗျူးလည်းဖြစ်သည်။
ကိုရန်နိုင်စိုးကဲ့သို့ လက်ရှိရန်ကုန်မြို့ပေါ်တွင် နယ်မှတက်လာပြီး ပုံမှန်ဘွဲ့တစ်ခုနှင့် လက်ထဲတွင် သင်တန်းဆင်းလက်မှတ်ပေါင်း
စုံကိုင်ကာ မြို့တော်ရန်ကုန်၌ အလုပ်ရှာနေသည့် လူငယ်တို့ကား
မရေမတွက်နိုင်အောင် ဒုနဲ့ဒေးပင်။ ကမ္ဘာကမြန်မာကိုအာရုံစိုက် လာသောအချိန်၊
နိုင်ငံရေးအချိုးအကွေ့များနှင့်
စီးပွားရေးဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုတို့က ဘက်ပေါင်းစုံ ၀င်ရောက်ရန်
ဟန်ပြင်နေသော အချိန်တွင် ရန်ကုန်မြို့သို့ လာရောက်အခြေချ၊နေထိုင်ပြောင်းရွှေ့လာသည့် လူငယ်ထုအတွက် လစာကောင်းကောင်းနှင့် အလုပ်အကိုင်ကောင်းကောင်း ရရှိရန် လက်ရှိတွင် ခက်ခဲနေဆဲဖြစ်သည်။
ရွာတွင်ရှိသည့် ရာဘာခြံနှင့် မွေးမြူရေးအလုပ်ကို စိတ်မ၀င်စားဘဲ တက္ကသိုလ်မှ ဘွဲ့တစ်ခုရပြီးသည်နှင့် စီးပွားရေးမြို့တော်ရန်ကုန်သို့ ခြေလှမ်းတွေပြင်ခဲ့သည့် ကိုရန်နိုင်စိုးမှာ တိုက်တာကြီးတွေ ကြားထဲက နေ့စဉ်ယာဉ်ကြောပိတ်ဆို့မှုတွေ ရှိနေတဲ့ မြို့တော်ရန်ကုန်နှင့် အသားကျလုနီးပါးရှိနေပြီဖြစ်သော်လည်း ဆက်လက်ရပ်တည်ရန် အလုပ်တစ်ခု အမြန်ဆုံးရဖို့လည်း သူ့အတွက် ခက်ခဲနေပြီဖြစ်သည်။
အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာနသို့ အလုပ်သမားမှတ်ပုံတင်ထားသည့် အလုပ်သမား ရှစ်သိန်းကျော်တွင် ပြည်တွင်းအလုပ်အကိုင်နေရာအတွက် ငါးသိန်းကျော်မှာ လက်ရှိကာလအထိ အလုပ်အကိုင်မရရှိသေးကြောင်း နေပြည်တော်အလုပ်သမားညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်ထားသည်။
နယ်မှ အခြေချပြောင်းရွှေ့လာသူ လူငယ်ထုအတွက် မြို့တော်ရန်ကုန်တွင် ရှိနှင့်နေပြီးသော အလုပ်အကိုင်အခွင့်အလမ်းအများစုမှာ အဆက်အသွယ် ကောင်းသူအချို့နှင့် လုပ်ငန်းခွင် အတွေ့အကြုံရှိမှသာ ခေါ်ယူခန့်ထားခြင်းတို့ကြောင့် အလုပ်အကိုင်ရရှိရန် အခက်ခဲဆုံးဖြစ်လာသည်ဟု နယ်မှတက်လာပြီး ရန်ကုန်တွင် အလုပ်ရရန်ကြိုးစားနေသည့် လူငယ်များက ဆိုသည်။
“အချိန်ပိုင်းအလုပ်တွေ လျှောက်ကြည့်တယ်။ သူတို့ဘက်က ဘာမှ အကြောင်းမပြန်တာများတယ်။ ကိုယ်ကဘွဲ့ရထားပေမယ့် ပညာအရည်အချင်းအနိမ့်ပိုင်းတွေကို
ဦးစားပေးခေါ်တဲ့အလုပ်ကို ရွေးလျှောက်တယ်။ ကုမ္ပဏီအကြီးတွေက ခေါ်တာတွေကိုတော့
မလျှောက်ဖြစ်ဘူး။ သူတို့နဲ့ အဆက်အသွယ်မရှိတော့ အချိန်ကုန်ပြီး
အကျိုးမရှိမှာစိုးလို့ ” ဟု မန္တလေးတိုင်းဒေသကြီး ပုပ္ပါးချိုင်းရွာမှတက်လာသူ
ကိုသူရိန်ကပြောသည်။
အလုပ်အကိုင်မရရှိသေးသည့် လူငယ် ရှစ်ဦးအား
အသေးစိတ်မေးမြန်းရာတွင် အများစုမှာ ရန်ကုန်မြို့၌ လခကောင်းကောင်းနှင့်
အလုပ်အကိုင်ကောင်းရရှိရန် အဆက်အသွယ်နှင့် လုပ်ငန်းခွင်အတွေ့အကြုံ
မရှိခြင်းတို့ကြောင့် ခက်ခဲနေဆဲဖြစ်သည်ဟု ၎င်းတို့က ပြောသည်။
မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်၏ ထုတ်ပြန်ချက်များအရ မြန်မာနိုင်ငံတွင် အမှန်တကယ်အလုပ်လုပ်နိုင်သော
လူဦးရေမှာ ၃၁ သန်းခန့်ရှိပြီး အလုပ်လက်မဲ့နှုန်းမှာ ၁၀ သန်းခန့်ရှိကာ
နိုင်ငံခြားသို့သွားရောက် အလုပ်လုပ်ကိုင်သူဦးရေမှာ ၃
သန်းခန့်ရှိနေပြီဖြစ်ကြောင်း ခန့်မှန်းထားသည်။
နယ်မှ ရန်ကုန်မြို့တွင် လာရောက်လုပ်ကိုင်သူအများစု၏ အဓိက အခက်အခဲများမှာ ရန်ကုန်၌ နေထိုင်မှုစရိတ်ကြီးမြင့်ခြင်း၊ အင်္ဂလိပ်စာနှင့် ကွန်ပျူတာအပါအ၀င် အခြားသက်ဆိုင်ရာသင်တန်းများ တက်ရောက်နေရပြီး အသုံးစရိတ် မလောက်ငခြင်းတို့က ၎င်းတို့အတွက် အလုပ်အကိုင်မရရှိပါက ရန်ကုန်တွင်ဆက်လက်နေထိုင်ရန် ခက်ခဲနေဦးမည်ဖြစ်သည်။
ထို့ကြောင့် အချို့သောလူငယ်များက မြို့တော်ရန်ကုန်မှ စိန်ခေါ်မှုများကို
မဖြေရှင်းနိုင်ဘဲ လက်ပြနှုတ်ဆက်ပြီး မိမိနေရပ်ရှိ မိဘလက်ငုတ်လက်ရင်း
လုပ်ငန်းများကိုသာ ပြန်လည်လုပ်ကိုင်မှုများလည်းရှိသည်ဟု မြတ်မင်္ဂလာပညာဒါန စာသင်ကျောင်းမှ ဆရာတော်က မိန့်ကြားသည်။
ထို့အပြင် နယ်မှတက်လာပြီး အဆက်အသွယ်မရှိသည့် လူငယ်ထုအတွက် ရန်ကုန်မြို့၌
တရားဝင် ဖွင့်ခွင့်ပေးထားသည့် ပြည်တွင်း အလုပ်အကိုင်ရှာဖွေရေးအေဂျင်စီများမှာ ၎င်းတို့အတွက် အလုပ်အကိုင်ရရှိရန်အကူအညီတစ်ခုဟု
ထင်မှတ်ထားသော်လည်း အလုပ်ရရှိလျှင် ပေးအပ်ရသည့် ၀န်ဆောင်ခနှုန်းထားမှာ
၎င်းတို့အတွက် အခက်အခဲတစ်ခုလည်း ဖြစ်သည်။ အလုပ်စတင်ရရှိပါက ပထမဆုံးလ၏
လခထက်ဝက်ကျော်ကို အေဂျင်စီအများစုက အကျိုးဆောင်ခအဖြစ် ရယူနေကြကြောင်း
ရန်ကုန်မြို့တွင် အေဂျင်စီ တစ်ခုမှရှာဖွေပေးပြီး အလုပ်အကိုင်ရရှိခဲ့သည့်
အမျိုးသမီးတစ်ဦးက ပြောသည်။
“လခက နှစ်သိန်းဆို တစ်သိန်းကို အေဂျင်စီက ယူတယ်။ မပေးချင်ပေမယ့်လည်း ပေးရတာပေါ့။ ကိုယ့်မှာ အဆက်အသွယ်
မှ မရှိတာ။ အေဂျင်စီတွေကြောင့်ပဲ နယ်ကလူတွေ အဆက်အသွယ်မရှိဘဲ
အလုပ်အကိုင်တွေရသွားကြ တာတွေလည်း ရှိပါတယ်” ဟု အထက်ပါအမျိုးသမီးက ပြောသည်။
ဆယ်စုနှစ်ပေါင်း မြောက်မြားစွာအကြာ မြန်မာနိုင်ငံမှာ ကမ္ဘာ့အင်အားကြီးစီးပွားရေးနိုင်ငံများနှင့် နှုတ်ဆက်ချိန်တို့၏ နိဂုံးအပြီး လက်ဝါးချင်းရိုက်၊ ကျောခြင်းကပ်ကာ စီးပွားရေးဆိုင်ရာအခွင့်အလမ်းသစ်များ
ဖန်တီးရန်နိုင်ငံခြားသား ကုမ္ပဏီများကပေးမည့် အခွင့်အရေးသစ်များကို
အလုပ်အကိုင်မရရှိသေးသည့် ယင်းလူငယ်များက စောင့်ဆိုင်းလျက်ရှိသည်။
လက်ရှိတွင် အစိုးရမှ ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှုများကြောင့် အလုပ်အကိုင်အခွင့်အလမ်းပေါင်း
ခြောက်သောင်းကျော်ကို ဖန်တီးပေးနိုင်ခဲ့ကြောင်း ဒုတိယသမ္မတ
ဒေါက်တာစိုင်းမောက်ခမ်းက အခမ်းအနားတစ်ခုတွင် ပြီးခဲ့သည့်လက
ပြောကြားခဲ့ဖူးသည်။
အလုပ်အကိုင်အခွင့်အလမ်းပေါင်း မြောက်မြားစွာဖြင့် တည်ရှိနေသည့် ရန်ကုန်မြို့၌ လုပ်ငန်းခွင်မှ လိုအပ်သည့် အရည်အချင်း၊ လုပ်ငန်းခွင်အတွေ့အကြုံတို့နှင့်
အလုပ်လျှောက်ထားသူတို့၏ အရည်အချင်းပိုင်း ကွဲလွဲမှုများကြောင့် ယခုလို
အခက်အခဲများနှင့် ရင်ဆိုင်နေရဆဲဖြစ်သည်ဟု အိုင်တီကုမ္ပဏီတစ်ခုမှ
လူ့စွမ်းအားအရင်းအမြစ် မန်နေဂျာတစ်ဦးက သုံးသပ်သည်။
ထို့ကြောင့် လူဦးရေခြောက်သန်းကျော် နေထိုင်ပြီး စီးပွားရေးလုပ်ငန်းပေါင်းမြောက်မြားစွာ ရှိသည့် ရန်ကုန်မြို့၏ လုပ်ငန်းဌာနအသီးသီးတွင် ကျွမ်းကျင်လုပ်သားပေါင်းမြောက်မြားစွာ လိုအပ်လျက်ရှိသည်။ ယင်းလိုအပ်ချက်အတွက် နယ်မှတက်လာပြီးသည့် လူငယ်ထုကသာ ကဏ္ဍအများစုတွင် ဖြည့်ဆည်းပေးလျက်ရှိသော်လည်း ထပ်မံပြီး အလုပ်အကိုင်ရရှိရန် နေရာအသစ်၊ အခွင့်အလမ်းသစ်များ ဖန်တီးပေးရန် လိုအပ်နေသေးကြောင်း ယင်းလူငယ်တို့က ဆိုသည်။
“ဘယ်လောက်ပဲ အခွင့်အရေးသစ်တွေလာလာ ကျွန်တော်တို့အတွက်တော့ ခက်ခဲနေသေးတယ်”
ဟု အသက်၂၀ ကျော်အရွယ်ရှိ ကိုရန်နိုင်စိုးက ညည်းတွားပြောဆိုသည်။ ရန်ကုန်၏
နွေနေပူထဲက တိုးဝင်ဖြတ်သန်းလာသည့် လေပူကြီးကို ရှူရှိုက်ရင်း နွေရာသီတွင်
ခုလိုအချိန် သူတို့ရွာက လက်ပံပွင့်တွေကြားမှ တိုးဝင်လာသည့် လေပြည်အေးကို
သူလွမ်းမောနေမိသည်။
သို့သော် မြို့ပြစရိုက်သဘာဝကို အားကျခဲ့သည့် ကိုရန်နိုင်စိုးတစ်ယောက် မြို့ပြတွင် ဆက်လက်နေထိုင်နိုင်ရေးအတွက် ညနေတွင် ချိန်းဆိုထားသည့် ကုမ္ပဏီတစ်ခု၏ အလုပ်ခေါ်အင်တာဗျူးအတွက် သူရင်တွေခုန်နေမိတာတော့ အမှန်ပင်။
သို့သော် ယခုကဲ့သို့ အင်တာဗျူးမျိုးမှာ သူ့အတွက်အဆန်းတော့မဟုတ်
တစ်နှစ်ကျော်အတွင်း ခုနစ်ကြိမ်မြောက်လည်း ဖြစ်ခဲ့ပါပြီ။ ။
ရေးသားသူ-မိုးညို၊ အေးမြတ်သူ
No comments:
Post a Comment