Wednesday, February 20, 2013

ကိုယ်ကျိုးသာရှာနေသည့်၊ ရှာခဲ့ကြသည့် မြန်မာ့တပ်မတော်က စစ်ဗိုလ်ချုပ်တွေ

graphical counter(မိုးဇေညိမ်းရေးပါသည်)

ကျွန်တော်သည် ကိုယ်ကျိုးသာရှာနေသည့်၊ ရှာခဲ့ကြသည့် မြန်မာ့တပ်မတော်က စစ်ဗိုလ်ချုပ်တွေကို စက်ဆုပ်မိသည်။

ဘာကြောင့်လဲဆိုတော့ တစ်ကိုယ်ကောင်းသိပ်ဆန်လွန်းကြ၍ ဖြစ်သည်။ ကိုယ်ကျိုးအတွက်သာ ကြည့်ကြသည်။ တပ်မတော်ကြီး ကောင်းရာကောင်းကျိုးဟု အမည်နာမတပ်၊ ဘန်းပြကာ ကိုယ့်မိသားစု၊ ကိုယ့်ဆွေမျိုးကောင်းရာကောင်းကျိုး အတွက် ရှာကြံကြသည်။ ကိုယ်ကျိုးအတွက်သာ ကြည့်သော အဘများက ကိုယ်ကျိုးအတွက်သာ ကြည့်သော အစ်ကိုကြီးကို မွေးထုတ်ပေးကြသည်။ ကိုယ်ကျိုးအတွက်သာကြည့်သော အစ်ကိုကြီးများက ကိုယ်ကျိုးအတွက်သာကြည့်သော ညီလေးများဖြစ်အောင် ထုဆစ်ရိုက်သွင်းပေးလိုက်ကြသည်။ တို့ဗိုလ်ချုပ်တွေ ကိုယ်ကျိုးမရှာပါဘူးလို့ ငြင်းလိုပါသလား။ အငြိမ်းစားယူသွားပြီဖြစ်သော၊ ကွယ်လွန်အနိစ္စရောက်ကုန်ပြီဖြစ်သော၊ လက်ရှိအမှုထမ်းဆဲဖြစ်သော ဗိုလ်ချုပ်တွေနှင့် သူတို့မိသားစုတွေ ပိုင်ဆိုင်ထားကြသော စည်းစိမ်များသည် မိုးပေါ်ကကျလာခြင်းမဟုတ်ပါ။ ၁၉၈၈ ခုနှစ်မတိုင်မီက ဗိုလ်ချုပ်သန်းရွှေ၏ ပိုင်ဆိုင်မှုနှင့် ၂၀၁၃ ခုနှစ် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ ပိုင်ဆိုင်မှုတို့ကို ယှဉ်ထိုးကြည့်နိုင်ပါသည်။ ကိုယ့်မိသားစုကောင်းစားရေးသာ ဖန်တီးခဲ့သော စစ်ဗိုလ်ချုပ်များကြောင့် မြန်မာ့လွတ်လပ်ရေးကို တိုက်ယူပေးခဲ့သော တပ်မတော်သည်လည်း ဇာတ်ပျက်သွားခဲ့ရသည်။

ကျွန်တော်နှင့်သိသော စစ်သားအိုကြီးတစ်ယောက်…..။

အသက် (၆၀) ပြည့်လို့ အငြိမ်းစားယူသည်။ စစ်သက်က (၄၂) နှစ်အတွင်း လက်မောင်းပေါ်မှာ အရစ်လေးတွေသာ တိုးခဲ့သည်။ လုပ်စားကိုင်စား ခွင်ကောင်းရတဲ့ဌာနတွေမှာ အချိန်တွေကုန်ခဲ့ပေမဲ့ ဆန္ဒကို သိက္ခာနဲ့မလဲခဲ့။ လစာ (၁၀၀၀) ၀န်းကျင်နဲ့လည်း မိသားစုဘ၀ကို ရပ်တည်နိုင်ခဲ့သည်။ လစာတွေတိုးတော့ သူပိုပြီး ပျော်သည်။ သူအငြိမ်းစားယူတော့ နိုင်ငံတော်က ပေးတဲ့မြေကွက်လေးတစ်ကွက်၊ ထိုမြေကွက်လေးပေါ်ရှိ အိမ်လေးတစ်လုံး၊ ပင်စင်လစာ နှင့် လုပ်သက်ဆုကြေးငွေ သိန်းလေးဆယ်ကျော်လောက် လက်ထဲကျန်ခဲ့သည်လို့ ကြားရတော့ ကျွန်တော်ဝမ်းသာမိသည်။ ဒီလိုဆိုတော့လည်း နိုင်ငံတော်က ၀န်ထမ်းတွေအပေါ် သိတတ်သားပဲပေါ့။ ထိုဝမ်းသာမှုက ကြာကြာမခံပါ။

နိုင်ငံတော်ကပေးသော မြေကွက်ပေါ်တွင် ဆောက်ထားသည့် ပျဉ်ထောင်အိမ်ခနော်နီ ခနော်နဲ့လေးအတွက် ကုန်ကျစရိတ်အဖြစ် ငွေသိန်းငါးဆယ်ကျော်၊ ခြောက်ဆယ်နီးပါးကို ဆောက်လုပ်ရေးကုမ္ပဏီထံသွင်းရမည်ဟု ဆိုသည်။ ယိုင်တိုင်တိုင်အိမ်စုတ်လေးကိုကြည့်ပြီး ဒီအိမ်လေးဆောက်တာ သိန်း(၆၀) တောင်ကုန်တယ်လား ဟု တွေးမိပြီး ကျွန်တော် မင်သက်သွားမိသည်။ သူနှင့်အတူ တပြိုင်တည်း အငြိမ်းစားယူသည့် အခြားသော စစ်သားအိုကြီး အယောက် (၁၀၀) ကျော်ထံသို့လည်း “ဘယ်နေ့ဘယ်ရက် နောက်ဆုံးထား၍ ထိုငွေများကို သွင်းရန်၊ မသွင်းနိုင်ပါက မြေနှင့်အိမ်ကို သိမ်းဆည်းမည်” ဟု ဆောက်လုပ်ရေးကုမ္ပဏီမှ စာပို့လာသည်။ လုပ်သက်ဆုကြေးငွေလေးကို တုံးလုံးစာ၊ အိုစာမင်းစာမသုံးရသည့်အပြင် နောက်ထပ် ငွေ (၁၀) သိန်းလောက် အိတ်စိုက်ရတော့မည်။ ထိုငွေ (၁၀) သိန်းကို ဘယ်ကသွားရှာရမည်နည်း။

“တပ်မတော်ကအကြီးအကဲဆိုတဲ့သူတွေကို အသနားခံကြည့်ပါလား” ဟု ကျွန်တော်အကြံပေးမိသည်။ ကျွန်တော်နှင့်သိသော၊ ရင်းနှီးသော အရာရှိတွေဆီ မေးကြည့်မိသည်။ ရလဒ်ကတော့ စစ်ထောက်ချုပ်ဆိုလား၊ စစ်ရေးချုပ်ဆိုလား … အဲဒီလူကြီးနှင့် သူ၏ ကိုယ်ကျိုးသာကြည့်သော လက်အောက်အရာရှိများက ဆောက်လုပ်ရေး ကုမ္ပဏီများနှင့် စည်းဝါးရိုက်ထားသည်။ ဆောက်လုပ်ရေးကုမ္ပဏီတွေက တောင်းဆိုတဲ့အတိုင်းသာ လုပ်ပေးလိုက်ပါ၊ မိမိတို့အနေဖြင့် ဘာမှမတတ်နိုင်ဟု တာဝန်ရှိသူဟုဆိုသူများက ပြောကြပါသည်။ အငြိမ်းစား စစ်သားအိုကြီးတွေအတွက် ခနော်နီခနော်နဲ့ အိမ်လေးတွေဆောက်ပြီး မတန်တဆဈေးနဲ့တောင်းနေတာကို မသိကျိုးကျွံပြုဖို့အတွက် ဆောက်လုပ်ရေးကုမ္ပဏီတွေက ဘယ်လောက်တောင်ပေးထားပါလိမ့်လို့ ကျွန်တော်စဉ်းစားမိသည်။ စစ်ဗိုလ်ချုပ်များသည် ကိုယ်ကျိုးသာကြည့်၍ တပ်မတော်ကို သစ္စာရှိခဲ့ကြသော စစ်သားများအပေါ်တော့ ပြန်ကြည့်ဖို့ ပျက်ကွက်ခဲ့သည်။ ဆောက်လုပ်ရေးကုမ္ပဏီတွေနှင့်စည်းဝါးရိုက်ကာ လုပ်စားနေသည့် အရာရှိငယ်တစ်ယောက်က စူပါဆလွန်းကနေ တိုယိုတာဖင်ကောက်ပြောင်းစီးဖို့ ဈေးစုံစမ်းနေသည့်အချိန်တွင် ထိုစစ်သားအိုကြီးတွေခမျာတော့ နေစရာဘုံပျောက်မည့်အရေးအတွက် ခေါင်းမီးတောက်နေရသည်။

ဒယာ= သနားကြင်နာတတ်ခြင်း၊ ကိုယ်ချင်းစာတတ်ခြင်းဟူသည့် နာယကဂုဏ်ကိုပင် မသိပဲ နာယကတွေ လုပ်နေကြသည်။ ခေါင်းဆောင်ကောင်းတစ်ယောက်၏ အင်္ဂါရပ်တို့ တစိုးတစိမျှမရှိပဲ ခေါင်းဆောင်ဖြစ်နေသူတွေကို အကြီးအကဲဟု မသတ်မှတ်နိုင်ပါ။ ထို့ကြောင့် ကျွန်တော်သည် ကိုယ်ကျိုးသာရှာနေသည့်၊ ရှာခဲ့ကြသည့် မြန်မာ့တပ်မတော်က စစ်ဗိုလ်ချုပ်တွေကို မုန်းတီရွံရှာမိပါသည်။
‎(မိုးဇေညိမ်းရေးပါသည်)

No comments: