Thursday, February 21, 2013

မသန်စွမ်းကျောင်းသူ မစုပုံချစ် သြစတြေးလျတက္ကသိုလ် ပညာသင်ဆုရရှိ

graphical counterတော်လိုက်တာ ...

သာမန်လူတစ်ဦးသာ သူ့နေရာမှာဆို ၁၉၈၀ - ၉၀ ၀န်းကျင်က ထီးမူနန်းဟန်ဆန်တဲ့ ဧရာဝတီမြစ်ဘေးက မြို့တော်ကြီးတစ်ခုရဲ့ ကျောင်းတော်ကြီးတစ်ခုကဆင်းတဲ့ အစ်ကို အစ်မ တွေ အကြိုက် ရေးခဲ့ကြ သားခဲ့ကြသလို (ကျောင်းအပြီး အလုပ်အကိုင် နဲ့ အနာဂတ်အလားအလာ ကလည်း မသေချာ၊ နိုင်ငံရေးအခြေအနေကလည်း စုတ်ပြတ်နေတဲ့အာဏာရှင်လက်အောက်မှာ ဆိုတော့ စိတ်ဓါတ်ကျပြီး ရေးကြသလို) ဗန်ဂိုးဆန်လှတဲ့ ထိတ်လန့်ဖွယ် အ၀ါရောင်တွေအကြောင်း၊ အားလ်စ် မြို့ရဲ့ ဂျုံခင်းတွေဆီက သေနတ်သံနဲ့အတူ ဝေါခနဲ ထပျံသွားတဲ့ ကျီးကန်းမည်းမည်းကြီးတွေ အကြောင်း၊ ဂိုဂန်ရဲ့ ငတ်ပြတ်တဲ့ မရေမရာ နေ့ရက်တွေ အကြောင်း၊ ကမ္ဘာဂြိုဟ်ဟာ သေးငယ်တဲ့အမှုန်အမွှားလေးသာဖြစ်လို့  အချိန်မရွေး ပေါက်ကွဲပျက်စီးသွားနိုင်ပုံအကြောင်း၊ ဖြစ်တည်မှုပဓါနတွေအကြောင်း၊ သေခြင်းတရားတွေအကြောင်း၊ လမ်းကြားအရက်ဆိုင်အိုလေးတွေ အကြောင်း၊ မသေချာမရေရာခြင်း နိယာမ (uncertainty)တွေအကြောင်း ... စတဲ့ မျက်ရည်စက်လက် နိုးမျှော်လင့်ချက် ဆန်ဆန် ၀တ္ထုတိုပုံစံတွေနဲ့သာ ဘ၀ကိုရေးခြယ်ဖို့ ထိုင်စဉ်းစားဖြစ်နေမလားပဲ။ (ဘ၀ကို ဒရွတ်တိုက်ကြီးပဲ ဆက်သွားဖြစ်မလားပဲ။)

ဒါပေမယ့် မစုပုံချစ်လို စိတ်ဓါတ်ခိုင်မာသူတွေကျတော့ ဟောသလိုပါ။ အောက်မှာ လင့်နှစ်ခုကို ကူးယူဖေါ်ပြလိုက်ပါတယ်။ ဖတ်ကြည့်ပြီး မုဒိတာ ပွားကြပါဦး။
---

သတင်း (၁)
=======
မသန်စွမ်းကျောင်းသူ မစုပုံချစ် သြစတြေးလျတက္ကသိုလ် ပညာသင်ဆုရရှိ

မသန်စွမ်းအမျိုးသမီးငယ်တစ်ဦးဖြစ်သည့် မစုပုံချစ်သည် သြစတြေးလျနိုင်ငံတွင် မဟာတန်းတက်ရောက်ရန် ပညာသင်ဆု ရရှိသည့်အတွက် ဖေဖော်ဝါရီ ၂၀ ရက်တွင် မြန်မာနိုင်ငံမှ ထွက်ခွာမည်ဖြစ်ကြောင်း သတင်းရရှိသည်။

မွေးရာပါ လက်နှစ်ဖက် မသန်စွမ်းဖြစ်ခဲ့သည့်အတွက် ခြေထောက်ဖြင့် စာရေးခဲ့သည့် မစုပုံချစ်အား ငယ်စဉ်ကပင် နိုင်ငံပိုင်မီဒီယာနှင့် ပုဂ္ဂလိကမီဒီယာများမှတစ်ဆင့် အများပြည်သူ ရင်းနှီးခဲ့သူတစ်ဦးလည်း ဖြစ်သည်။

၎င်းသည် ပြည်ပတက္ကသိုလ်တွင် ပထမဆုံးပညာသင်ဆုရရှိသည့် ပထမဆုံးသော မသန်စွမ်းတစ်ဦးဖြစ်ကြောင်း မစုပုံချစ်က ဂုဏ်ယူစွာပြောပြသည်။

“မြန်မာနိုင်ငံမှာ ဥပဒေတွေ၊ အခွင့်အရေးတွေ အရေးပါလာပြီ။ အဲဒီတော့ မသန်စွမ်းတွေရဲ့ ရပိုင်ခွင့်တွေ၊ အခွင့်အရေးတွေအတွက် ဦးဆောင်ပေးချင်လို့ အခုလို ကျောင်းသွားတက်ဖို့ ဆုံးဖြတ်တာဖြစ်ပါတယ်”ဟု ပြည်ပမထွက်ခွာမီ တစ်ရက်အလိုတွင် ၎င်းကပြောကြားသည်။

သူမ သွားရောက်ပညာသင်မည့် တက္ကသိုလ်မှာ သြစတြေးလျနိုင်ငံ ဆစ်ဒနီမြို့ရှိ New South Wales တက္ကသိုလ်ဖြစ်ပြီး Master of Policy Studies ကို ၁၈ လကြာ တက်ရောက်သင်ကြားမည်ဖြစ်သည်။

ယင်းကဲ့သို့ ပညာသင်ဆုရရှိရန် နှစ်နှစ်ဆက်တိုက် လျှောက်ထားခဲ့ခြင်းဖြစ်ပြီး ယခုအကြိမ်တွင်မှ ရွေးချယ်ခံရခြင်းဖြစ်ကြောင်း သိရသည်။

မစုပုံချစ်သည် တက္ကသိုလ်ဝင်တန်းကို ဂုဏ်ထူးလေးဘာသာဖြင့် အောင်မြင်ခဲ့ပြီး သတင်းနှင့် နည်းပညာအင်ဂျင်နီယာဘွဲ့ကို ရရှိခဲ့ကာ လက်ရှိတွင် သတင်းနှင့် နည်းပညာအင်ဂျင်နီယာ မဟာဘွဲ့သင်တန်းကို တက်ရောက်နေဆဲ ကျောင်းသူတစ်ဦးဖြစ်သည်။

လက်ရှိ တက်လက်စကျောင်းကို ရပ်နားခွင့်တင်ပြီး ပညာတော်သင်သွားမည်ဖြစ်ကာ ပြည်ပမှ ပြန်လည်ရောက်ရှိမှသာ နည်းပညာမဟာဘွဲ့သင်တန်းကို ဆက်လက်တက်ရောက်မည်ဖြစ်သည်။

အေးချမ်းမွန်(အဲဆာန်မန်) မှ7Day News Journalတွင်ပါရှိသော သတင်းကို မိတ်ဆွေများထံ ကူးယူမျဝေပေး ဖြင်းဖြစ်ပါသည်

သတင်း (၂)
=======
မသန်စွမ်းကျောင်းသူ မစုပုံချစ် မူဝါဒပိုင်းဆိုင်ရာ ဘာသာရပ် မဟာတန်း တက်ရောက်ရန် သြစတြေးလျနိုင်ငံသို့ လေကြောင်းခရီးဖြင့် ထွက်ခွာ
...................................................................................
သြစတြေးလျနိုင်ငံသို့ မထွက်ခွာမီ မစုပုံချစ်ကို မိဘများနှင့်အတူ တွေ့ရစဉ်
သြစတြေးလျနိုင်ငံ အစိုးရ၏ ရာနှုန်းပြည့် ပညာသင်ထောက်ပံ့မှုဖြင့် မသန်စွမ်းကျောင်းသူ မစုပုံချစ်သည် မူဝါဒပိုင်းဆိုင်ရာ ဘာသာရပ်အတွက် မဟာတန်း တက်ရောက်ရန် သြစတြေးလျနိုင်ငံသို့ ဖေဖော်ဝါရီ ၂၀ရက်နေ့ မွန်းလွဲက မြန်မာနိုင်ငံမှ လေကြောင်းခရီးဖြင့် ထွက်ခွာသွားကြောင်း သိရသည်။
သြစတြေးလျ အစိုးရက ပညာသင်ဆုကို ၂၀၁၀ တုန်းက Engineering ဘာသာရပ်နှင့် ပထမအကြိမ် လျောက်ခဲ့ရာ Shortlist သာ ပါခဲ့ပြီး အင်တာဗျူး မပါခဲ့ကြောင်း၊ ယင်းနောက် Master of Public Administration နှင့် Master of Policy Studies ကို လျောက်ခဲ့ရာ Master of Policy Studies ကို ရခဲ့ကြောင်း မစုပုံချစ်က ပြောသည်။၎င်းကပင် ''မူဝါဒပိုင်းနဲ့ ပတ်သက်တဲ့ ဘာသာရပ်ရှစ်ခုကို သင်ကြားရမယ်လို့ သိထားပါတယ်။ အဓိက မသန်စွမ်းတွေနဲ့ သက်ဆိုင်တဲ့ မူဝါဒတွေကို လေ့လာဖို့ပါ။ သမီးနဲ့အတူ အစ်မတစ်ယောက်လည်း လိုက်မှာဖြစ်ပြီး သူ့အတွက် နေထိုင်ဖို့ကိုလည်း အဲဒီအဖွဲ့ကပဲ ထောက်ပံ့သွားမှာပါ'' ဟု လေယာဉ်မထွက်ခွာမီ မင်္ဂလာဒုံ လေဆိပ်အတွင်းရှိနေသူ မစုပုံချစ်က ပြောသည်။
မစုပုံချစ်သည် မူဝါဒပိုင်းဆိုင်ရာ မဟာတန်းကို သြစတြေးလျနိုင်ငံ၊ဆစ်ဒနီမြို့ရှိ University of New South Wales တွင် တစ်နှစ်ရှစ်လကြာ ပညာသင်ကြားရမည်ဖြစ်သည်။ ၎င်းသည် မြန်မာနိုင်ငံရှိ မသန်စွမ်း ကျောင်းသား/သူများအနက် ပထမဆုံးအကြိမ် နိုင်ငံခြား ပညာသင်ဆု ရရှိခဲ့သူတစ်ဦးဖြစ်ပြီး ယခုလို မူဝါဒပိုင်းဆိုင်ရာ ဘာသာရပ်ကို သင်ကြားရခြင်းမှာ မသန်စွမ်းသူများ၏ ရပိုင်ခွင့်များ၊ ဥပဒေများကို သိရှိ နားလည်စေရန်၊ မသန်စွမ်းသူများ၏ အခွင့်အရေးများနှင့် ရပိုင်ခွင့်များကို လေ့လာရန်တို့ ပါဝင်ကြောင်း သိရသည်။
သြစတြေးလျနိုင်ငံ အစိုးရ၏ ရာနှုန်းပြည့် ပညာသင်ထောက်ပံ့မှု ရရှိမှုအပေါ် မစုပုံချစ်၏ မိဘများဖြစ်သူ ဒေါက်တာအုန်းကျော်နှင့် ဒေါ်ခင်ဆွေလဲ့ တို့ကလည်း ''သူများတွေ နိုင်ငံခြားမှာ ကျောင်းတက်နေတာတွေ မြင်တဲ့အခါမှာ သူ့အနေနဲ့ တက်ချင်စိတ်တွေ ဖြစ်ခဲ့ပေမယ့် မဖြစ်နိုင်ဘူးဆိုပြီး ပြောခဲ့ဖူးတယ်။ သူ့ရဲ့ ကြိုးစားမှုကြောင့် အခုလို ရလာတော့လည်း မိဘတွေအနေနဲ့ အတိုင်းမသိ ၀မ်းသာရတာပေါ့။ သူ့မှာ သူ့ထက် တစ်ဆင့်မြင့်တာကို လိုချင်တဲ့ ပညာလောဘ ရှိတာကြောင့်ရယ်၊ သင်ချင်တဲ့စိတ် ရှိတာကြောင့် ဒီလိုဖြစ်လာတာပါ'' ပြောပြခဲ့သည်။ 
ထို့ပြင် မစုပုံချစ်သည် ကိုယ်လက်အင်္ဂါ မပြည့်စုံသူ ဖြစ်သည့်နည်းတူ ပြည်ပတွင် ပညာသင်ယူရမည်ဆိုသည့် စိုးရိမ်စိတ်များ ရှိသော်လည်း စုပုံချစ်၏ အရည်အချင်းနှင့် သူမကိုယ်သူမ ယုံကြည်ချက် ရှိနေခြင်းကြောင့် မိဘများအနေဖြင့်လည်း အဆိုပါ အခက်အခဲများကို ရင်ဆိုင်နိုင်မည်ဟု ယုံကြည်ပါကြောင်း မစုပုံ ချစ်၏ မိဘများက ထပ်လောင်း ပြောပြကြသည်။ 
မွေးရာပါ လက်နှစ်ဖက်မှာ မသန်စွမ်းဖြစ်ခဲ့ပြီး ကိုယ်အင်္ဂါ မသန်စွမ်းသူတစ်ဦးဖြစ်သူ မစုပုံချစ်သည် စိတ်ဓာတ်မကျ၊ဘ၀ကို အရှုံးမပေးဘဲ စာပေပညာများ လေ့လာသင်ယူခဲ့ရာ ၂၀၁၀ခုနှစ်တွင် ရန်ကုန်အနောက်ပိုင်း နည်းပညာတက္ကသိုလ် (လှိုင်သာယာ)မှ B.Tech (IT) ဘွဲ့ရရှိခဲ့သည်။ ယင်းနောက် သတင်းနှင့် နည်းပညာ အင်ဂျင်နီယာ မဟာတန်း ပထမနှစ်ကို တက်ရောက်နေစဉ် ယခုလို ပညာသင်ဆု ရရှိခဲ့ခြင်းဖြစ်သည်။

အမည် မစုပုံချစ်
မွေးသက္ကရာဇ် ၅.၉.၁၉၈၉
မိဘအမည် ဒေါက်တာအုန်းကျော် (တိမွေးကုဆရာဝန်) +ဒေါ်ခင်ဆွေလဲ့
ဆယ်တန်းအောင်သည့်ခုနှစ် ၂၀၀၅ / သချာင်္၊ဓာတုဗေဒ၊ရူပဗေဒ၊ဇီဝဗေဒ
အမှတ်ပေါင်း ၄၇၉ ၊ အ.ထ.က (၃) လှိုင်သာယာ
ရရှိခဲ့သည့် ဘွဲ့များ B.Tech (IT) , B.E (IT)
ရရှိခဲ့သည့်ဆုများ စိတ်ဓာတ်ကြံ့ခိုင် ထူးချွန်ဆု (၂၀၀၁ခုနှစ် မြန်မာအမျိုးသမီးများနေ့အခမ်းအနား )
အထင်ပေါ်ဆုံး ကျောင်းသူဆု (၂၀၀၁ခုနှစ်၊ မြန်မာ့သွင်ပြင် အိုင်တီလူငယ့်အမြင်ပြပွဲ)
ဆယ်စုနှစ် ထူးချွန်ဆုကျောင်းသူ(၂၀၀၄ခုနှစ်)
ဌာနဆိုင်ရာ မသန်စွမ်းထူးချွန်ဆု (၂၀၀၅ခုနှစ် အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့)
ပထမတန်းမှ တက္ကသိုလ်ဝင်တန်းအထိ အတန်းစဉ် ဆုပေါင်း ၅၀ ကျော်
EMG

---
ယခုပို့စ်တင်သူ၏ ၀န်ခံချက်။ 
သတင်းများကို -
https://www.facebook.com/photo.php?fbid=416907488400790&set=a.329330483825158.78075.322396224518584&type=1&ref=nf
နှင့်
https://www.facebook.com/photo.php?fbid=3870681145451&set=a.3055985058558.100040.1831311223&type=1&ref=nf
မှ မူရင်းအတိုင်း ကူးယူဖေါ်ပြပါတယ်။
ပုံကိုတော့ အဲသည် လင့်နှစ်ခုက ပုံတွေကို ဆက်ထားတာ ဖြစ်ပါတယ်။
တော်လိုက်တာ ...

No comments: